ဘဝနေနည်း

အထီးကျန်တာ အရမ်းတော့ မဆန်းပါ

By Lei Lei Win Thant

March 24, 2022

အထီးကျန်တာ အရမ်းတော့ မဆန်းပါ – တစ်ခါတလေ အရမ်းအထီးကျန်တယ်လို့ ခံစားဖူးလား။ တစ်ခါတလေ လောကကြီးမှာ ကိုယ့်ကို နားလည်ပေးနိုင်သူ ရှိများရှိရဲ့လားလို့ သံသယဝင်ဖူးလား၊ တစ်ခါတလေ ဘာလုပ်လို့လုပ်ရမှန်း မသိဘဲ တစ်ယောက်တည်း အထီးကျန်ဖူးလား၊ ကိုယ် ဘာတွေမှားနေလို့ အထီးကျန်နေရတာလဲရော တွေးဖူးလား။ အဲဒီအတွေးတွေ အားလုံး သင် တွေးဖူးရင် သင်က ပုံမှန်လူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ လူတိုင်းနီးပါး အဲဒီလိုခံစားဖူးတတ်ကြပါတယ်။ လူတွေဟာ တစ်ယောက်တည်းရှိတဲ့အချိန်၊ အထီးကျန်တဲ့အချိန်မှာ ပျော်ရွှင်စရာတွေ တွေးခဲကြပါတယ်။ ကိုယ့်ကို တဖြည်းဖြည်း ဆွဲချသွားမယ့်အတွေးတွေကိုပဲ တွေးကြလေ့ရှိပါတယ်။ ဒါပေမဲ့ အတွေးတွေထဲ မပါသွားဖို့ အရေးကြီးပါတယ်။ အထီးကျန်တာ မဆန်းပါဘူး။ ဒါပေမဲ့ အထီးကျန်မှုကို အကျယ်ချဲ့ပြီး တွေးနေရင်တော့ သင့်အတွက် အန္တရာယ်ရှိပါတယ်။

အထီးကျန်လာရင် ဘာလုပ်သင့်လဲ

ဒီနေရာမှာ သူများ ရေးထားတဲ့အရာတွေ ကျွန်တော် အကြံပေးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် တကယ်ကျင့်သုံးတဲ့အရာတွေပဲ အကြံပြုပေးသွားမှာပါ။ အထီးကျန်လာရင် ပထမဆုံးတွေးရမှာက အထီးကျန်ခြင်းဟာ သာမန်အဖြစ်အပျက်တစ်ခုဆိုတာပါပဲ။ အထီးကျန်တာကို ပုံကြီးချဲ့ပြီး “ငါလေးဟာ တော်တော်သနားစရာလေးပဲ။ ငါလေးရဲ့ဘဝဟာ သူများတွေနဲ့ မတူပါလား” ဆိုတာမျိုး စဉ်းစားတဲ့ အဆင့်ကို မရောက်ပါစေနဲ့။ ကမ္ဘာပေါ်မှာ အထီးကျန်တဲ့သူတွေ များစွာရှိပါတယ်။ သင်တစ်ယောက်တည်းမှ ကွက်ဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုရင် အဲဒီအတွေးကို အမြန်ဆုံး ဖျောက်ပါတယ်။ တစ်ခုတော့ အကြံပေးမယ်။ အိပ်ရာထဲမှာ လှဲနေပြီး ဖျောက်ဖျက်ဖို့လည်း မကြိုးစားပါနဲ့။ အလွမ်းသီချင်းတွေ နားထောင်ပြီး ဖျောက်ဖျက်ဖို့လည်း မကြိုးစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းကြီး မသနားပါနဲ့။ ဒုတိယအချက်အနေနဲ့ လုပ်ရမှာက အာရုံလွှဲဖို့ပါ။ ကိုယ် အထီးကျန်နေတာ သိပြီဆိုရင် အကျိုးရှိမယ့်အရာတစ်ခုခု၊ အာရုံလွှဲနိုင်မယ့်အရာတစ်ခုခုကို လုပ်ပါ။ အဝတ်လျှော်လို့ရတယ်။ အဝတ်လျှော်ရင်း သီချင်းပါဆိုလို့ ရသေးတယ်။ အိမ်သန့်ရှင်းရေး လုပ်လို့ရတယ်။ ကြမ်းတိုက်လို့ရတယ်။ အလုပ်ရှိရင်လည်း အလုပ်လုပ်လို့လည်း ရပါတယ်။ တတိယအချက်က မိမိရဲ့ပျော်ရွှင်မှုအတွက် တာဝန်ရှိသူဟာ မိမိပဲ ဖြစ်တယ်ဆိုတာ သတိရပါ။ ပိုက်ဆံတွေ ချမ်းသာပြီး အထီးကျန်နေတဲ့သူတွေ အများကြီးပဲ။ လူတွေအများကြီးကြားထဲမှာ နေလျက်နဲ့ အထီးကျန်နေတဲ့သူတွေလည်း အများကြီးပဲ။ ပျော်ရွှင်ဖို့ဆိုတာ မိမိနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။ သင့်ရဲ့ခေါင်းထဲမှာ အထီးကျန်တဲ့အတွေးတွေ မထားမိပါစေနဲ့။ အတွေးတွေက တဖြည်းဖြည်းဆိုးလာရင် သင် ပိုပြီးအထီးကျန်လာနိုင်ပါတယ်။

“သင့်ဘဝရဲ့ အချိန်တော်တော်များများကို သင့်ရဲ့ ခေါင်းထဲမှာပဲ နေထိုင်နေတာပါ။ ဒါကြောင့် သင့်ရဲ့ခေါင်းဟာ နေချင့်စဖွယ်နေရာလေး ဖြစ်နေပါစေ” အမည်မသိ

အပေါ်က ကျွန်တော် ပြောခဲ့တဲ့အရာတွေ တကယ့်လက်တွေ့ဘဝမှာ အလုပ်ဖြစ်လားလို့မေးရင် တကယ်ကို အလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် အထီးကျန်ရင် အလုပ်တွေ ပိုကြိုးစားပါတယ်။ စာအုပ်တွေ ဖတ်တယ်။ စာတွေ လေ့လာပါတယ်။ Energy Transform လုပ်တတ်ဖို့ပဲ လိုပါတယ်။ အထီးကျန်တာကို အင်အားတစ်ခုအဖြစ် ပြောင်းလဲပြီး ရှေ့ကို လျှောက်နိုင်ခဲ့ပါတယ်။ ပိုပြီးလည်း ပျော်ရွှင်လာခဲ့ပါတယ်။ ကျွန်တော် အကြံပေးလိုက်လို့ ကောင်းကျိုးရသွားတဲ့သူတွေလည်း အများကြီးပါပဲ။ အချို့လည်း သိလျက်နဲ့ မပြင်တဲ့သူတွေ ရှိပါတယ်။ လူတစ်ယောက်ဟာ သိရုံနဲ့မလုံလောက်ပါ ဘူး။ သိခြင်းတစ်ခုတည်းက စွမ်းအားမဟုတ်ပါဘူး။ သိခြင်းကို ဘဝမှာ လက်တွေ့တပ်ဆင်အသုံးပြုတတ်မှသာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ရုံနဲ့ မပြီးပါဘူး။ ဒီစာအုပ်ဖတ်နေရင်း သင်ပြောင်းလဲဖို့ လိုတယ်လို့ ထင်နေတဲ့အရာတွေရှိရင် အခုပဲ ပြောင်းလဲလိုက်ပါ။ နောက်မနက်မှ လုပ်မယ်၊ နောက်နေ့မှ လုပ်မယ်၊ နောက်လမှ လုပ်မယ်၊ နောက်နှစ်မှ လုပ်မယ်တွေ ဆင်ခြင်မပေးပဲ သင့်ရဲ့ဦးနှောက်ကို သန့်ရှင်းရေး စတင်လုပ်ပါ။ သင့်ကို အထီးကျန်စေတဲ့အတွေးတွေကို မောင်းထုတ်ပါ။ ဘဝမှာ လူတစ်ယောက်ရှိမှ သို့မဟုတ် အရာဝတ္ထုပိုင်ဆိုင်မှု တစ်ခုခုရှိမှ ပျော်ရွှင်မယ်လို့ မသတ်မှတ်ထားပါနဲ့။ ကိုယ့်ရည်မှန်းချက်ဆီကိုလျှောက်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။ ကိုယ့်စိတ်ကိုလည်း ဂရုစိုက်ပါ။ သင် အများဆုံးနေထိုင်တဲ့ သင့်ရဲ့စိတ်ထဲက အခန်းလေးကို နံစော်နေတဲ့နေရာတစ်ခု မဖြစ်ပါစေနဲ့။ အမွှေးအကြိုင်နဲ့တူတဲ့ အတွေးတွေ ဖြန်းပက်ထားပါ။ Single ဘဝပဲရောက်ရောက်၊ Couple ဘဝပဲရောက်ရောက် သင့်ပျော်ရွှင်မှုက သင့်လက်ထဲမှာပဲ ရှိပါတယ်။ ဒီတော့ ရောက်နေတဲ့အရပ်မှာ ပျော်အောင်နေဖို့ ကြိုးစားပါ။

“တစ်ယောက်တည်းရှိနေတဲ့အခါ သင့်အတွေးတွေကို ဂရုစိုက်ပြီး လူတွေနဲ့ ရှိနေတဲ့အခါ သင့်စကားလုံးတွေကို ဂရုစိုက်ပါ” အမည်မသိ

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline