သုတ

Extroversion & Introversion

By HapEye.net

June 20, 2025

၁၉၂၁ ခုနှစ်၊ စိတ္တဗေဒပညာကြီး Carl Jung ပြုစုထုတ်ဝေခဲ့တဲ့ ‘Psychological Types’ လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ကိုစရိုက် ခွဲခြားတည်ရှိမှု စာအုပ်ကို လေ့လာခဲ့တယ်။ ‘Introverts’ (ငြိမ်သက်သူများ) ဟာ အတွင်းစိတ်သန္တာန် အဇ္စျတ္တလောကအား ဦးတည်လွန်းပြီး အတွေးနှင့် စိတ်ခံစားချက်များကို ဦးစားပေးလွန်းကာ‘Extroverts’ (လူပေါ်လူဇော်များ)ဟာ အဇ္စျတ္တလောကထက် ဗဟိဒ္ဓလောကကို ဦးတည်ကာ လူတို့ရဲ့ အပြုအမှုအကျင့်အကြံတွေကို စိတ်ဝင်စားမှုပိုတတ်ကြတယ်လို့ အခြေခံအနေနဲ့ သိလိုက်ရတယ်။ ‘Introverts’ (ငြိမ်သက်သူများ) ကျပြန်တော့ သူတို့ပတ်ပတ်လည်က ဖြစ်နေကြအရာတွေကို အဓိပ္ပာယ်ရှာနေတတ်ကြပြီး ‘Extroverts’ (လူပေါ်လူဇော်များ)ကတော့ ပတ်ပတ်လည်က ဖြစ်တည်မှုများကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်တတ်သူများဖြစ်သည်။ ‘Introverts’ (ငြိမ်သက်သူများ) ကသူတို့စွမ်းအားတွေကုန်ရင် တစ်ယောက်တည်းနေပြီး ကိုယ့်စွမ်းအားကို ကိုယ်ပြန်ဖြည့်တတ်ကြသလို ‘Extroverts’ (လူပေါ်လူဇော်များ) ကတော့ လူမှုပေါင်းသင်းဆက်ဆံရေး အားနည်းလေလေ သူတို့စွမ်းရည်တွေ အားယုတ်သလိုလို ခံစားတတ်သူတွေဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဟာ ကားလ်ယန်းရဲ့အတွေးအခေါ်တွေကို အခြေခံထားတဲ့ ‘Myers-Briggs'(MBTI) ပင်ကိုယ်စရိုက်စစ်ဆေးမှုကို ဖြေဆိုခဲ့ဖူးမယ်ဆိုရင် ပြောခဲ့တဲ့ စရိုက်နှစ်မျိုးလုံးနဲ့ ရင်းနှီးနေပြီး ဖြစ်မှာပါ။ ကုမ္ပဏီကြီးတွေ နိူင်ငံတကာတက္ကသိုလ်ကြီးတွေမှာ များသောအားဖြင့် စစ်ဆေးတတ်ပါတယ်။

‘Introverts’ တွေဟာ ပြင်ပပေါင်းသင်းဆက်ဆံရေး အများကြီးမရှိရင်တောင်မှ ‘တစ်ယောက်တည်းလည်းအဆင်ပြေတယ်’ ဆိုတဲ့ စိတ်ခံစားချက်မျိုးထားတတ်ပြီး ကော်ဖီလေးသောက်၊ ဝိုင်လေးသောက်နေတတ်သလို ဒါမှမဟုတ် အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်နဲ့ စကားလေးပြော၊ သီချင်းလေးဆို၊တီဗွီလေးကြည့် စာအုပ်လေးဖတ်ပြီးတော့လည်းနေတတ်ပါတယ်။ ဒါပေမယ့် ‘Extroverts’ ကျပြန်တော့ ပုံမှန်ထက်ပိုပြီး အထီးကျန်တဲ့စိတ်မျိုးထက် အပေါင်းအသင်းတွေနဲ့ သွားမယ်၊ လာမယ်၊ စားမယ်၊ သောက်မယ် တကဲကဲ ဖြစ်နေပြီးတော့ အငြိမ်မနေတတ်ဘူး။’Extroverts’ တွေက ‘Introverts’ တွေထက်ပိုပြီး အကဲပိုတတ်တယ်လို့ ကိုယ်ကျင့်စာရိတ္တပိုင်းဆိုင်ရာ စိတ်ပညာရှင်ဒေးဗစ် ဝင်းတားကပြောခဲ့ဖူးတယ်။ ‘Extroverts’ တွေဟာ ‘Introverts’ တွေလို အလည်အပတ်ခရီး ထွက်ရင်တောင်မှ ကမ်းခြေလေးနား စာအုပ်ကလေးဖတ်မနေချင်ဘဲ၊ အပျော်ခရီး သင်္ဘောကြီးပေါ်မှာ အားရပါးရကဲချင်တာမျိုးပါ။ သူတို့ကရဲရဲတင်းတင်းကြီး စွန့်စားရတာမျိုး၊ အကြောက်တရားကြီးကို ဖန်တီးချင်တာမျိုး၊ တိုက်တိုက်ခိုက်ခိုက် ရင်ဆိုင်ရတာမျိုးအပြင် ချစ်ရင်တောင် အားရပါးရချစ်ချင်တာမျိုးပါ။

‘Extroverts’ တွေဟာ အလုပ်လုပ်တဲ့အခါ မြန်မြန်ဆန်ဆန် ပြီးချင်တယ်၊ ဆုံးဖြတ်ချက်တွေကို မြန်မြန်ချတယ်၊ အလုပ်တွေ ဘယ်လောက်များများ တန်းစီပြီး တစ်ပြိုင်နက်လုပ်ချင်ကြတယ်။ စွန့်စားလွန်းတယ်။ အရဲတင်းတယ်။ တထိတ်ထိတ်ဖြစ်နေရတဲ့ ကြောက်စိတ်မျိုးကိုမှ အာသီသထူတဲ့လူမျိုးတွေဖြစ်ပြီး ရလာဒ်အနေနဲ့ ဂုဏ်ပကာသန ငွေကြေးကျော်ကြားမှုတွေကို လိုချင်မက်မောတတ်ကြတယ်။

‘Introverts’ တွေကျပြန်တော့ အလုပ်လုပ်ရင်နှေးကွေးပြီး စေ့စပ်လွန်းတယ်။ အလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြတယ်။ ကြွယ်ဝချမ်းသာမှုတွေ၊ ကျော်ကြားမှုတွေကို အလွန်ကြီး ဂရုမစိုက်ဘူး။

စရိုက်ဆိုတာက နေ့စဉ်လူနေမှုဘဝအပေါ် သက်ရောက်မှု အမျိုးမျိုးရှိတယ်။ ‘Extroverts’ တွေဟာ မွေးနေ့ပွဲ၊ မင်္ဂလာဆောင်၊ ပါတီပွဲတွေကို လိုက်ချင်သလို၊ လူတွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်တယ်။ ဘယ်သူပြောပြော ဟာသတိုင်းကို လိုက်လိုက်လျောလျောရယ်ပေးတတ်သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်တဲ့သူ၊ ပတ်ဝန်းကျင်ကို လွှမ်းမိုးလိုသူ၊ အဲ့သလိုပဲ အဖော်မရှိ တစ်ကိုယ်တည်း မနေတတ်သူတွေပါ။ ‘Extroverts’ တွေရဲ့ အတွေးနဲ့ ခံစားချက်တွေဟာ သိသာလွန်းပြီး ကိုယ့်ကိုယ့်ကိုယ် ရပ်တည်နိုင်သလို လုပ်ပြတတ်ပါတယ်။ စကားကို အားရပါးရ ပြောပြီးမှ နားထောင်ချင်သူမျိုးဖြစ်ပြီး စကားပြောပြီဆိုရင်လည်း ပြောမဆုံးပေါင် တောသုံးထောင်လို လူမျိုးတွေဖြစ်ပါတယ်။ မရည်ရွယ်ဘဲနဲ့ လည်းတစ်ခါတလေ မပြောသင့်တာတွေ ပြောမိသွားတတ်သလို ပဋိပက္ခနဲ့ ငြင်းခုံရတာတွေလည်း ဝါသနာကြီးသူဖြစ်ပြီး တစ်ကိုယ်တည်း တစ်ယောက်တည်းဆို ဘယ်လိုမှ မနေတတ်၊ မထိုင်တတ်တဲ့ သူတွေပါ။

‘Introverts’ တွေကတော့ ဆန့်ကျင်ဘက်ပါ။ လူမှုဆက်ဆံရေး ညံ့ဖျင်းတဲ့သူတွေတော့ လုံးဝ မဟုတ်ပါဘူး။ ပါတီတွေ၊ ပွဲတွေ၊ အခမ်းအနားတွေနဲ့ စီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲတွေမှာလည်း အဆင်ပြေပါတယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့စိတ်ထဲကတော့ အချိန်တစ်ခုရောက်ရင် မြန်မြန်အိမ်ပြန်ချင်ပြီး ညအိပ်ဝတ်စုံလေးဝတ်၊ သက်သက်သာသာ နေချင်တဲ့စိတ် အမြဲတွေးမိနေတတ်ကြတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးအချိန်တွေ၊ ချစ်ရခင်ရတာမျိုးတွေကို ကိုယ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းဖြစ်တဲ့ မိသားစု၊ မိတ်ရင်းဆွေရင်းနဲ့၊ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ပဲ ဦးစားပေးချင်ကြတယ်။ နားများများထောင်၊ စကားနည်းနည်းပြောတဲ့ သူမျိုးဖြစ်ပြီး အများကြီးတွေး နည်းနည်းလေးပဲ ပြောတတ်တဲ့ သူတွေပါ။ ပါးစပ်ကအားရပါးရပြောတာထက် လုပ်ပြ၊ ကိုင်ပြ၊ ရေးပြ ချပြလိုက်ရမှ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ခံစားချက်ကို ပေါ်လွင်အောင် လုပ်နိုင်လိမ့်မယ်လို့ ယူဆကြတဲ့သူတွေပါ။ အာလာပသလ္လာပ စကားစမြည်ပြောရမှာကို အရမ်းပျင်းပြီး အဓိပ္ပာယ် ရှိပြီးလေးလေးနက်နက် ပြောဖို့လောက် ဝါသနာကြီးလွန်းကြတဲ့သူတွေပါ။

ဒီနေရာမှာ သိဖို့လိုတာက ‘Introverts’ တွေဟာတောထဲက ရသေ့လိုလို၊ တစ်ကိုယ်ကောင်းဆန်တာလိုလို၊ လူကိုမုန်းပြီး ဝေးတဲ့‌နေရာမှာ‌နေသလိုလို၊ အပြင်ဘက်ကလူလိုလို ထင်ခံရတတ်တယ်။ လုံးဝမဟုတ်ပါဘူး။ တချို့တွေ ဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမယ့် များသောအားဖြင့်တော့ ရင်းရင်းနှီးနှီးနေပြီး လူမှုဆက်ဆံရေး ကောင်းကြပါတယ်။ E.M Forster က အချစ်စစ်ကို လူသားအနေနဲ့ ဘယ်လိုယူရမလဲ ဆိုတဲ့စာအုပ်ထဲမှာ လိုတိုရှင်း အကောင်းဆုံးစာလုံးလေးတစ်လုံးကို ဖော်ပြခဲ့တယ်။ အဲ့ဒါကတော့ ‘ချိတ်ဆက်နိုင်ပါစေ’ ပါ။ သူလည်း ‘Introverts’ တစ်ယောက်ပါ။

‘Introverts’ တွေဟာ အရှက်အရမ်းကြီးတယ် ဆိုတာလည်း မဟုတ်ပါဘူး။ တကယ်တမ်း အရှက်ကြီးစိတ်ဆိုတာက လူနေမှုဘဝမှာ အကြောင်းမတိုက်ဆိုင်လို့၊ အကျိုးအကြောင်းမဆီလျော်လို့ ဖြစ်လာရတဲ့ စိတ်ခံစားချက် တစ်မျိုးပါ။ ငြိမ်သက်စွာ နေထိုင်တယ် ဆိုတာကလည်း တကယ်တမ်းတော့ ပတ်ဝန်းကျင်ကို အဖိအဆီး မများအောင် နေတာမျိုးလောက်ပါပဲ။ အရှက်စိတ်က တကယ်တမ်း နာကျင်စရာကောင်းပေမယ့် ငြိမ်သက်တိုင်းလည်း မကောင်းတာလုံးဝမဟုတ်ပါ။ အထင်လွဲကြတာ သူ့အကြောင်းနဲ့သူပါ။ တခါတလေ ဖြစ်တည်မှုလေးတွေက ကြောင်းကျိုးဆက်စပ်သွားလို့ပါ။ တည်တည်ငြိမ်ငြိမ်နဲ့ လူပေါ်လူဇော်လည်းရှိသလို ရှက်ကြောက်ကြီးတဲ့ လူပေါ်လူ‌ဇော်လည်းရှိမှာပါ။ အဲ့သလိုပဲ အရှက်အကြောက်နည်းတဲ့ ငြိမ်သက်သူတွေလည်းရှိနိုင်သလို အရှက်ကြီးတဲ့ ငြိမ်သက်သူတွေလည်း ရှိကိုရှိနေမှာပါ။ Barbra Streisand လို အရှက်အကြောက်ကြီးတဲ့သူကလည်း လူပေါ်လူဇော်လည်း ဖြစ်နိုင်တယ်။ စင်မြင့်ပေါ်တက် လူရှေ့ထွက်ရမှာကို သေမလောက်ကြောက်သူဆိုပေမဲ့ လူသိများထင်ရှားတဲ့ အဆိုတော်ကြီးပါ။ အဲ့သလိုပဲ Bill Gates လို လူရှေ့သူရှေ့မှာ အထင်ကရဖြစ်ပြီး အားလုံးအတွက် လေးစားအားကျစရာကောင်းလောက်အောင် ထူးချွန်သူကြီးက တကယ်တမ်းတော့ ငြိမ်သက်သူပါ။ သူဆိုရင် ဘာပဲလုပ်လုပ်စိတ်ထဲမှာထား လုပ်တတ်တဲ့ သူဆိုပေမယ့် တစ်ဖက်က ဘာပဲပြောပြော နားလည်ပေးနိုင်တဲ့ လူမျိုးဖြစ်ပါတယ်။

ငြိမ်သက်သူဖြစ်နေလျက်နဲ့ အရှက်ကြီးတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ T.S Eliot ဆိုတဲ့ နာမည်ကျော် စာရေးဆရာတစ်ယောက်ဆိုရင်လည်း အရှက်ကြီးတဲ့ ငြိမ်သက်သူတစ်ဦးပါ။ သူရဲ့နာမည်ကျော်စာအုပ်ဖြစ်တဲ့ ‘The Waste Land’ ထဲမှာ အရှက်ကြီး ငြိမ်သက်သူအနေနဲ့ ခံစားရတဲ့ ခံစားချက်ကို ပြောပြခဲ့တယ်။ ‘သင့်ရဲ့ အရှက်အကြောက်တရားတွေကို သဲလက်တစ်ဆုပ်အတိုင်း ပြတတ်ပါစေ’ တဲ့။ အရှက်ကြီးတဲ့သူတွေက ဘာကိုဖြစ်ဖြစ်တော်ရုံနဲ့ စိတ်မပါတတ်ကြပါ။ ဖြစ်ချင်တော့ သူတို့အားလုံးဟာ လူမှုပေါင်းသင်းဆက်ဆံရေးကို အပျင်းကြီးလွန်းတာရယ်၊ ပါဝင်ပတ်သတ်လိုစိတ်မရှိသလောက် နည်းနေတာကြောင့် စိတ်သောကရောက်ရတာမို့ အရှက်ကြီးသလို ဖြစ်ကြရတာပါ။ ဟုတ်ပါတယ် ငြိမ်သက်သူ အများစုက အရှက်ကြီးကြပါတယ်။ တကယ်တော့ ဆက်ဆံရေးတွေကနေ ပြန်ရလာမယ့် သက်ရောက်မှု အချို့ကို မကြိုက်တာလည်း ဖြစ်နိုင်သလို၊ မလိုချင်တာမျိုးကြောင့်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို လူမှုအသိုက်အဝန်း ထဲမှာကျင်လည်တာမျိုးမတွေ့ရဘဲ များသောအားဖြင့် နောက်ဆုတ်နေတတ်တာကိုတွေ့နိုင်ကြတာဖြစ်ပါတယ်။

