ဘဝနေနည်း

မိတ်ဆွေ အပေါင်းအသင်း ဂရုစိုက်ပါ

By Lei Lei Win Thant

March 22, 2022

မိတ်ဆွေ အပေါင်းအသင်း ဂရုစိုက်ပါ – လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတတ်တဲ့ အမျိုးဖြစ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုမရှိဘဲ လောကကြီးမှာ နေထိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် လူတွေမှာ မိတ်ဆွေအပေါင်းအသင်းတွေ ရှိလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ဘဝရဲ့ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းတွေက အဲဒီမိတ်ဆွေအပေါင်းအသင်းတွေနဲ့ သက်ဆိုင်နေတယ် ဆိုတာ သင်သတိထားမိခဲ့ပါရဲ့လား။ အပေါင်းအသင်းတွေဟာ သင့်ကို ရှေ့ကိုတွန်းပို့ပေးနိုင်သလို အပေါင်းအသင်းတွေကပဲ သင့်ကို ဆွဲချနိုင်ပါတယ်။ တစ်ခါတလေ သင်တောင် သတိမထားဘဲ အပေါင်း အသင်းကြောင့် ရှေ့မရောက်တတ်တာတွေ ရှိတတ်ပါတယ်။ အပေါင်းအသင်းကောင်းတွေဟာ အမုန်းခံပြီး သင်ကောင်းဖို့အတွက် ပြောလေ့ရှိကြပါတယ်။ ဗဟုသုတ အကျိုးရှိမယ့်အရာဆို လက်တို့လေ့ရှိကြပါတယ်။ အချင်းချင်း ဆွဲတင်တတ်ကြပါတယ်။ အပျော်အပါးလုပ်တဲ့အခါ ဖိတ်ခေါ်သလို ကြိုးစားတဲ့အခါမှာလည်း တွဲခေါ်လေ့ရှိပါတယ်။ ဒါပေမဲ့ အပေါင်းအသင်း မကောင်းရင်တော့ ဘဝဟာ တိုးတက်မှာ မဟုတ်ပါဘူး။ အောက်ပါအပေါင်းမျိုးတွေ သင့်မှာရှိရင်တော့ သတိထား ပေါင်းသင့်ပါတယ်။

အပျော်အပါးမက်လွန်းသော အပေါင်းအသင်း

သူ့ဘာသာ အပျော်အပါးမက်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အပျော်အပါးကိစ္စကြီး အမြဲခေါ်နေတဲ့ အပေါင်းအသင်းမျိုးကိုတော့ သတိထားဖို့ လိုပါတယ်။ တစ်ခါတလေ သူတို့က ချမ်းသာလို့ အမြဲအပျော်အပါးကိစ္စ လုပ်နိုင်တာလည်း ရှိတတ်ပါတယ်။ ကိုယ်က ဘဝမှာ ကြိုးစားဖို့ လိုနေသေးသူဆိုရင် ကိုယ့်အခြေအနေကို မေ့လို့ မရဘူး။ ကိုယ့်အခြေအနေကို ကိုယ်တိုင် မေ့သွားတာမျိုး မဖြစ်ပါစေနဲ့။ တစ်နေ့ သင့်မှာ လက်တွဲရမယ့်သူ ရှိလာပြီး ဘဝလေး တည်ဆောက်ဖို့ ရောက်လာတဲ့အချိန်မှာ ဘာမှ အဆင်သင့် ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း သင့်ကို အချိန်အကြာကြီး ထောက်ပံ့ကြမှာ မဟုတ်ပါဘူး။ မိမိဘဝကို မိမိဘာသာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

အဆိုးမြင်လွန်းသော အပေါင်းအသင်း

နောက်ထပ် သတိထားသင့်တဲ့ အပေါင်းအသင်းကတော့ အမြဲတမ်း Negative မြင်တတ်တဲ့ အပေါင်းအသင်းမျိုးဖြစ်ပါတယ်။ အမြဲလိုလို တစ်ခုမဟုတ်တစ်ခု အပြစ်အမြဲမြင်နေတတ်ပါတယ်။ သူ့ဘဝမှာ အဆင်မပြေသမျှကို နေ့စဉ် ရင်ဖွင့်ပါလိမ့်မယ်။ တကယ်တော့ အဲဒီလို လူမျိုးတွေက ဘယ်လောက်ပဲ ကောင်းတဲ့အရာဖြစ်ဖြစ် အဆိုးမြင်လေ့ရှိတတ်ကြပါတယ်။ အဲဒီလို လူတွေဘေးမှာ အနေများရင် မွန်းလည်းမွန်းကြပ်သလို သူတို့ရဲ့ အဆိုးမြင်စိတ်တွေလည်း ကူးစက်လာတတ်ပါတယ်။ နေ့စဉ်လိုလို စိတ်မကြည်တာတွေ အမြဲ ကြုံရတတ်ပါတယ်။

“အဆိုးမြင်တတ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ သူတို့က အဖြေရှိပြီးသားအရာတွေကိုတောင် အမြဲပြဿနာရှာနေတတ်ပါတယ်”

သင့်ကို လိုမှသုံးတဲ့ အပေါင်းအသင်း

ဒီလို အပေါင်းအသင်းမျိုးကတော့ သင့်ဆီကို သူတို့တစ်ခုခု လိုချင်မှပဲ ရောက်လာလေ့ရှိပါတယ်။ သင့်ကို မလိုအပ်တော့ချိန်ကျရင် သူတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါလိမ့်မယ်။ Single ဘဝတုန်းကတော့ အရေးလုပ်ပြီး Couple ဘဝရောက်သွားတဲ့အချိန်မှာတော့ သင့်ကိုအဖက်လုပ်တော့မှာ မဟုတ်ပါဘူး။ အဆင်မပြေချိန်ကျရင်တော့ သင့်ဆီပြန်လာပါလိမ့်မယ်။ ငွေရေးကြေးရေး အဆင်မပြေမှ လာပေါင်းတဲ့ သူငယ်ချင်းမျိုးလည်း ရှိတတ်ပါသေးတယ်။ ဘဝမှာ ပျော်ရွှင်ချင်ရင် အားနာသင့်တဲ့အရာတွေပဲ အားနာပြီး ပြတ်သားသင့်တဲ့အခါ ပြတ်သားတတ်ဖို့ လိုအပ်ပါတယ်။

ဟန်ဆောင်ကောင်းတဲ့ အပေါင်းအသင်း

ဒီအပေါင်းအသင်းက အရမ်းကြောက်ဖို့ ကောင်းပါတယ်။ သင့်ရဲ့ရှေ့မှာတော့ ယုန်သူငယ်လေးလို ဖြူစင်တဲ့ပုံမျိုး ဖြစ်နေပါလိမ့်မယ်။ သင်ကတော့ အပီအပြင်ယုံလို့ပေါ့။ နောက်ကွယ်မှာတော့ သင့် မကောင်းကြောင်းတွေပဲ ဖြန့်နေပါလိမ့်မယ်။ တစ်ခါတလေ သင့်ကို ကျိတ်ပြီး မုန်းနေတဲ့ အပေါင်းအသင်းမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးတွေကို အထူးသတိထားပေါင်းဖို့ လိုအပ်ပါတယ်။

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အပေါင်းအသင်း

ဒီအပေါင်းအသင်းမျိုးကတော့ သင့်ဘက်ကို လုံးဝတွေးပေးမှာ မဟုတ်ပါဘူး။ သူတို့အတွက်က လွဲပြီး အခြားအရာတွေ စိတ်မဝင်စားကြပါဘူး။ သူတို့ကောင်းဖို့ဆိုရင် သူများကိုလည်း ခြေချနင်းရမှာ မကြောက်သူတွေ ဖြစ်ပါတယ်။ ဒီလိုအပေါင်းအသင်းမျိုးကိုလည်း သတိထားပေါင်းသင်းသင့်ပါတယ်။

အထက်ပါ အပေါင်းအသင်းအမျိုးအစားတွေဟာ ကျွန်တော် ကိုယ်တိုင်လည်း ဘဝမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ အပေါင်းအသင်းမျိုးတွေ ဖြစ်ပါတယ်။ သူတို့နဲ့ အတူရှိခဲ့ရတဲ့အချိန်တွေမှာ တစ်ခါမှ စိတ်မချမ်းသာခဲ့ရပါဘူး။ နောက်ဆုံး ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး သူတို့နဲ့ အဆက်အသွယ်ဖြတ်ခဲ့ချိန်မှသာ ပြန်လည်စိတ်ချမ်းသာခဲ့ရပါတယ်။ အပေါင်းအသင်းဟာ သင့်ရဲ့ပျော်ရွှင်မှုနဲ့ ပတ်သက်နေတာမို့ အပေါင်းအသင်းတွေ ထားရာမှာလည်း သတိပြုကြပါလို့ တိုက်တွန်းလိုက်ပါ တယ်။

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline