ဘဝနေနည်း

ပျော်ရွှင်ခြင်း၏ ရန်သူ သို့မဟုတ် Overthinking

By Lei Lei Win Thant

March 19, 2022

ပျော်ရွှင်ခြင်း၏ ရန်သူ သို့မဟုတ် Overthinking – ကျွန်တော်က ငယ်ငယ်တုန်းက အရမ်းအားငယ်တတ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကို အမြဲတမ်းစဉ်းစားပြီး အားငယ်နေလေ့ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ ကျွန်တော် လူတွေနဲ့သိပ်ပြီးပြောဆိုဆက်ဆံမှု မရှိခဲ့ပါဘူး။ ပျော်ပွဲရွှင်ပွဲတွေ၊ ကျောင်းပွဲတွေလည်း ပါဝင်ဆင်နွှဲလေ့ မရှိပါဘူး။ လူတော သိပ်မတိုးရဲခဲ့တာပါ။ ကျွန်တော် ကျောင်းသွားရမှာလည်း အရမ်းကြောက်ခဲ့ပါတယ်။ စိတ်ထဲမှာ အမြဲအားငယ်နေတတ်ပါတယ်။ အတန်းရှေ့တစ်ခုခု ထွက်ပြောရတာမျိုးကို အမြဲတမ်း ရှောင်ရှားလေ့ရှိပါတယ်။ မဖြစ်မနေ ထွက်ပြောရရင်လည်း အမြဲစိတ်လှုပ်ရှားနေတတ်ပါတယ်။ ငါ့ကို သူများတွေ ဘယ်လိုမြင်မလဲဆိုတဲ့အတွေးက ကျွန်တော့်ငယ်ဘဝကို ဘောင်ခတ်အကျဉ်းချခဲ့ပါတယ်။

Overthinking (အတွေးလွန်ခြင်း)ဟာ ငယ်ဘဝတင် မဟုတ်ပါဘူး။ အသက်ကြီးလာတဲ့အထိ ဒုက္ခပေးပါတယ်။ တစ်ခါတလေ အတွေးလွန်သွားတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာမျိုးလည်း ခဏခဏ ကြုံခဲ့ရပါတယ်။ နောက်တော့ စာအုပ်တွေဖတ်ရင်း အဲဒီအချက်ကိုဖျောက်ဖို့ လိုလာပြီဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ကျွန်တော့်လိုပဲ အတွေးလွန်ပြီး ပျော်ရွှင်ခြင်းနဲ့ ကင်းဝေးနေသူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ တစ်စုံတစ်ခုလုပ်ခါနီးတိုင်း ငါလုပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာမျိုး တွေးတတ်ကြပါတယ်။ တစ်ခုခု အပြောင်းအလဲအသစ် လုပ်မယ်ဆိုရင်လည်း မှားသွားမှာ ကြောက်လေ့ရှိကြပါတယ်။

အတွေးလွန်ခြင်းဟာ ကောင်းကျိုးမပေးတတ်ပါဘူး။ တွေးသင့်သလောက် တွေးတာပဲ ကောင်းပြီး အသေးအဖွဲအရာတိုင်းကို အကြာကြီး အတွေးလွန်နေရင်တော့ ဒုက္ခသေးသေးလေးတွေဟာ ဒုက္ခကြီးကြီးမားမားတွေ ဖြစ်လာတတ်ပါတယ်။ အတွေးလွန်တဲ့အခါ များသောအားဖြင့် ဘယ်သူမှ ပျော်စရာကောင်းတဲ့ အတွေးတွေနဲ့ အတွေးမလွန်ကြပါဘူး။ များသောအားဖြင့် Negative အတွေးတွေပဲ အတွေးလွန်တတ်ကြပါတယ်။ အဲဒီလို အတွေးလွန်တဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် မချနိုင်တော့ပါဘူး။ အဲဒီလိုလူမျိုးတွေအတွက် ကျွန်တော် ကျင့်သုံးခဲ့တဲ့ နည်းလမ်းအချို့ကို ပြန်လည်မျှဝေချင်ပါတယ်။

ဘယ်အချိန်မှာ အတွေးလွန်နေပြီလဲ သိဖို့လိုမယ်

အတွေးလွန်ခြင်းကို မနှိမ်နင်းခင် မိမိ ဘယ်အချိန်မှာ အတွေးလွန်နေလဲ သိရပါမယ်။ မိမိဘာသာ အတွေးလွန်နေလားဆိုတာကို မသိရင် ကုသဖို့ မလွယ်ပါဘူး။ ဘယ်လိုအနေအထားမျိုးဆို မိမိ အတွေးလွန်နေပြီဆိုတာကို သိရပါမယ်။ စိုးရိမ်မှုတွေ များလာပြီး အတွေးတွေ လွန်လာပြီဆိုရင် မိမိကိုယ်ကို သတိပြုမိဖို့ လိုပါတယ်။

မှားသွားမှာထက် မှန်သွားရင် ဘာဖြစ်မလဲ တွေးပါ

များသောအားဖြင့် အတွေးလွန်ခြင်းကို အဓိကဖြစ်စေတဲ့ အချက်ဟာ အကြောက်တရားဖြစ်ပါတယ်။ အဲဒီအကြောက်တရားကို ပိုပြီးလောင်ကျွမ်းစေတဲ့လောင်စာကတော့ မိမိလုပ်လိုက်ရင် ဘာမှားသွားမလဲဆိုတဲ့အတွေးပါ။ အဲဒီအတွေးကို တွေးရင်းနဲ့ မှားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ မြင်ယောင်လာပါလိမ့်မယ်။ အဲဒီအခါမှာ အကြောက်တရားက ပိုမိုကြီးထွားလာပါလိမ့်မယ်။ ဒီတော့ နောက်တစ်ခါ သင် အတွေးလွန်နေပြီလို့ ခံစားမိရင် အဆိုးတွေ တွေးနေတာကို ရပ်လိုက်ပါ။ အဲဒီလိုတွေးမယ့်အစား ဘာတွေများ အမှန်တွေ ဖြစ်လာနိုင်မလဲကို ခေါင်းထဲ ထည့်ပါ။

ဥပမာ လူ ၂၀ လောက် ပရိသတ်ရှိတဲ့ ဟောပြောပွဲလေး တစ်ခုကို သင် သွားတယ်ဆိုပါစို့။ သင် အရမ်းစိတ်ဝင်စားတဲ့ ဟောပြောပွဲလေးဖြစ်ပြီး ဟောပြောပွဲပြီးချိန်မှာ သင့်ခေါင်းထဲ အရမ်းမေးချင်နေတဲ့ အရာလေးတစ်ခုရှိနေတယ်။ ဟောပြောပွဲကို လာပြီး ဟောပြောနေတဲ့သူကလည်း တကယ့်ကို နာမည်ကြီးသူ၊ အောင်မြင်နေသူ၊ သင် လေးစားရသူတစ်ယောက်ဖြစ်နေတယ်။ သူကလည်း မေးခွန်း မေးချင်သူတွေ ရှိလားလို့ ပြောလိုက်တယ် ဆိုပါစို့။ သင် မေးချင်နေတဲ့မေးခွန်းကို မေးဖြစ်မယ်ထင်လား။ များသောအားဖြင့် မြန်မာလူငယ်တွေထဲမှာ မမေးရဲတဲ့သူတွေ ရှိတတ်ကြပါတယ်။ ကျွန်တော်လည်း အရင်က မမေးရဲခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် မေးရဲအောင် လေ့ကျင့်ယူခဲ့ပါတယ်။ ကျွန်တော် မေးမယ့် မေးခွန်းဟာ ဟောပြောနေသူ သို့မဟုတ် အခြားနားထောင်နေသူတွေအတွက် ရယ်စရာများ ဖြစ်နေမလားလို့ ကျွန်တော် တွေးပြီး ကြောက်ခဲ့ရဖူးပါတယ်။ နောက်တော့ ကျွန်တော် အတွေးတွေ ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော် စဉ်းစားတာက –

ကျွန်တော် မမေးရင် ဒီအခွင့်အရေး နောက်ဘယ်တော့ရမလဲ ကျွန်တော် မသိတော့ဘူး။ ကျွန်တော် အိမ်ပြန်တဲ့လမ်းမှာ နောင်တတွေ ရနေလိမ့်မယ်။

  1. ကျွန်တော် တစ်သက်လုံး ဒီလိုပဲ ကြောက်တတ်တဲ့လူ တစ်ယောက် ဖြစ်သွားလိမ့်မယ်။
  2. ကျွန်တော် မေးလိုက်လို့ အခြားသူတွေက ရယ်ခဲ့ရင်လည်း အဲဒီလူတွေနဲ့ နောက်နေ့ ပြန်တွေ့ဖို့ မရှိတော့ဘူး။ ပြန်တွေ့ဖို့ ရှိရင်တောင် သူတို့က နေ့တိုင်း ရယ်နိုင်မှာလား။ သူတို့ ရယ်ခြင်း၊ မရယ်ခြင်းကရော ကျွန်တော့်ဘဝ တိုးတက်မှုနဲ့ သက်ဆိုင်နေလို့လား။
  3. ကျွန်တော် စိတ်ထဲကနေ တစ် နှစ် …သုံး ရေလိုက်တယ်။ သုံး…ရောက်တဲ့အချိန်မှာ ကျွန်တော် လက်ထောင်ပြီး ပထမဆုံးအကြိမ် မေးဖြစ်ခဲ့တယ်။

ကျွန်တော် မေးတဲ့မေးခွန်းကို ဟောပြောနေသူကလည်း သေချာ ပြန်ဖြေခဲ့တယ်။ ဘယ်သူမှလည်း မရယ်ကြပါဘူး။ ကျွန်တော့်စိတ်ထဲ တော်တော့်ကို ပျော်သွားခဲ့တယ်။ နောက်တော့ အဲဒီအကျင့်လေး ကျွန်တော် ရလာတယ်။ ဘယ်တော့မဆို မရှင်းတာရှိရင် မေးရဲလာတယ်။ အဲဒီအချက်က အသေးအဖွဲလေးလို့ သင် ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ အဲဒီအချက်ဟာ ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုပါ။ အဲဒီအချက်ကြောင့် ကျွန်တော် ကောင်းကျိုးများစွာ ရခဲ့တယ်။ ဗဟုသုတများစွာ ရခဲ့တယ်။ ပြောရဲဆိုရဲရှိလာခဲ့တယ်။ အရင်လို အမြဲကြောက်ပြီး ရှက်နေတဲ့သူ မဟုတ်တော့ဘူး။ ကျွန်တော် ကျင့်သုံးခဲ့တာက ရှင်းရှင်းလေးပါ။ “မှားသွားမှာထက် မှန်သွားရင် ဘာဖြစ်မလဲ တွေးခဲ့တာပါ။”

ပြီးပြည့်စုံခြင်းကို စောင့်စားမနေပါနဲ့

အပေါ်မှာ ပေးခဲ့တဲ့ဥပမာကိုပဲ ပြန်ကိုးကားပါမယ်။ ကျွန်တော် မေးမယ့်မေးခွန်းဟာ မှန်တဲ့မေးခွန်းဖြစ်ပါ့မလား၊ လူတိုင်း သဘောကျမယ့် မေးခွန်းဖြစ်ပါ့မလား၊ ဖြေဆိုသူရော ကြိုက်တဲ့မေးခွန်းဖြစ်ပါ့မလား၊ ကျွန်တော်ကရော တကယ်မေးခွန်းမေးဖို့ အရည်အချင်းရှိရဲ့လား စတာတွေသာ လိုက်တွေးနေရင် ကျွန်တော် မေးခွန်း ဘယ်တော့မှ မေးဖြစ်တော့မှာ မဟုတ်ပါဘူး။ အခွင့်အလမ်းက သင့်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရင် အဲဒီအခွင့်အလမ်းနဲ့တွေ့ဖို့ သင် ထိုက်တန်လို့ပါ။ အဲဒီအခွင့်အလမ်းကို ရယူနိုင်ခြင်း၊ မယူနိုင်ခြင်းကတော့ သင့်အပေါ်ပဲ မူတည်ပါလိမ့်မယ်။ လူ ၂၀ လောက်ရှိတဲ့ ဟောပြောပွဲမှာ သင်ဟာ နားထောင်နေသူတွေထဲက တစ်ယောက်ဖြစ်ပြီး ဟောပြောနေသူက သင့်ကို “မေးခွန်းမေးစရာ ရှိရင် မေးနိုင်ပါတယ်” လို့ မေးတာဟာ အခွင့်အလမ်းတစ်ခု သင့်ရှေ့ကို ရောက်လာခြင်းပါ။ အဲဒီအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ခြင်း မကိုင်နိုင်ခြင်းက သင့်အပေါ်ပဲ မူတည်ပါတယ်။ ပြောနေတုန်း တစ်ချိန်လုံး အိပ်ငိုက်နေခဲ့တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ တစ်ချိန်လုံးလည်း နားထောင်နေခဲ့တယ်။ တကယ်သိချင်တဲ့မေးခွန်းလည်း ရှိတယ်။ သူကလည်း မေးခွန်းမေးဖို့ အခွင့် အရေးပေးတယ်။ အဲဒါဆိုရင်တော့ မေးသာမေးပါ။ အဲဒီလိုအခွင့်အရေး နောက်တစ်ခါရဖို့ မလွယ်ပါဘူး။ ပြီးပြည့်စုံတဲ့အချိန်ကို စောင့်စားမနေပါနဲ့။ နှစ်ယောက်တည်း တွေ့မှ မေးမယ်၊ နောက်တစ်ခါတွေ့မှ မေးမယ်၊ ဒီထက် လူနည်းတဲ့ဟောပြောပွဲကျမှ မေးမယ် စတာတွေ စဉ်းစားမနေပါနဲ့။

အကြောက်တရားကိုမြင်တဲ့ရှုထောင့် ပြောင်းလဲပါ

ဘာလို့ကြောက်တာလဲ ဆိုတဲ့ မေးခွန်းကို သင့်ကိုယ်သင် ပြန်ပြီး မေးကြည့်ပါ။ အရင်တုန်းက မအောင်မြင်ခဲ့ဖူးလို့လား၊ အရင်တုန်းက ကျရှုံးခဲ့ဖူးလို့လား၊ အရင်တုန်းက မအောင်မြင်ခဲ့လို့သာ ဆက်ပြီး မလုပ်ကြေးဆိုရင် အက်ဒီဆင် မီးလုံးကို တီထွင်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ သူသာ ကြောက်တတ်တဲ့သူဆိုရင် ပထမတစ်ကြိမ်၊ နှစ်ကြိမ် ကျရှုံးတာနဲ့ သူ အရှုံးပေးသွားခဲ့မှာပါ။ လူသားပီပီ ကြောက်တာ၊ တွန့်ဆုတ်တာ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောက်တရားထဲ မျောပြီး ပါမသွားဖို့ အရေးကြီးပါတယ်။ အကြောက်တရားဟာ အခွင့်အရေးတစ်ခုနဲ့ နီးကပ်လာချိန်မှာ ဖြစ်တတ်တဲ့အရာလို့ သဘောထားပါ။ ပြီးရင် အတွေးမလွန်ပါနဲ့တော့။ လုပ်သင့်တာကို လုပ်ပါ။

အနာဂတ်ကို အတိအကျခန့်မှန်းလို့ မရဘူး

အနာဂတ်ကို သင် အတိအကျ မသိနိုင်ပါဘူး။ လက်ရှိအချိန်လေးမှာ အနာဂတ်အတွက် စိုးရိမ်ပူပန်နေတာဟာ တကယ်တော့ အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ။ မရောက်တောင် မရောက်သေးတဲ့ အနာဂတ်၊ ကိုယ်အသက်ရှင်နေဖို့ ၁၀၀ ရာခိုင်နှုန်း မသေချာတဲ့ အနာဂတ်ကို တွေးပြီး စိုးရိမ်နေတာဟာ သင့်ကို ရှေ့ရောက်စေမှာ မဟုတ်ပါဘူး။ တကယ်တမ်း အာရုံစိုက်ရမယ့်အရာက လက်ရှိလုပ်နေတဲ့ အရာပါ။ ပြီးတော့ ဒီနေ့လုပ်ရမယ့်အရာပါ။ အဲဒီအရာအားလုံးကိုသာ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ကြိုးကြိုးစားစား လုပ်ရင် အနာဂတ်ဆိုတာ အလိုလိုပုံပေါ်လာပါလိမ့်မယ်။ အနာဂတ်ဟာ တိုက်တစ်လုံးဆိုရင် သင် အသက်ရှူနေတဲ့စက္ကန့်တိုင်းဟာ အုတ်ချပ်တွေ၊ သဲပွင့်တွေ ဖြစ်ပါတယ်။ တိုက်တစ်လုံးဆောက်ဖို့အရေး တွေးပူနေရုံနဲ့ သင့်ဆီကို အုတ်တွေ၊ သဲတွေ အလိုအလျောက် ရောက်လာမှာ မဟုတ်ပါဘူး။ တွေးသင့်သလောက် တွေးလို့ရပါတယ်။ ဒါပေမဲ့ အတွေးမလွန်ပါစေနဲ့။

အကောင်းဆုံးကြိုးစားပြီးရင် နောင်တမရနဲ့

တစ်စုံတစ်ခုကို မိမိက အကောင်းဆုံး ကြိုးစားပြီးသွားပြီဆိုရင် နောင်တမရပါနဲ့။ မိမိ တတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီပဲ။ မိမိလုပ်နိုင်တာ အကုန်လုပ်ခဲ့တဲ့အတွက် လိပ်ပြာလုံပါ။ လောကကြီးမှာ အရာအားလုံးကို သင် မထိန်းချုပ်နိုင်ပါဘူး။ သင် ထိန်းချုပ်နိုင်တဲ့ အကောင်းဆုံး ဆောင်ရွက်ခြင်းဆိုတဲ့အရာကို သင် လုပ်ခဲ့ပြီးပြီပဲ။ ကျန်တာကို ခေါင်းထဲ မထည့်ပါနဲ့။ သင် လုပ်ခဲ့တာကို နောင်တရနေတာမျိုး ရှက်နေတာမျိုးလည်း မဖြစ်ပါစေနဲ့။ မလုပ်ခင်မှာ အတွေး မလွန်သင့်သလို လုပ်ပြီးရင်လည်း အတွေးမလွန်သင့်ပါဘူး။

သင့်ကိုယ်သင် စကားပြောတတ်ပါစေ

နေ့တိုင်းနေ့တိုင်း လူတွေနဲ့ စကားပြောကြရတယ်။ ဒါပေမဲ့ တကယ်တမ်း အခြားလူတွေနဲ့ ပြောရတဲ့စကားလုံးအရေအတွက်က မိမိကိုယ်ကို ခေါင်းထဲမှာ ပြန်ပြောတဲ့စကားလုံးအရေအတွက်နဲ့ယှဉ်ရင် နည်းနည်းလေး ရှိပါတယ်။ ညဘက်အိပ်မပျော်ခင်အချိန်အထိ ကိုယ့်ကိုယ်ကိုယ် စကားပြောကြပါတယ်။ ခေါင်းထဲမှာ အခု ဒီစာဖတ်နေရင်းနဲ့တောင် သင် စကားပြောနေပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ တစ်မိနစ်တိုင်း လူအများစုဟာ စာလုံးရေ ၁၅ဝ ကနေ ၂၀၀ ကြား ခေါင်းထဲမှာ ပြောနေကြပါတယ်။ သင် ခံစားနေရတာတွေ တော်တော်များများက သင် တကယ်ခံစားနေရတာ မဟုတ်ဘဲ သင့် အတွေးတွေက ပုံဖော်ထားတာတွေ ဖြစ်နေတတ်ပါတယ်။

