ရသ

Art of Difficulty

By HapEye.net

January 18, 2020

အိပ်ရာထရတာ ခက်ခဲတယ်။ ချမ်းစီးစီး မနက်ခင်းမှာ ရေချိုး မျက်နှာသစ်ဖို့ ခက်ခဲတယ်။ ကြမ်းတမ်းလွန်းတဲ့ မနက်စာကို မြိုချနိုင်ဖို့ ခက်ခဲတယ်။ ဖိနပ်ပေါက်ထဲ ခြေထိုးသွင်းပြီး လူအုပ်ထဲ ရှင်သန်သွားလာရတာ ခက်ခဲတယ်။ ကျပ်ပိတ်လွန်းတဲ့ ကားတွေထဲ ပျော်ရွှင်နိုင်ဖို့ ခက်ခဲတယ်။ တွန်းလှည်းနဲ့ ဖိနပ်ပေါက်အောင် သွားလာနေရတာ ခက်ခဲတယ်။ ဈေးဆိုင်ဖွင့်ပြီး ဝယ်သူကို အော်ခေါ်နေရတာ ခက်ခဲတယ်။ မပြောချင်ဘဲ ပြောနေရတဲ့ စကားတွေကြောင့် ခက်ခဲတယ်။ မကြားချင်ဘဲ ကြားနေရတဲ့ ဝေါဟာရတွေကြောင့် ခက်ခဲတယ်။ ဖြစ်ချင်သလို ဖြစ်နေတဲ့ အခြေအနေတွေကြောင့် ခက်ခဲတယ်။ နေ့လည်စာစားချိန်ကပ်လာတာနဲ့ ခက်ခဲတယ်။ အတိတ်ကို တွေးလိုက်ရင် ခက်ခဲတယ်။ အနာဂတ်ကို မျှော်ကြည့်ရင် ခက်ခဲတယ်။ ပစ္စပ္ပန်မှာ မစဉ်းစားဘဲနေဖို့ ခက်ခဲတယ်။ သေချာစဉ်းစားကြည့်ဖို့ ပိုခက်ခဲတယ်။ စကားလုံးတွေ ရွေးသုံးနေရတာ ခက်ခဲတယ်။ သက်ပြင်းချကြည့်ဖို့ ခက်ခဲတယ်။ ထိုင်နေတုန်း ထဖို့ ခက်ခဲတယ်။ ရပ်နေရင်း ပြေးဖို့ ခက်ခဲတယ်။ ရုတ်တရက်ကြီး အော်ဟစ်လိုက်ဖို့ ခက်ခဲတယ်။ စကားပြောရတာ ခက်ခဲတယ်။ လှုပ်ရှားနေထိုင်ရင်း စဉ်းစားရတာ ခက်ခဲတယ်။ သူများတွေ ပြောသမျှ ခေါင်းညွတ် ရယ်ပြနိုင်ဖို့ ခက်ခဲတယ်။ သူများကို ဦးစားပေးဖို့ ခက်ခဲတယ်။ ညနက်လာတာနဲ့ အိပ်ပြန်ဖို့ ခက်ခဲတယ်။ အိမ်ရောက်လာချိန် ကျောဆန့်နိုင်ဖို့ ခက်ခဲတယ်။ အကူအညီ မပေးဘဲ နေဖို့ ခက်ခဲတယ်။ အကူအညီပေးရတာလည်း ခက်ခဲတယ်။ လူတစ်ယောက်ကို ဆဲရေးပြောဆိုနိုင်ဖို့ ခက်ခဲတယ်။ မဆဲဘဲနေရင်းနဲ့လည်း ခက်ခဲတယ်။ ညစာသုံးဆောင်နိုင်ဖို့ ခက်ခဲတယ်။ တစ်စုံတစ်ယောက်နဲ့ နှီးနွယ်မှုတွေက ခက်ခဲတယ်။ ပျော်ရွှင်နေထိုင်ဖို့ ခက်ခဲတယ်။ ငိုယို စိတ်ပျက်နေဖို့ ခက်ခဲတယ်။ ခံစားနေထိုင်ကြည့်ဖို့ ခက်ခဲတယ်။ မျက်ရည်ကျအောင် မလုပ်မိဖို့ ခက်ခဲတယ်။ မျက်လုံးချင်းစုံထားပြီး လက်ချင်းချိတ်နေရတာ ခက်ခဲတယ်။ အိပ်ရာဝင်ချိန် နီးကပ်လာတာနဲ့ ခက်ခဲတယ်။ မနက်ဖြန်ကို စဉ်းစားမိပြီး ခက်ခဲတယ်။ ငြင်းဆိုရတာ ခက်ခဲတယ်။ လက်ခံနိုင်ဖို့ ခက်ခဲတယ်။ ကျောဆန့်လိုက်ရတာ ခက်ခဲတယ်။ မျက်စိပိတ်ပြီး အမှောင်ထုကို ရင်ဆိုင်ကြည့်ဖို့ ခက်ခဲတယ်။ ပြန်လည်နိုးထကြည့်ဖို့ ခက်ခဲတယ်။ နိုးထပြီး နောက်တစ်နေ့ကို ကျော်ဖြတ်နိုင်အောင် ရုန်းကန်လှုပ်ရှားဖို့ ခက်ခဲတယ်။

ခက်ခဲလွန်းတဲ့ တစ်နေ့တာကြီးကို ဖြတ်သန်းနေရတာ ခက်ခဲတယ်။

ဒါပေမယ့်… အားလုံးကို လက်မြှောက် အရှုံးပေးလိုက်ဖို့က… ပိုခက်ခဲပါတယ်။