ဘဝနေနည်း

အတိတ်ထဲက ထွက်ခဲ့ပါ

By Lei Lei Win Thant

March 18, 2022

အတိတ်ထဲက ထွက်ခဲ့ပါ –

“ဘယ်တော့မှ အတိတ်ထဲ ပိတ်မိနေတဲ့ အကျဉ်းသား မဖြစ်ပါစေနဲ့။ အတိတ်ဆိုတာ သင်ခန်းစာတစ်ခုပဲဖြစ်ပြီး၊ သင့်ကို တစ်သက်တစ်ကျွန်း ထောင်ချလိုက်တာ မဟုတ်ပါဘူး” အမည်မသိ

အတိတ်…အတိတ်…အတိတ်… စကားလုံးကသာ တိုတာ အမှတ်တရတွေက အများကြီးပဲ။ ကျွန်တော်တို့လူသားတွေကလည်း ခက်တော့ ခက်သား။ ကောင်းတဲ့အတိတ်တွေကိုသာ ခက်ခက်ခဲခဲ ပြန်စဉ်းစားကြရတာ၊ မကောင်းတဲ့အတိတ်တွေက တကူးတကကြီး၊ စဉ်းစားစရာမလိုဘဲ ခေါင်းထဲမှာ ပေါ်လာလေ့ရှိတယ်။ တွေတွေဝေဝေ ငေးငေးမောမောနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတွေ အများစုက အဲဒီအတိတ်တွေက မထွက်နိုင်သူတွေဖြစ်နေတာကိုလည်း ကျွန်တော်သတိထားမိခဲ့တယ်။

အတိတ်ဆိုတာ မတွေးမိရင် ကွယ်ပျောက်သွားပြီဖြစ်တဲ့အရာ တစ်ခုပါ။ အတိတ်ဆိုတာ မတည်ရှိတော့ပါဘူး။ ဒါဆို အတိတ်က ဘာလို့ဒီလောက်တောင် ပါဝါရှိနေရတာလဲလို့ သင် မေးကောင်းမေးနိုင်ပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ သင်ကိုယ်တိုင် မရှိတော့တဲ့ အတိတ်ကို ခဏခဏ ပြန်ခေါ်ပြီး သင့်ရဲ့ခေါင်းထဲမှာ နေရာပေးထားလို့ပါ။ အတိတ်ကို မြှောက်စားထားတဲ့အတွက် အတိတ်ကလည်း သင့်ကိုပြန်ပြီး ပါဝါပြနေခြင်း ဖြစ်ပါတယ်။ အတိတ်တွေကို မေ့ချင်ရင် ပထမဆုံး လုပ်ရမှာက အတိတ်ကို ပါဝါမပေးဖို့ပါ။ အရင်ဆုံး သင် ဘာလို့အတွေးတွေ များနေရသလဲဆိုတာ ပြန်စဉ်းစားပါ။ အဓိက အကြောင်းအရင်းက တွေးဖို့ အချိန်ပိုတွေ များနေလို့ပါ။ ဒီတော့ မိမိကိုယ်ကို အလုပ်ပေးဖို့ လိုပါတယ်။ ကျွန်တော့်ဘဝမှာလည်း နာကျင်ခဲ့ရဖူးတဲ့ အခိုက်အတန့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီ အတိတ်တွေကို မေ့ဖို့ အလုပ်တွေ ပိုကြိုးစားခဲ့ပါတယ်။ ဘယ်လောက် တောင် ကြိုးစားသလဲဆိုရင် စနေ၊ တနင်္ဂနွေတောင် ရုံးကိုသွားပြီး အလုပ်သွားလုပ်ပါတယ်။ ရုံးကိုလာပြီး ရုံးက အလုပ်လည်း နည်းနည်း ကူရင်း မိမိဝါသနာပါတဲ့ ဘလော့ရေးတာကိုလည်း လုပ်မည်ဖြစ်ကြောင်း မန်နေဂျာကို ခွင့်တောင်းခဲ့ပါတယ်။ မန်နေဂျာက သြစတြေးလျနိုင်ငံသားဖြစ်ပြီး ကြည်ကြည်ဖြူဖြူကို ခွင့်ပြုခဲ့ပါတယ်။ မိမိမှာ အားတဲ့အချိန်များလေ အဲ့ဒီအတိတ်တွေက ခေါင်းထဲ ရောက်လာလေလေပါပဲ။ ဒါ့ကြောင့် မိမိဝါသနာပါတဲ့အရာတွေကို စနေ၊ တနင်္ဂနွေတိုင်း အွန်လိုင်းမှာ သင်ယူပါတယ်။ မအိပ်မနေ ကြိုးစားတာမျိုးတော့ မဟုတ်ပါဘူး။ ကျန်းမာရေးကလည်း ပျော်ရွှင်ခြင်းရဲ့ အဓိကအကြောင်းအရင်းထဲမှာ ပါနေတာ သိလို့ ကျန်းမာရေးထိခိုက်အောင်တော့ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အားတဲ့အချိန် အရမ်းမရှိအောင်တော့ မိမိကိုယ်ကို အလုပ်ပေးခဲ့ပါတယ်။ ဒဏ်ရာတော့ အရှင်းမပျောက်ပေမယ့် အနာကို ခဏခဏတော့ သွားမကုတ်မိတော့ဘူးပေါ့။ အချိန်ကြာလာတာနဲ့အမျှ မိမိအလုပ်မှာလည်း ပိုမိုထူးချွန်လာပြီး အတိတ်ကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ပါတယ်။ အခု စာရေးနေချိန်မှာဆို အဲ့ဒီအတိတ်တွေအတွက် လုံးဝဝမ်းမနည်းတော့ပါဘူး။ ဘဝက ပန်းခင်းတဲ့လမ်းမှ မဟုတ်တာ။ အတိတ်က နာကျင်စရာတွေဟာ ပန်းတိုင်ဆီလျှောက်တုန်း ခလုတ်တိုက်တာနဲ့ အတူတူပါပဲ။ ဒဏ်ရာကြီးတာနဲ့ သေးတာပဲ ကွာပါတယ်။ ဒါပေမဲ့ ထိုင်ငိုနေဖို့ အချိန်မရှိပါဘူး။ ဘဝက သင့်ကို အဲ့ဒီလောက် အချိန်တွေအများကြီး မပေးထားပါဘူး။ ဆိုးရွားတဲ့အတိတ်တွေထဲက ထွက်ချင်ရင်တော့ အောက်က အချက်လေးတွေ လိုက်လုပ်ကြည့်ပါ။

အတိတ်ကို ပါဝါမပေးနဲ့

ဒီအချက်ကတော့ ရှင်းပါတယ်။ အပေါ်မှာ ကျွန်တော့်အဖြစ် အပျက်နဲ့ ဥပမာပေးထားပါတယ်။ အတိတ်ဆိုတာ သူ့အကြောင်း တွေးလေလေ သူက စွမ်းအားပိုကြီးလာလေလေပါပဲ။ ဒီတော့ အတိတ်အကြောင်း မတွေးမိအောင် မိမိကိုယ်ကို အလုပ်ပေးပါ။ အားလပ်ချိန် အရမ်းများရင် တွေးဖို့အချိန် ပိုရလေ့ရှိပါတယ်။ တွေးဖို့ အချိန်ပိုရရင် အတိတ်က သင့်ခေါင်းထဲ အလည်ပြန်လာပါလိမ့်မယ်။ ဒါ့ကြောင့် အလုပ်ပိုလုပ်ပါ။ ကျန်းမာရေး ထိခိုက်တဲ့အထိ မလုပ်မိအောင်သာ ထိန်းပါ။

အခြားသူအပေါ် အပြစ်တင်တာ ရပ်လိုက်ပါတော့

ကိုယ့်အပေါ် တစ်စုံတစ်ယောက်က သစ္စာဖောက်သွားလို့၊ ကိုယ်က ရိုးသားလျက်နဲ့ သူက မရိုးသားလို့၊ ကိုယ့်အပေါ် အသုံးချသွားလို့ စသဖြင့် တွေးပြီး ထိုသူကို နာကြည်းနေတာ ဖျောက်လိုက်ပါ။ “ငါလေးက တော်တော်သနားဖို့ကောင်းတာပဲ” ဆိုတဲ့ မိမိကိုယ်ကို သနားနေခြင်းကိုလည်း ဖျောက်လို်ပါ။ လောကကြီးမှာ အရာရာဟာ သင် ဖြစ်စေချင်သလို ဖြစ်မှာမဟုတ်ပါဘူး။ သူတစ်ပါးကို ထိန်းချုပ်လို့ မရပါဘူး။ သင့်ကို တစ်ခါဒုက္ခပေးပြီးသွားတဲ့အရာက ဆက်ဒုက္ခပေးနေသေးတယ်ဆိုရင် သင် အကြိမ်ကြိမ် ရှုံးသလို ဖြစ်နေနေလိမ့်မယ်။ တစ်ကြိမ်ပဲ အရှုံးခံပါ။ အဲဒီဆိုးရွားတဲ့အတိတ်အတွက် ခေါင်းထဲ ပေးထားရတဲ့နေရာ နှမြောဖို့ကောင်းပါတယ်။ သူများအပေါ် အပြစ်တင်မဆုံးဖြစ်နေရင် ကိုယ်လည်း ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ပါဘူး။ တစ်ခါတလေ ခွင့်လွှတ်လိုက်ခြင်းဟာ အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်နေတတ်ပါတယ်။

ပစ္စုပ္ပန်ကို အချိန်ပေးကြည့်ပါ

လက်ရှိအချိန်တွေရဲ့တန်ဖိုးကိုမေ့ထားတာများ ကြာနေပြီလား။ သင် မေ့နေရင် သတိပေးပါရစေ။ သင့်ဘဝမှာ သင် အပိုင်ဆုံးအရာက အခုအသက်ရှူနေတဲ့အခိုက်အတန့်လေးပါ။ အတိတ်ဆိုတာ သင့်ရဲ့ အတွေးထဲမှာသာ တည်ရှိတော့ပြီး အနာဂတ်ဟာလည်း မရောက်ရှိသေးပါဘူး။ သင် ဘယ်လောက်အထိ အသက်ရှည်မယ်ဆိုတာလည်း သင် မပြောနိုင်ပါဘူး။ သင် ပျော်ရွှင်မှုတွေ ပြန်ရချင်တယ်ဆိုရင် ယခုကစပြီး ပျော်ဖို့လိုပါလိမ့်မယ်။ ယခုလက်ရှိအချိန်ဟာ သင် အပိုင် ဆုံးအချိန်ဖြစ်ပါတယ်။ လက်ရှိပိုင်ဆိုင်နေတဲ့အချိန်လေးတွေမှာ ဘဝကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်ထားကောင်းကောင်းလေးနဲ့ ဖြတ်သန်းပါ။ အတိတ်တွေကို ချက်ချင်းမေ့ပစ်ဖို့တော့ မလွယ်ပါဘူး။ အတိတ်တွေက အခါအားလျော်စွာ ခေါင်းထဲ ပြန်ဝင်လာတတ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါ ခါးခါးသီးသီးဖြစ်ဖို့ မလိုပါဘူး။ ခေါင်းထဲပြန်ဝင်လာတာကို အသိအမှတ်ပြုပါ။ ဒါပေမဲ့ ဖြည်းဖြည်းချင်း အဲဒီအတိတ်ကို မောင်းထုတ်ပါ။ ဥပမာ “ဘာမှမဖြစ်ပါဘူး…ဒါက အတိတ်ပါပဲ။ ရှိတော့တာမှ မဟုတ်တာ။ အခု ငါ ပျော်ရွှင်ဖို့ ငါ ကြိုးစားနေပြီပဲ… ငါ့ရဲ့အနာဂတ်ကိုပဲ ငါ အာရုံစိုက်မယ်” ဆိုတာမျိုး မိမိကိုယ်ကို ပြောပေးပါ။

အမှိုက်ရှင်းမှ အနံ့အသက် ကောင်းမယ်

ဦးနှောက်ဟာ အခန်းတစ်ခန်းနဲ့တူပြီး အတိတ်ဆိုးတွေဟာ အမှိုက်နဲ့တူပါတယ်။ အတိတ်ဆိုးတွေကို မထုတ်နိုင်သရွေ့ ဦးနှောက်ထဲမှာ ညစ်ညူးစရာတွေပဲ ရှိနေမှာပါ။ အခုအချိန်ကစပြီး “ငါ့ခေါင်းထဲက အမှိုက်တွေကို ရှင်းတော့မယ်” လို့ ဆုံးဖြတ်လိုက်ပါ။ ဦးနှောက်ထဲမှာ နာကျင်စရာတွေ၊ အဆိုးမြင်စရာတွေပဲ ရှိနေရင် သင့်ဘဝထဲ ကောင်းတာတွေ ဝင်လာဖို့ အခန်းလွတ်ရှိတော့မှာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့အရာတွေ ဝင်လာနိုင်ဖို့ သင့်ဦးနှောက်ထဲက အမှိုက်တွေကို ရှင်းထုတ်ဖို့ လိုပါတယ်။ ဒီနေ့ကစပြီး အမှိုက်တွေစရှင်းပါတော့။ ဒီစာကိုဖတ်နေတဲ့ သင့်မှာ ဝမ်းနည်းစရာအတိတ်တွေ၊ နာကျင်စရာအတိတ်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ တစ်ခါတလေ သင် ခံစားရဖူးတဲ့ဒဏ်ရာလောက် ပြင်းတဲ့ဒဏ်ရာမျိုး ဘယ်သူမှ ခံစားဖူးမှာ မဟုတ်ဘူးလို့ သင် တွေးကောင်းတွေးနိုင်ပါတယ်။ သင် ခံစားဖူးတဲ့ ဒဏ်ရာမျိုးနဲ့ ထပ်တူကျတဲ့ဒဏ်ရာတွေတော့ အခြားသူတွေမှာရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာလည်း မတူညီတဲ့အတိတ်ဒဏ်ရာတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအတိတ်တွေကို မတူးဆွမိလောက်အောင် မိမိကိုယ်ကို အလုပ်ပေးရင်း ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သင် အတိတ်ထဲကနေ ထွက်နိုင်လာပါလိမ့်မယ်။ အခုအချိန်အထိ အတိတ်ထဲက ရုန်းမထွက်နိုင်သေးတဲ့အထဲမှာ သင် ပါနေရင် ဒီနေ့ကစပြီး ရုန်းထွက်ဖို့ ကြိုးစားပါတော့။ မိမိကိုယ်ကို အလုပ်ပေးပါ။ အလုပ်တွေ ပိုကြိုးစားပါ။ သူများတွေကိုလည်း ကူညီပါ။ တဖြည်းဖြည်း သင် အတိတ်တွေဆီကနေ သေချာပေါက်လွတ်မြောက် သွားပါလိမ့်မယ်။ သင့်ခေါင်းထဲမှာ အရေးကြီးဆုံး မှတ်ထားဖို့က

“အတိတ်ဆိုတာ ပြန်မတွေးရင် မတည်ရှိတော့ပါဘူး

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline