ဘဝနေနည်း

ပြောင်းလဲရဲပါစေ

By Lei Lei Win Thant

March 17, 2022

ပြောင်းလဲရဲပါစေ –

“ကမ္ဘာကြီးကို ပြောင်းလဲချင်ရင် သင့်ကိုယ်သင် အရင်စပြီး ပြောင်းလဲပါ” မဟတ္တမဂန္ဒီ

အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ်တဲ့။ မသိတဲ့ သူကို သင်ပေးရတာထက် သိပြီးသားသူကို သင်ပေးရတာ ပိုခက်တယ်တဲ့။ ဒီစကားတွေက အလကားဖြစ်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး သိလျက်နဲ့မိုက်နေကြတာတွေက များပါတယ်။ ကျွန်တော်အပါအဝင် သိလျက်နဲ့ မိုက်နေတာတွေ ရှိနေပါသေးတယ်။ အလုံးစုံပြည့်စုံခြင်းလည်း ကျွန်တော့်မှာ မရှိပါဘူး။ ဒါပေမဲ့ မိမိ တတ်နိုင်သလောက်တော့ ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။ ပြည့်စုံဖို့ထက် တိုးတက်ဖို့က ပိုအရေးကြီးပြီး ပိုယုတ္တိရှိပါတယ်။

ကျွန်တော့်ဘဝမှာ ကျွန်တော့်ဆီကနေ အကြံဉာဏ် လာတောင်းတဲ့သူတွေ အများကြီး ကြုံဖူးပါတယ်။ တစ်ခါတလေ ကျွန်တော်လည်း တတ်စွမ်းသလောက်တော့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့နောက် သိလာရတဲ့အချက်တစ်ခုက လူအများစုဟာ အကြံဉာဏ်သာ လိုချင်ကြတာဖြစ်ပြီး အကြံဉာဏ်ကို တကယ်တမ်းလိုက်နာမှု အပိုင်းမှာ အတော်အားနည်းကြတယ်ဆိုတာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း သူများအကြံပေးတိုင်းတော့ လိုက်လုပ်လေ့မရှိပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ခုက ကျွန်တော့်ဘဝကို ဖျက်ဆီးနေပြီး ကျွန်တော့်ကို စိတ်ဓာတ်တွေ ကျနေစေပြီဆိုရင်တော့ အဲဒီအချက်ကို ရအောင် ပြောင်းလဲယူပါတယ်။ အရာရာတိုင်း မလိုက်နာနိုင်ပေမဲ့ မိမိဘဝအတွက် တကယ်တမ်းလိုအပ်တဲ့ ပြောင်းလဲမှုတွေကိုတော့ ကျွန်တော် ဘယ်တော့မှ လက်မနှေးခဲ့ပါဘူး။

ကောင်းတယ်ဆိုတဲ့ အရာတွေအားလုံးကို လိုက်ပြီး မပြောင်းလဲနိုင်ရင် နေပါစေ၊ တကယ်လိုအပ်တဲ့ ပြောင်းလဲမှုတွေကိုတော့ သင် လုပ်ဖို့လိုပါတယ်။ သင့်ကို တုပ်နှောင်ထားတဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။ သင့်ရဲ့ ဦးနှောက်ထဲက အသုံးမဝင်တော့တဲ့ အမှိုက်တွေကို မီးရှို့ပစ်ဖို့ လိုပါတယ်။ တစ်ခါတည်း အပြီး မရှို့နိုင်ရင် တဖြည်းဖြည်း အချိန်ယူပြီး ရှို့ပါ။ ဒါပေမဲ့ ဒီအတိုင်း ပစ်ထားတာမျိုးတော့ မလုပ်မိပါစေနဲ့။ ဦးနှောက်တစ်ခုလုံး အမှိုက်တွေနဲ့ပြည့်သွားရင် သင်လည်း တဖြည်းဖြည်း အသုံးမဝင်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုအမှိုက်တွေ မရှင်းနိုင်တော့တဲ့သူအချို့ မြင်ဖူးခဲ့ပါတယ်။

လှေတစ်စီးကို မျောချင်ရာ မျောစမ်း ဆိုပြီး ပင်လယ်ထဲမှာ ပစ်ထားသလိုပါပဲ။ ဦးတည်ချက်ကင်းမဲ့ပြီး အတိတ်ကို တငွေ့ငွေ့ ခံစားနေကြပါတယ်။ တချို့ဒဏ်ရာတွေက အရမ်းပြင်းထန်တာ ကျွန်တော်ကိုယ်တိုင်လည်း သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နှစ်နဲ့ချီပြီး ခံစားဖူးရတာတွေ ရှိပါတယ်။ ဒါပေမဲ့ သင် သတိမူသင့်တဲ့အချက်က သင့်ရဲ့ဘဝဟာ လူတစ်ယောက်အတွက်ပဲ မဟုတ်ဘူးဆိုတာပါပဲ။ သင့်ကိုချစ်တဲ့ မိသားစု၊ သူငယ်ချင်း စတာတွေရှိတယ်။ သူတို့အတွက် အဓိပ္ပာယ်ရှိစွာ အသက်ရှင်ပေးဖို့ လိုသေးတယ်။ မိသားစု မရှိဘူး၊ သူငယ်ချင်းလည်း မရှိဘူးဆိုရင်တောင် သိက္ခာရှိပြီး တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်အောင် နေသင့်တယ်။ မိမိနေထိုင်ရာ လောကကြီးကို အကျိုးပြုတဲ့လူတစ်ယောက်အဖြစ် နေထိုင်လို့ရပါတယ်။

အချို့သူတွေက ဒဏ်ရာဟောင်းတွေကြောင့် လမ်းပျောက်နေပေမယ့် အချို့သူတွေကျတော့လည်း ပျင်းရိခြင်းကြောင့် လမ်းပျောက်တတ်ကြပြန်တယ်။ ပျင်းရိတယ်ဆိုတာ တကယ်တော့ ရောဂါတစ်မျိုးလိုပဲ။ မကုဘဲထားလေ ပိုပြီးဆိုးလာလေလေပဲ။ ပျင်းရိတာများလာရင် ဘဝက တဖြည်းဖြည်းနဲ့ စိတ်ညစ်စရာတွေ ပြည့်နှက်လာ တတ်ပါတယ်။ ပျင်းရိခြင်းနဲ့ စိတ်ဆင်းရဲခြင်းမှာ သွယ်ဝိုက်ပြီး ဆက်စပ်နေတာတွေ အများကြီးရှိပါတယ်။

ပျင်းလို့ မကြိုးစားဘူး။ မကြိုးစားတော့ သူများနောက် ကျန်ခဲ့တယ်။ သူများနောက် ကျန်ခဲ့တော့ အထီးကျန်လာတယ်။ အထီးကျန်တော့ စိတ်ညစ်လာတယ်။ စိတ်ညစ်လာတော့ မကြိုးစားချင်ဘဲ ပျင်းလာပြန်တယ်။ တကယ်တော့ အပျင်းသံသရာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အပျင်းသံသရာထဲက မထွက်နိုင်ရင် စိတ်ကျရောဂါအထိ ဖြစ်တတ်ပါတယ်။ အဲဒီလိုလူမျိုးတွေလည်း မြင်ခဲ့ဖူးပါတယ်။ ပျင်းပြီး ဘာမှမလုပ်ချင်တော့တဲ့အခြေအနေကို လူတိုင်းလိုလို ကြုံဖူးကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအခြေအနေက ထွက်နိုင်အောင်တော့ အမြဲကြိုးစားရမှာ ဖြစ်ပါတယ်။

“ပြောင်းလဲခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ အဟောင်းတွေကို တိုက်ထုတ်ဖို့ ၊ သင့်ရဲ့အင်အားတွေကို သုံးခြင်းမဟုတ်ပါ။ အသစ်အသစ်တွေကို တည်ဆောက်တဲ့နေရာမှာ သင့်ရဲ့အင်အားတွေကို အသုံးချခြင်းပဲ ဖြစ်ပါတယ်”ဆိုကရေးတီး

ဆိုကရေးတီး ပြောသွားတဲ့စကားကို ကျွန်တော်ကတော့ အပြည့်အဝ သဘောတူပါတယ်။ မိမိရဲ့အင်အားတွေအားလုံးကို သုံးပြီး အတိတ်ဆိုးကို တိုက်ထုတ်ရတာ အရမ်းပင်ပန်းပါတယ်။ နည်းမှန်လမ်းမှန်လည်း မဟုတ်ပါဘူး။ အသည်းကွဲပြီး တမှိုင်မှိုင်ဖြစ်နေရင် အိပ်ရာထဲမှာပဲ အသည်းကွဲတာကို မကုပါနဲ့။ အဲဒီအချိန်တွေကို အကျိုးရှိအောင် သုံးပါ။ မိမိကိုယ်ကို ပြောင်းလဲပစ်ပါ။ ကိုယ့်ရှေ့မှာရှိနေတဲ့ အနာဂတ်ကို မြင်ယောင်ပါ။ နောက်လှည့်မကြည့်ပါနဲ့။ မှားတာတွေကနေ သင်ခန်းစာယူပြီးရင် အနာဂတ်လှလှလေးကို မြင်ယောင်ပြီး ဆက်လျှောက်ပါ။

တစ်စုံတစ်ရာက မိမိဘဝကို ဆွဲချနေပြီလို့သိရင် ပြောင်းလဲနိုင်အောင် ကြိုးစားဖို့ ဝန်မလေးမိပါစေနဲ့။ တစ်ခါတလေ သိလျက်နဲ့မိုက်တာ ရှိတတ်ပါတယ်။ ပြင်လို့ရတဲ့ အမှားတွေဆိုရင်တော့ ဘာမှသိပ်မဖြစ်ပေမဲ့ ပြင်လို့မရတဲ့အမှားတွေဆိုရင်တော့ နောင်တတွေ တစ်ပုံကြီးနဲ့ ဘဝကို ဆက်လက်ရှင်သန်သွားရပါလိမ့်မယ်။ အခုကစပြီး ငါ ဘာတွေပြင်ဖို့ လိုနေလဲ သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ ပြီးရင် တစ်ခုချင်းစီ စတင်ပြီး ပြင်ဆင်ကြည့်ပါ။ အခုကစပြီး အမှိုက်ပုံထဲမှာ ထိုင်မနေပါနဲ့တော့။ မိမိကိုယ်ကို ပြောင်းလဲပြီး ပျော်ရွှင်မှုတွေ ရယူလိုက်ပါတော့။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline