သုတ

Deep State ဆိုတာ …

By HapEye.net

June 11, 2020

Deep state ဆိုသည်မှာ မည်သည့်ပါတီမှ မည်သည့်အစိုးရတက်သည်ဖြစ်စေ ပြောင်းလဲရန်မလိုဘဲ နိုင်ငံတော်ရဲ့ မူဝါဒများ၊ ရေရှည်စီမံချက်များကို ယိမ်းယိုင်သွေဖယ်မသွားစေရန် ထိန်းကျောင်းပေးဖို့အတွက်နဲ့ အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် ရွေးကောက်ခံခြင်းမရှိတဲ့ အစိုးရအရာကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အတွင်းမှ အစိုးရတစ်ရပ်ဟု အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ သို့သော် တရားဝင် အဖွဲ့အစည်းတစ်ခုအနေနဲ့တော့ လူထုကို မည်သည့်အခါမျှ ချပြမည်မဟုတ်ပါ။

Deep State ကို State within the State ဟုလည်း ခေါ်ကြပါတယ်။ အမေရိကန်မှာ Deep State ကို Military- Industrial Complex (MIC) နှင့် ဆက်စပ်နေတယ်လို့လည်း သုံးသပ်ကြတယ်။ MIC ဟာ အစိုးရဲ့ မူဝါဒရေးရာကို လွှမ်းမိုးနိုင်ဖို့ မျှော်မှန်းချက်နဲ့ တပ်မတော်နဲ့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီးများကြား ဖွဲ့ထားသည့် Informal မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သမ္မတ ထရမ့် ရွေးကောက်ခံရချိန်မှာ Deep State အသုံး ခေတ်စားခဲ့ဖူးပါတယ်။

ဖတ်ဖူးသော စစ်အေးတိုက်ပွဲကာလ Fictional ဝတ္ထုတစ်ခုမှာ အမေရိကန်နဲ့ ဆိုဗီယက်အစိုးရတို့ စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းထန်နေပါစေ … CIA နဲ့ KGB ခေါင်းဆောင်တွေက နောက်ကွယ်မှာ တွေ့ဆုံပြီး ရှေ့ဆက်လုပ်ရမည့် စီမံချက်များကို ချမှတ်ကြသည်ဟု ဆိုပါတယ်။ ဒါဟာ Deep State တစ်မျိုးဟု ဆိုနိုင်ပါတယ်။

မှတ်သားဖူးသည်မှာ နိုင်ငံတော်သည် မီးရထားတစ်စီးဟု ဆိုကြပါစို့။ ရထားမောင်းနှင်သူသည် အစိုးရဖြစ်ပါတယ်။ Deep State သည် ရထားသံလမ်းဖြစ်ပါတယ်။ ရထားမောင်းနှင်သူ အစိုးရက အမြန်နှုန်း၊ ရပ်နားချိန်တို့ကို စည်းကမ်းနဲ့အညီ စိတ်ကြိုက် အတိုးအလျော့ပြုလုပ်နိုင်သော်လည်း သံလမ်းပေါ်မှ သွေဖယ်လို့ မရနိုင်။ ဦးတည်ချက်ပန်းတိုင်သို့ မဖြစ်ဖြစ်အောင် သွားရပါမယ်။ ရထားမောင်းနှင်သူ အဆက်ဆက်ပြောင်းသွားမည်ဖြစ်သော်လည်း သံလမ်းပေါ်မှ ဆင်းပြီး မောင်းနှင်ဖို့ မဖြစ်နိုင်သည်ကို ဆိုလိုပါတယ်။ ပန်းတိုင်ရောက်အောင် ထိန်းကျောင်းသူကို Deep State ဟုလည်း ဆိုနိုင်ပါတယ်။

သို့သော် Deep State နဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲပြားကြတယ်။ အမေရိကန်မှာ ၂၀၁၇ ဧပြီလအတွင်း လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ ဖြေကြားသူ ၄၈ ရာခိုင်နှုန်းက အစိုးရအတွင်းမှာ Deep State ရှိပြီး တပ်မတော်၊ ထောက်လှမ်းရေးနဲ့ အစိုရအရာရှိကြီးတွေက အစိုးရက လျှို့ဝှက်စွာ ကြိုးကိုင်ချယ်လှယ်နေကြတယ် မြင်ကြပါတယ်။ အဲဒီထဲကမှ တစ်ဝက်ကျော် (၅၈%) က ဒါဟာ ပြဿနာကြီး တစ်ခုဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။ ဒီနှစ် မတ်လမှာ လုပ်ခဲ့တဲ့ စစ်တမ်းအရတော့ ဖြေကြားသူအများစု (၆၈%) က Deep State ဆိုတဲ့ စကားရပ်ကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပါဘူး။ ဖြေကြားသူတွေရဲ့ ၇၃% ထဲက ၂၇% ကတော့ Deep State သေချာပေါက် (Definitely) ရှိနေတယ်ဆိုတာ ယုံကြည်ကြပြီး ၄၇% ကတော့ ရှိနိုင်တယ် (Probably) လို့ ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Deep State ရှိ/ မရှိနဲ့ ရှိသင့်/ မရှိသင့်တွေ လာမေးနေကြတာတွေရှိလို့ လေ့လာဖူးတဲ့ အကြောင်းအရာကို ချရေးဖြစ်ပါတယ်။

Written by – Dr. Naing Swe Oo