ပညာရေး

Learn Together, Win Together ⇒ Learning English ( Part 8 )

By HapEye.net

January 22, 2020

Learn Together, Win Together ⇒ Learning English ( Part 8 ) ~~~~ မင်္ဂလာပါ ခင်ဗျာ။ Learn Together Win Together အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ မိတ်ဆွေတို့တွေ Vowels sound တွေကို လေ့လာနေကြပါတယ်။ နောက် Section တစ်ခုကို မတက်ခင် Reading Skill ပတ်သက်ပြီးတော့ ဆွေးနွေးကြရအောင် ခင်ဗျာ။

Learning English with all our Heart (Part 8=>Read Read Read…)

ကျွန်တော်တို့တွေ အင်္ဂလိပ်ဂျာနယ်တွေ၊ ဝတ္ထုစာအုပ်တွေကို ဟန်ကျကျ ဖတ်ချင်ကြပါတယ်။ အင်္ဂလိပ်စာကို လေ့လာနေတဲ့သူဆိုရင် အနည်းဆုံး အင်္ဂလိပ် ဘာသာနဲ့ ပုံပြင်တစ်အုပ်လောက်တော့ ရှိမှာပါ။

ဖတ်ရတာ ဘယ်လိုနေပါသလဲ…။ ဒါကလည်း အမျိုးမျိုး ကွဲပြားမှာပါ။ လေ့လာမှု အတိမ်အနက်အရရော၊ ဖတ်တဲ့စာအုပ်ရဲ့ level အရပါ ကွဲပြားနိုင်ပါတယ်။

အကောင်းဆုံးကတော့ ကိုယ့်ထက် level တစ်ဆင့်လောက်မြင့်တာကို ရွေးချယ် ဖတ်ခြင်းပါပဲ။ ကိုယ့်အတွက် အရမ်းခက်ခဲနေရင်လည်း မကောင်းသလို အရမ်းလွယ်ကူနေတာလည်း အဆင်မပြေပါဘူး။

ပထမဆုံးအလုပ်ကတော့ အသင့်တော်ဆုံး စာအုပ်ရွေးချယ်ပါ။ စာအုပ်တော့ ရွေးပြီးပြီ။ ကိုယ့်စားပွဲပေါ်လည်း ရောက်နေပြီ။ ဘယ်လို ဖတ်ကြမလဲ။

တကယ်တော့ အပီအပြင် ဖတ်မယ်ဆိုရင် တစ်အုပ်ဆိုရင် ဆိုသလောက် အကျိုးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရှေ့နှစ်မျက်နှာ သုံးမျက်နှာလောက်နဲ့ ရပ်တန့်သွားတတ်ပါတယ်။ ပထမ အကြောင်းပြချက်ကတော့ အချိန်မရလို့ ထပ်ပေးမယ်ဆိုရင် ခက်ခဲမှု နောက်တစ်ခုက ပျင်းတာ…. မြန်မာစာတောင် ဖင်ပူအောင် မဖတ်ချင်ကြတော့ အင်္ဂလိပ်စာကို ဖတ်မယ်လည်းဆိုရော ခေါင်းတွေပါ ကိုက်လာရော… အဲအတွက် အကျင့်လုပ်ပေးရပါမယ်။

တစ်နေ့ကို တစ်နာရီလောက် စာဖတ်ချိန် သီးသန့်သတ်မှတ်ရပါမယ်။ ဖုန်းတွေ ဝေးဝေးထားပါ။ TV ပိတ်ပါ။ အကြောင်းပြချက်တွေကို ဘေးချိတ်ထားရအောင်။ စဖတ်ပါတော့မယ်…။

အနားမှာ ရေဘူး…ကော်ဖီ…note book…dictionary တို့ ယူထားပါ။ (Dictionary က ဖုန်းကနေလည်း ကြည့်လို့ရပါတယ်။ ဒါပေမယ့် dictionary ကောင်းကောင်းဖြစ်ဖို့တော့ လိုပါတယ်။ စာဖတ်တာရဲ့ ရည်ရွယ်ချက်ထဲမှာ vocab တိုးဖို့ လည်းပါတယ်လေ။ ဒါကြောင့် vocab တစ်လုံးရဲ့ ကွဲကြောင်းတွေ အကုန်လုံးကို တစ်ခါထဲ သိသွားရအောင် အပြည့်အစုံပါဝင်တဲ့ dictionary ကောင်းကောင်းလည်း လိုအပ်ပါတယ်။) ကိုယ်မသိတဲ့ meaning လေးတွေကို မျဉ်းလေးတားပါ။ တစ်မျက်နှာပြီးသွားချိန်မှာ meaning လေးတွေရဲ့ အဓိပ္ပာယ်တွေကို နည်းနည်းလောက်တော့ ရိပ်မိသွားပါပြီ။ အဲကျမှ dictionary မှာ ပြန်ရှာပြီး note ထဲထည့်မှတ်ပါ။   ဟူး…ပင်ပန်းလိုက်တာ။ ဟုတ်ပါတယ်။ လုပ်ဖူးတဲ့သူဆိုရင် တကယ်ပင်ပန်းမှန်း သိပါတယ်။ အလုပ်တွေလည်း ရှုပ်ပါတယ်။ အရမ်း စိတ်ပင်ပန်းနေပြီဆိုရင် သီချင်းလေး တစ်ပုဒ်လောက် နားထောင်လိုက်ပါ။ ဒါမှမဟုတ် background music လိုမျိုးလေးတွေလည်း ဖွင့်ထားလို့ ရပါတယ်။

နောက်ထပ်ပင်ပန်းရတာ တစ်မျိုးလည်း ရှိပါတယ်။ စာလုံးတွေ မသိတာတော့ ထားပါတော့။ တစ်ခါတစ်လေ စာကြောင်းကို နားမလည်နိုင်တာမျိုး။ Vocab တွေ အကုန်လုံးလည်း နားလည်ပြီးနေပြီ။ စာကြောင်းက ဘာကို ပြောချင်မှန်း မသိဘူး။ ဒါမျိုးက ပိုပင်ပန်းပါတယ်။ ဒါကတော့ grammar အရေးအသား idiom တွေက ဒုက္ခပေးနေလို့ ဖြစ်နိုင်ပါတယ်။ ကဲ…ဘယ်လို လုပ်ကြမလဲ။ ပြောရင်း ပြောရင်းနဲ့ လေ့လာစရာတွေက များများလာပါပြီ။

မိတ်ဆွေက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပြီဆိုတာနဲ့ မိတ်ဆွေမှာ အခြေခံ grammarတွေ ရှိသင့်သလောက် ရှိပြီးပါပြီ။ အမှန်ဆို ဒီလောက်ဆို တော်တော် လုံလောက်နေပါပြီ။ မိတ်ဆွေအတွက် ခက်နေနိုင်တာ တစ်ကြောင်းတစ်လေတော့ ရှိနေဦးမှာပါ။ ဒါကတော့ စာရေးဆရာတွေကြောင့်လည်း ပါပါတယ်။ သူတို့ အရမ်းကို အဆင့်မြင့်မြင့်နဲ့ နားလည်ရခက်အောင် တစ်ခါတစ်လေမှာတော့ ပညာပြတတ်ပါတယ်။ idiom တွေကတော့ အရမ်းကြီး စိတ်မပူပါနဲ့။ အသုံးများတဲ့ တော်တော်များများကိုတောင် စာဖတ်ရင်း လေ့လာရင်းနဲ့ သိလာပါတယ်။ Idiom စာအုပ်တွေလည်း တော်တော်များများ ရှိပါတယ်။ တစ်အုပ်လောက်ကိုတော့ အပျင်းပြေ နေ့စဉ် ဖတ်ပေးသင့်ပါတယ်။

တကယ်တော့ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာပါတဲ့ စာအုပ်မျိုးဆို ပိုကောင်းပါတယ်။ အရှိန်စယူတုန်း အစပိုင်းမှာပေါ့။ ကိုယ်နားလည်ရခက်တာကို သူဘယ်လို ဘာသာပြန်ပြီး ယူဆထားသလဲ။ ဒါမျိုးကို ဖတ်ကြည့်သင့်ပါတယ်။ ကိုယ့်နဲ့ Level ညီတာတွေ အရမ်းကြီး မခက်ခဲတာတွေ များများ အာရုံးစူးစိုက်ဖတ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ ခေါင်းထဲမှာ အနည်ကျလာမှာပါ။ တဖြည်းဖြည်းနဲ့ နားလည်ရခက်တာတွေလည်း ရှင်းလာပါမယ်။ စကားလုံးတွေ ပိုပိုသိလာတာနဲ့ ယုံကြည်ချက်လည်း မြင့်လာပါလိမ့်မယ်။ တစ်ရက် တစ်မျက်နှာပဲ ပြီးလို့ စိတ်ညစ်စရာမလိုပါဘူး။ အရေးကြီးတာက ရင်ဘတ်တစ်ခုလုံး ပုံအောပြီး လေ့လာဖို့ပါပဲ။ ဒီလိုနဲ့ Level တဖြည်းဖြည်းတက်လာပြီး အိပ်မက်ထဲက ရက်တွေ ရောက်လာတော့မှာပါ။

Let’s learn English with all our Heart…..Together!!!

ကဲ…ဒီနေ့က စပြီး သင့်ရဲ့ အချစ်သစ်အတွက် အနည်းဆုံး အချိန်တစ်နာရီပေးဖို့တော့ မမေ့နဲ့နော်။

နောက်အပိုင်းတွေမှာ ပြန်လည်တွေ့ဆုံပါဦးမယ် ခင်ဗျာ။ မိတ်ဆွေလည်း Penguin Reader တစ်အုပ်လောက် ပြေးဝယ်တော့မယ်ဆိုတာ မြင်ယောင်နေပါတယ်။

အားလုံးပဲ လိုရာပန်းတိုင်ကို ရောက်လှမ်းနိုင်ပြီး လှပတဲ့ တစ်နေ့တာတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ….။

Feeling Yourself~Be Myself