ရှက်တိုင်းမငြိမ်သက်နိုင်သလို၊ ငြိမ်သက်တိုင်း ရှက်ကြတာ မဟုတ်တဲ့အပြင် အရှက်ကြီးတိုင်းလည်း ငြိမ်သက်သူ မဖြစ်နိုင်ပါ။ ဒါကြောင့် ‘Alpha’ အဖြစ် သတ်မှတ်ခြင်းဆိုတဲ့ စံနှုန်းက အားလုံးရဲ့ မျက်လုံးကို ပိတ်ပင်ပစ်လိုက်သလို ဖြစ်သွားပါတယ်။ မတူညီတဲ့ အကြောင်းအရင်းတွေကြောင့် အရှက်ကြီးသူနဲ့ ငြိမ်သက်သူတို့အကြားမှာ ကွာခြားချက်တွေက အမျိုးမျိုးရှိနေပြီး တချို့ကျပြန်တော့ နောက်ကွယ်ကနေပြီးတော့ပဲ တီထွင်ကြံဆချင်နေတာမျိုး၊ ဒါမှမဟုတ် သုတေသန လုပ်ချင်နေတာမျိုး၊ ဒါမှမဟုတ် နာဖျားသူတွေ၊ လူနာတွေ အနီးနားမှာ အားပေးမယ့် လက်တစ်စုံနဲ့ ကိုင်တွယ်ပေးချင်တာမျိုး ဖြစ်ချင်ဖြစ်မှာပါ။ အဝေးမှာ နေချင်ပေမယ့်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းနေတတ်တဲ့ ဦးဆောင်သူတစ်ယောက် ပုံစံမျိုးတွေဖြစ်နေမှာပါ။ Alpha ပုံစံပေါက်ပေမယ့် Alpha မဟုတ်ဘူးလေ။

ငြိမ်သက်သူနဲ့ လူပေါ်လူဇော်နှစ်ခုကြား ဘာမှန်းမသေချာသေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ အောက်ကမေးခွန်းတိုင်းကို ဟုတ်တယ် မဟုတ်ဘူး ဖြေရင် သိနိုင်ပါမယ်။

၁။ တစ်ကိုယ်တည်းနေ၊ နှစ်ယောက်တည်း စကားပြောပြီး အဖွဲ့လိုက် အလုပ်လုပ်ရတာလေးတွေ ဝါသနာပါတယ်။

၂။ ကိုယ့်ခံစားချက်လေးတွေကို စာနဲ့ရေးရတာ ဝါသနာပါတယ်။

၃။ တစ်ယောက်တည်းနေရတာကို သဘောကျတယ်။

၄။ ဂုဏ်ပကာသနတွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ နာမည်ကျော်ကြားမှုတွေ သိပ်ပြီးဂရုမစိုက်ချင်ဘူး။

၅။ စကားစမြည်ပြောရတာထက် အကြောင်းရင်းတစ်ခုကို လေးလေးနက်နက်ဆွေးနွေးရတာ ဝါသနာပါတယ်။

၆။ နားထောင်ကောင်းတဲ့သူလို့ လူတိုင်းပြောကြတယ်။

၇။ ကြီးကြီးမားမားစွန့်စားရတာမျိုးကြီးတွေ မကြိုက်ဘူး။

၈။ အနှောင့်အယှက်ကင်းကင်းနဲ့ အလုပ်တစ်ခု တစိုက်မတ်မတ် လုပ်ရတာ ဝါသနာပါတယ်။

၉။ မွေးနေ့ပွဲဆိုရင် အကျဉ်းရုံးလေးကိုပဲ သဘောကျတယ်၊ သူငယ်ချင်းတစ်ယောက်၊ နှစ်ယောက် သို့မဟုတ် မိသားစုနဲ့တင်ဖြစ်တယ်။

၁၀။ စကားပြောရင် နူးညံ့တယ်၊ တည်ငြိမ်တယ်လို့လည်း လူတွေကပြောကြတယ်။

၁၁။ အလုပ်တစ်ခုလုပ်ရင် မပြီးမချင်း သူများကို မပြချင်ဘူး။

၁၂။ ပဋိပက္ခနဲ့ ငြင်းခုန်ရတာတွေကို မုန်းတယ်။

၁၃။ ဘာပဲလုပ်လုပ် ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်ချင်တယ်။

၁၄။ စကားလေးတစ်ခွန်းပြောဖို့ အများကြီးတွေးဖြစ်တယ်။

၁၅။ ပျော်တယ်ဆိုရင်တောင် အပြင်ထွက်ပေါင်းသင်းဆက်ဆံရတာက ပင်ပန်းတယ်လို့ ခံစားရတယ်။

၁၆။ အဝင်ဖုန်းဟူသမျှ များသောအားဖြင့် voice mail ထဲပဲရောက်ကုန်တယ်။

၁၇။ အကယ်၍ ရွေးချယ်ခွင့် ရှိခဲ့မယ်ဆိုရင် ဟိုလည်ဒီပတ်နေ့ရက်ထက် တစ်နေကုန်လုံး ဘာမှ လုပ်စရာမရှိတဲ့ အားလပ်ရက်ကလေးကိုပဲ လိုချင်တယ်။

၁၈။ အလုပ်အများကြီး တစ်ပြိုင်နက်တည်းလုပ်ရတာ ဝါသနာမပါဘူး။

၁၉။ အာရုံစူးစိုက်မှု အားကောင်းတယ်။

၂၀။ စာသင်ရတဲ့ အခြေအနေမျိုးဆိုရင် ပို့ချမှုပြီးမှ ဆွေးနွေးရတာ ဝါသနာပါတယ်။

‘ဟုတ်တယ်’ လို့ ဖြေလေလေ သင်ဟာ ‘ငြိမ်သက်စိတ်’ များတဲ့သူ ဖြစ်လေလေပဲ။ စိတ်ထဲ ဘဝင်မကျသလို ဖြစ်နေရင်လည်း အဖြေဟာဟုတ်တယ်ပါပဲ။

ဒီမေးခွန်းတွေကို ငြိမ်သက်တဲ့သူ တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ လူပေါ်လူဇော်တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ် အဖြေကို အတည်အဖြစ်ယူလို့မရသေးပါ။ ငြိမ်သက်သူတိုင်း စာကြမ်းပိုးတွေ မဟုတ်သလို၊ လူပေါ်လူဇော်ဆိုပေမယ့် ညဝတ်အင်္ကျီကြီးနဲ့ ပါတီချောင်မှာ ရောက်ချင်ရောက်နေမှာပါ။ အမျိုးသမီးတိုင်းကလည်း အများကြိုက်နေရမှ နေတတ်သူတွေရှိသလို၊ အမျိုးသားတိုင်းကလည်း အားကစားကို ဝါသနာပါချင်မှ ပါသလိုမျိုးပေါ့။ ရှင်းရှင်းပြောရရင် လူပေါ်လူဇော်ကသတ်သတ် ငြိမ်သက်သူက သတ်သတ်ဆိုပြီးမရှိပါဘူး။ အဲ့ဒီလို လူမျိုးရှိခဲ့ရင်လည်း စိတ်ရောဂါကုဆေးရုံကို ရောက်နေပါပြီ။

ငြိမ်သက်သူတွေနဲ့ ပတ်သတ်ပြီးနောက်ထပ်ပြောကြတာက ‘သိပ်ပြီး စိတ်ထိခိုက်လွယ်တဲ့သူတွေ’တဲ့၊ အဲတာက ပင်ကိုစရိုက်ထက် စိတ်ခံစားမှုသက်သက်ပါ။ စိတ်ထိခိုက်လွယ်လွန်းတဲ့သူဆိုရင်၊ ဒါမှမဟုတ် စိတ်ခံစားမှု ပြင်းထန်တဲ့သူဆိုရင် သာမန်လူထက်ပိုပြီး ခံစားချက်တွေ ပြင်းထန်နေမှာမို့၊ Beethoven ရဲ့ ‘Moonlight Sonata’ နားထောင်ပြီး လွမ်းသလိုလို၊ ဆွေးသလို၊ မောသလိုလို ဖြစ်သွားနိုင်တယ်။ စေတနာကောင်း၊ သဒ္ဓါကောင်းလွန်းတဲ့ မေတ္တာတရား ရှေ့ထားလွန်းတဲ့ ဖြစ်ရပ်တစ်ခုကို တွေ့တယ်ဆိုရင် မျက်ရည်လေးဝဲ ဝမ်းသာလုံးတွေ စို့တာမျိုးဖြစ်မှာပါ။ သူများတွေထက် မကောင်းမှုတွေ မြင်တာတို့၊ စိတ်ပျက်စရာတို့ တွေ့တာတို့ဆိုရင် ခံစားချက်တွေ ပြင်းထန်တာကြောင့် အော့နှလုံးပိုနာတတ်တယ်။ ဒီလိုလူတွေကို ဉာဏ်ထက်သူတွေလို့ သတ်မှတ်ကြတယ်။ ငယ်ငယ်ကတည်းက ‘ သိပ်အရှက်ကြီးတဲ့ကလေး’ လို့ ခေါ်ခဲ့ကြလိမ့်မယ်။ ဒီနေ့ ဒီချိန် ထိလည်း စိတ်လုပ်ရှားနေတတ်ပြီး ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား၊ ဘယ်သူနဲ့ပဲတွေ့တွေ့၊ ပထမဦးဆုံးအကြိမ် လုပ်နေရသလို အမြဲဖြစ်နေမှာပါ။

ဘယ်သူမဆို ကိုယ်သာလျှင် ကိုယ်ရဲ့ပထမဆုံး ရင်ဆိုင်ရမယ့်အရာ ဖြစ်ပါတယ်။ အရှက်ကြီးတာတွေ၊ အကြောက်ကြီးတာတွေ ကိုယ်အမူအရာ မတူညီတိုင်း ခေါင်းစဉ်တစ်ခုအောက်က လူတွေမဖြစ်နိုင်ပါဘူး။ တိကျခိုင်မာတဲ့ သုတေသနပညာရပ်နဲ့ နှိုင်းယှဉ်ပြီး အဖြေထုတ်မှ ကိုယ်ကဘာလဲဆိုတာ သိနိုင်မှာပါ။ ဘယ်သူကမှ တစ်ခုတည်း မဖြစ်နိုင်သလို ၊ အရာအားလုံးတစ်ပြိုင်နက်တည်းလည်း မဖြစ်နိုင်ပါ။

မောရိသျှ (ငြိမ်သက်ခြင်း) စာအုပ်မှ ကူးယူဖော်ပြပါသည်။