ရှင်းသွားအောင် ဥပမာပြောရရင် သင်က သင်တန်းတစ်ခုတက်တယ်။ ဆရာက သင့်ကို စင်ပေါ်မှာ သို့မဟုတ် အတန်းရှေ့မှာ စကားပြောဖို့ ဖိတ်ခေါ်လိုက်တယ်။ အဲဒီအချိန် ခဏလေးအတွင်းမှာ သင့်ခေါင်းထဲမှာ စကားတွေ အများကြီးပြောနေပါပြီ။ ငါ လုပ်ရဲမှာမဟုတ်ဘူး၊ ငါ အမှားတစ်ခုခုလုပ်တော့မယ်၊ ငါ မသွားရဲဘူး၊ ငါ ပြောတာမှားရင် လူတွေ ရယ်တော့မယ် စသဖြင့် ဗြောင်းဆန်သွားတတ်ပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာတောင် စကားလုံးအရေအတွက်က မနည်းပါဘူး။ ဒါပေမဲ့ တကယ် အဲဒါတွေ ဖြစ်နေပြီလားဆိုတော့ မဖြစ် သေးပါဘူး။

နောက်တစ်ခု ဥပမာ ထပ်ပေးပါ့မယ်။ သင်က သရဲ အရမ်းကြောက်တတ်တယ်။ ညဘက် ပြန်လာမယ်။ အရင်ရက်တွေတုန်းက ပြန်လာတာ ဘာမှမဖြစ်ဘူး။ ကြောက်လည်းမကြောက်ဘူး။ တစ်နေ့ကျတော့ သင့်သူငယ်ချင်းက အဲဒီလမ်းထောင့်မှာ တစ်ခါတရံ သရဲခြောက်တယ်ဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီည ပြန်တော့ သင် အရမ်းကြောက်နေတယ်။ ဘာကြောင့်လို့ သင် ထင်ပါသလဲ။ အဲဒီအကြောင်း ကြားပြီးကတည်းက သင့်ခေါင်းထဲမှာ စကားတွေ ပြောနေပါပြီ။ ဒါကြောင့် အဲဒီနေရာရောက်တော့ တကယ်ပဲ သရဲ ရှိသယောင်ယောင် သင် အရမ်းကြောက်သွားတယ်။ နောက်နေ့ကျတော့ သင့်သူငယ်ချင်းက ငါ နောက်လိုက်တာပါကွာ ဆိုပြီး ပြန်ပြောတယ်။ အဲဒီတော့မှ သင်လည်း ကြောက်စိတ်ပြေပြီး နောက်နေ့ပြန်တော့ ပုံမှန်ပြန်ဖြစ်သွားတယ်။ ဒီအဖြစ်အပျက်မှာ အခြားဘယ်နေရာမှ ပြောင်းလဲမသွားဘူး။ သင့်စိတ်တစ်ခုပဲ ပြောင်းလဲသွားတာ။ သင့်ကိုယ်သင် ပြောတဲ့စကားတွေကြောင့် သင့်စိတ်က ပြောင်းလဲသွားတာ။ ငါ ကြောက်နေတယ်၊ ငါ ကြောက်နေတယ် ဆိုတဲ့စကားတွေက သင့်ကို အောက်ဆုံးအထိ ဆွဲခေါ်သွားခဲ့တာပါ။ အဲ့ဒါကြောင့် ကြောက်သွားခဲ့တာပါ။ တကယ်သရဲရှိလို့ မဟုတ်ပါဘူး။ အဲဒီသရဲက သင့် စိတ်ထဲမှာ သင့်ဘာသာ ဖန်တီးလိုက်တာဖြစ်ပါတယ်။

သင့်ရဲ့အတွေးတွေကို အထင်မသေးပါနဲ့။ သင့်ရဲ့ အတွေးတွေမှာ ပါဝါတွေ ရှိနေပါတယ်။ သင့်အတွေးတွေနဲ့ သင့်ဘဝဟာလည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒါကြောင့် Overthinking ဆိုတဲ့အရာကို မမွေးမြူမိပါစေနဲ့။ ကိုယ့်မှာ အဲဒီအကျင့်ရှိနေရင်လည်း ရအောင် ဖျောက်ပါ။

“သင့်ဘဝမှာ သင့်ကိုယ်သင် စကားပြောတဲ့ပမာဏလောက် ဘယ်သူ့ကိုမှ စကားပြောဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုယ်သင် ကြင်ကြင်နာနာ ပြောဆိုပါ အမည်မသိ

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline