ရသ

Life And Bus

By HapEye.net

June 11, 2020

ရှင်သန်နေတဲ့ ကျွန်တော်တို့ အားလုံး ဘတ်စ်ကားစီးနေကြတာပါ။

အဲနေ့က မှတ်တိုင်မှာ ကျွန်တော်ရပ်နေခဲ့တယ်။ ကျွန်တော်နဲ့ အတူတူ လိုက်တက်မယ့်သူတွေကလည်း အများကြီးပါလား။ ကားကလည်း လူတွေ ပြည့်ကျပ်လို့။ စိတ်ပျက်စရာ….။

“ခရီးကလည်း ဝေးလိုက်တာ။ တစ်လမ်းလုံး ငါရပ်နေရတော့မှာလား။ ဒီလူတွေကလည်း အခုထိကို မထနိုင်ဘူး။ ဟာ…ထိုင်နေတဲ့ အဖိုးကြီးက ငါ့ကို ကြည့်နေသေးတယ်ကြည့်စမ်း။ သနားသလိုလိုနဲ့။ စောရောက်လို့ နေရာရနေတာများ… အဆန်းလုပ်ပြီး မာန်တက်နေသေးတယ်။ ဟိုလူ မိုက်ရိုင်းတာကြည့်စမ်း။ ထိုင်ဖို့အတွက်ကို အတင်းတိုးနေတယ်။ အရှက်ကို မရှိဘူး။ ဒီတစ်ယောက်က စိတ်ကောင်းရှိသားပဲ။ အထုပ်တွေနဲ့လူကို ကိုင်ပေးတယ်။ ဟာ…ဒီငနဲက ကောင်းလှချည်လား။ ဘာမှလည်း မဆီမဆိုင်နဲ့ သူ့နေရာကို ပေးလိုက်ရော။ ဟိုလူက တစ်မျိုးပဲ။ နေရာရတာတောင် မထိုင်ရှာဘူး။ အင်း…ဒရိုင်ဘာဘေးက ခုံက လွတ်နေတယ်။ ထိုင်တော့ ထိုင်ချင်ပါရဲ့။ ငါ့ကို ဘယ်လိုများ ထင်သွားကြမလဲ။ ငါ တော်တော် ဖင်လေးနေတယ် ထင်သွားဦးမယ်။ ဟိုလူက ဆင်းသာဆင်းသွားရတယ်။ ထိုင်တောင် မထိုင်လိုက်ရရှာဘူး။ ဒီတစ်ယောက်ကတော့ ထိုင်လို့ တော်တော်ကောင်းပုံရတယ်။ သိပ်မထချင်သလိုဘဲ။

ကဲ…တော်တော်များများလည်း  ဆင်းသွားကြပြီ။ ငါလည်း နေရာရပြီ။ ဟာ…. ငါ့ဘေးကကောင်က ဘာလဲဟ။ ချဉ်စုတ်စုတ်နဲ့……ရုပ်ကလည်းထောင့်မကျိုးဘူး။ နောက်တစ်ယောက်က ဂေါက်သီးလားဟ။ သီချင်းတွေ ဆိုလို့။ ဟူး…..ဟိုမိန်းမကြီးကတော့ ထိုင်နေရတာတောင် စိတ်မချမ်းသာရှာဘူး။ သူ့မျက်နှာက ပုပ်သိုးနေတာပဲဟ။ ငါ့ရှေ့ကကော ဘာကောင်လဲဟ။ တော်တော် ထိုင်ချင်နေပုံပဲ။ မျက်နှာက မသက်မသာနဲ့။ အခုမှ တက်လာပြီးတော့။ ရဦးမယ်….အားကြီးကြီး။ ငါတောင် အကြာကြီးစောင့်ခဲ့ရတာ။ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူး။

အင်း…..သီချင်းဆိုနေတဲ့ တစ်ယောက်တောင် ဆင်းသွားရှာပြီလေ။ သူမရှိတော့လည်း တိတ်ဆိတ်လို့ ခြောက်ကပ်ကပ်ကြီး ဖြစ်သွားပါလား။

ဟူး…..ရာသီဥတုကလည်း ပူလိုက်တာ။ လူတွေကလည်း တအားကျပ်လို့။ ပြတင်းပေါက်ဘေးခုံလေးက ကောင်းလိုက်တာ။ လေကလည်း တဖြူးဖြူးတိုက်လို့။ အဲ့နေရာလေး ရရင် တော်တော်ကောင်းမှာပဲ။

ဟာ…ဘယ်လိုတောင်လား။ ငါတောင်ဆင်းရဖို့ သိပ်မလိုတော့ပါလား။ မဆင်းခင် ပြတင်းပေါက်လေးဘေးမှာ လေလေး တဖြူးဖြူးကို ခံစားချင်လိုက်တာ။

အင်း…..ငါမရလောက်တော့ပါဘူး။ ငါဆင်းရတော့မယ်။ ငါ့နေရာကိုလည်း ပေးခဲ့ရတော့မယ်။ လေတိုက်တဲ့ အရသာကိုလည်း မခံစားခဲ့ရပါလား။ ချဉ်တူးတူးနဲ့ ကောင်ကိုလည်း ထားခဲ့ရတော့မယ်။ စူပုပ်နေတဲ့ မိန်းမကြီးကိုလည်း နှုတ်ဆက်ရတော့မယ်။ အရာအားလုံးက ခါးသီးလွန်းလှပါတကား။

နောက်ဆုံးတော့….

ငါ…ဆင်းခဲ့ရပါပြီ။ ငါ့မှတ်တိုင်ကို ရောက်ရှိသွားခဲ့ပြီလေ။”

Written by Swan Htet (HapEye.Net)