မိုးမိုး(အင်းလျား) အပိုင်း (၁) – သည်နေ့ အဖို့တော့ ဘာပဲဖြစ်နေနေ ကိုကို့ ကို စိတ်မကောက်ဘဲ နေမည်ဟု ကျွန်မ ဆုံးဖြတ်ထားသည်။ ဆုံးဖြတ်ထားသည့်အတိုင်း ဖြစ်စေရန်မူ အတော့်ကို ကြိုးစားနေရပါသည်။ ခါတိုင်းလိုသာ ဆိုလျှင် စိတ်ကောက်ရုံသာမက နှစ်ရက်လောက် စကားမပြောဘဲ နေမိပါလိမ့်မည်။ ကျွန်မသည် စိတ်ရှုပ်ရှုပ်နှင့်ခေါင်းမှဆံပင်ကိုပင် တအားဖွ၍ ကုတ်ပစ်လိုက်ချင်ပါသည်။ သို့ သော် အချိန်တစ်နာရီကျော်ကြာ အောင်စောင့်၍ အလှပြင်ဆိုင်တွင် ထုံးခဲ့ရသော သည်ဆံထုံးကို ဖျက်ပစ်၍ မဖြစ်ပါ။ ပြီး လူပုံ အလယ်မှာ မဟုတ်ပါလား။ မိတ်ကပ်ကို အစပ်အဟပ် တည့် အောင် အတော် ကြိုးစား၍ လိမ့်းခဲ့ရသော ကျွန်မမျက်နှာသည်ပင် ချွေးသီးချွေးပေါက်များဖြင့် အဆီပြန်နေပါပြီ။ ကျွန်မ၏ ယောက်မလောင်းဖြစ်သူ ကိုကို ညီမလေးကို လှမ်းကြည့်လိုက်တော့လည်း မျက်နှာလေးငယ်ငယ်ဖြင့် စားပွဲတစ်နေရာတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်မ သူငယ်ချင်းများကတော့ ဣန္ဒြေမပျက် စောင့်ဆိုင်းနေပါသည်။ သူတို့ဆာလောင်နေကြပေရော့မည်။ တကယ်တော့ ကျွန်မတို့၏ အစီအစဉ် ကို ညနေငါးနာရီတွင် စရန်ဖြစ်ပါ၏။ ယခု ခြောက်နာရီကျော်လာ ပါပြီ။ ကိုကို့ကိုမူ အရိပ်အယောင်မျှ မမြင်ရသေး။ ကိုကို သူငယ်ချင်းများက စိတ်ပူဟန်မပြဘဲ ကျွန်မကို နှစ်သိမ့်နေပါသည်။ ။

“ကားပျက်နေတယ် ထင်ပါရဲ့” ကိုကြည်ဝင်းသည် သည်စကားကိုပင် ဆဋ္ဌမအကြိမ်မြောက် ထပ်ပြောပြန်ပါသည်။ လေးနာရီခန့်တွင် ကျွန်မနှင့် ကျွန်မသူငယ်ချင်း တစ်စုကို ကိုကို ကိုယ်တိုင် အဆောင်မှလာကြိုပြီး သည်နေရာကို ပို့ခဲ့သည်။ ဝှမ်ချူးဟိုတယ်၏ မြက်ခင်းပြင်တွင် ကျွန်မတို့ ဧည့်ခံပွဲအတွက် စားပွဲကုလားထိုင်များ အဆင်သင့် ဖြစ်နေပါပြီ။ ကိုကိုက “ကိုကိုအခုပြန်လာမယ် ခဏလေး” ဟု ဆိုကာ သူငယ်ချင်း နှစ်ယောက်နှင့် ပြန်ထွက်သွားပါသည်။ သူငယ်ချင်း တစ်ယောက်ယောက်ကို သွားကြိုတာဖြစ်မှာပါပဲဟု ကျွန်မထင်လိုက်မိပါသည်။ တဖြည်းဖြည်းနှင့် လူစုံ လာပါသည်။ ကျွန်မတို့ လူများများ ဖိတ်ကြားမထားပါ။ ကိုကိုအရင်းနှီးဆုံး သူငယ်ချင်းများနှင့် ကျွန်မ၏ အရင်းနှီးဆုံးသူငယ်ချင်းများ အားလုံးပေါင်းမှ လေးဆယ်လောက်သာ ရှိပါ၏။ လူကြီးများ မပါပါ။ လူငယ်များချည်းသက်သက် ပျော်စေလိုသောသဘောဖြင့် ကျွန်မတို့ စီစဉ်ခဲ့ပါသည်။ ခုအတိုင်းဆိုလျှင် လူကြီးတွေမပါတာ တော်သေးရဲ့ ။ အထူးသဖြင့် မေမေတို့၊ ဒေါ်ကြီး တို့ မပါတာတော်သေးရဲ့ ဟု ကျွန်မတွေးမိသည်။ ကျွန်မ မေမေနှင့် ဒေါ်ကြီးသည် မနက်က ကျွန်မနှင့်ကိုကို တရားရုံးတွင် လက်ထပ်ရာ သို့သာ လိုက်ပါခဲ့ပြီး နေ့လယ်ရထားနှင့် ပဲခူးသို့ ပြန်သွားကြပါသည်။ကိုကို့မိဘများက နံနက်စာ ဧည့်ခံကျွေးမွေးလိုက်ပါသည်။ သည်ပွဲက ကျွန်မတို့ပွဲသက်သက် ဖြစ်သည်။ သည်မျှ အကျဉ်းရုံးပြီး စီစဉ်ထား ပါလျက် အဆင်မပြေအောင် လုပ်ရက်သော ကိုကို့ကို ကျွန်မ စိတ်ဆိုးလှပါသည်။ သို့သော် သည်နေ့ သည်ရက်တွင် ကိုကို့ ကို စိတ်မဆိုး စိတ်မကောက်ဘဲ နေဖြစ်အောင်နေမည်ဟု ကျွန်မ ကြိုတင် ဆုံးဖြတ်ထားခဲ့သည့်အတိုင်း ကျွန်မ စိတ်တင်း၍နေရသည်။

“သူဘယ်သွားတာလဲဟင် ကိုကြည်ဝင်း လှိုင့်ကိုပြောစမ်းပါ၊ ကိုကြည်ဝင်းကိုကြည့်ရတာ တစ်မျိုးပဲ၊ သူသွားတဲ့နေရာ သိတယ် မဟုတ်လား၊ သူကိစ္စ တစ်ခုခုနဲ့ ထွက်သွားတာ မဟုတ်လား၊ ပြောစမ်းပါရှင့်”

ကိုကြည်ဝင်းသည် ကျွန်မကို စောစောကပင် တစ်စုံတစ်ရာ ပြောသင့် မပြောသင့် စဉ်းစားနေဟန်တူပါသည်။ သူပြောသလို ကားပျက်နေ၍ မဟုတ်မှန်း သူသိပါသည်။ သူက စိတ်ရှုပ်ဟန် ခေါင်းကို ကုတ်လိုက်ပါသည်။ “ ဒီကောင်လုပ်လိုက်ရင် ဒီအတိုင်းချည်းပဲ” သူက အပြစ်တင်သလို ညည်းသလိုလို ပြောပြန်ပါသည်။ ကျွန်မ စိတ်မရှည်နိုင်တော့ပါ။ ကိုကို့သူငယ်ချင်းကိုပင် အော်ပစ် လိုက်ချင်လာပါသည်။ “ဘာကိုလဲ ကိုကြည်ဝင်းရဲ့၊ သူ ဘာသွားလုပ်တာလဲ” ကိုကြည်ဝင်းက ကျွန်မမျက်နှာကို မသက်မသာပြန်ကြည့်ရင်း “သူ ငွေသွားရှာတာ” “မြတ်စွာဘုရား” ကျွန်မ သေသာ သေလိုက်ချင်ပါတော့သည်။ ငါးနာရီတွင်စရမည့် မင်္ဂလာပွဲအတွက် လေးနာရီခွဲမှ ငွေရှာရသတဲ့။ ကျွန်မ ရင်မှာ ပူသွားပါသည်။ ငွေများမရရင်တော့ ဒုက္ခပါပဲ။ သူငယ်ချင်းတွေ ရှေ့မှာ အရှက်ကွဲရလျှင် လဲသေလိုက်ဖို့သာ ကောင်းပါတော့သည်။ စောစောက သူ ပြန်မရောက်သေး၍ စိတ်ပူရသည်ထက် ယခု ငွေများ အဆင်မပြေခဲ့ရင် ဟူသော အတွေးက ကျွန်မကို ပို၍နှိပ်စက် နေပါပြီ။ လွန်ခဲ့သောအပတ်ကပင် မိတ်ဆွေတစ်ဦးဆီမှ ငွေလှည့်ထားကြောင်း၊ အဆင်ပြေလိမ့်မည်ဖြစ်ကြောင်း သူက ပြောပြခဲ့ပါသည်။ ကျွန်မလည်း နောက်ထပ် မမေးခဲ့ပါ။ သည်လောက်တော့ အဆင်ပြေအောင် သူ စီစဉ်လိမ့်မည်ဟု ကျွန်မ ယုံကြည်ခဲ့မိသည်။ ခုတော့ ခက်ချေပြီ။ ကျွန်မ အပေါင်းအသင်းများဘက်သို့ ရဲရဲလှည့်မကြည့်ဝံ့တော့ပါ။ “ဆာတယ်ကွာ” အရေးထဲ သူငယ်ချင်းတစ်ယောက်က ထ အော်လိုက်သဖြင့် ကျွန်မက ဟန်ဆောင်၍ အနိုင်နိုင်ပြုံးပြရင်း “သည်းခံပါဦး သူငယ်ချင်းတို့ရာ၊ သူ သူ အရေးကြီးတဲ့ မိတ်ဆွေတစ်ယောက်ကို သွားကြိုနေလို့ပါနော်” “ဘယ်လိုလုပ်ရမလဲ ကိုကြည်ဝင်းတို့ရာ၊ တစ်ခုခု ကြံစမ်းပါဦး”ကျွန်မက ကိုကြည်ဝင်းဘက်သို့ လှည့်၍ တီးတိုးတိုင်ပင် ရပြန်ပါသည်။

လိမ္မော်ရည် အရင်ချပေးထားရအောင်” ကျွန်မတို့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်၍ စောင့်ဆိုင်းနေ ကြသော စားပွဲထိုးများကို လိမ္မော်ရည် ချခိုင်းလိုက်ရပါသည်။ အစီအစဉ်က စကတည်းက လွဲရပါပြီ။ စားစရာချပြီးမှ လိမ္မော်ရည် ကို ဘေးမှ လိုက်ချပေးရန် ဖြစ်သည်။ဟင်းလျာအစီအစဉ်မှာ တရုတ်ထုံးစံဖြစ်သဖြင့် တစ်မျိုးပြီး တစ်မျိုးချသွားပြီး တစ်မျိုးပြီးလျှင် တစ်မျိုးသိမ်းသွားပေလိမ့်မည်။ သတို့သားမရှိပါဘဲ ကျွန်မတို့ပွဲကို ဘယ်လိုစရပါမည်နည်း။ “ဟော လာပြီ လာပြီ”ကျွန်မရင်ထဲမှ ခံစားချက်ကို ပြောမပြတတ်တော့ပါ။ ရုတ်တရက် ကိုကိုဆီပြေးပြီး ငိုချလိုက်ချင်မိပါသည်။ အရေးဆိုလျှင် မျက်ရည် အလွန်ကျလွယ်သော ကျွန်မအဖြစ်ကို မျက်တောင် တဖျတ်ဖျတ်ခတ်၍ ဟန်ဆောင်လိုက်ရပြီး ကိုကို့ကို ဆီးကြိုလိုက် ရသည်။ ကိုကိုလှမ်း၍ ဆုပ်ကိုင်လိုက်သော ကျွန်မလက်များသည် အေးစက်နေပါလိမ့်မည်။

“အားလုံးကို တောင်းပန်ပါတယ်ဗျာ၊ လမ်းမှာကားပျက်နေလို့ ကြာသွားတယ်” ။ကိုကို ဣန္ဒြေမပျက် တောင်းပန်ရင်း သူ့နေရာမှာ ထိုင်ချ လိုက်သဖြင့် ကျွန်မပါ ရောယောင် ထိုင်လိုက်ရသည်။ သို့သော် ကျွန်မစိတ်ကဖြင့် မအေးလှသေးပါ။ “အဆင်ပြေရဲ့လား ကိုကို” ကျွန်မ တီးတိုးမေးမိပါသည်။ “ဣန္ဒြေမပျက်ပါနဲ့ လှိုင်၊ အဆင်ပြေပါတယ်” ကိုကို့အပြောကို ဘဝင်မကျလှသော်လည်း အသာငြိမ်နေ လိုက်ရပါသည်။ တစ်ပွဲပြီး တစ်ပွဲချလာသော ဟင်းများကို ကျွန်မ မျိုမကျတော့ပါ။ ကိုကို သူငယ်ချင်း တစ်ယောက်က ကျွန်မလိမ္မော်ရည်ခွက်ထဲကို နောက်ပြောင်၍ ထည့်ပေးသော အရက် အနည်းငယ်ကိုပင် ကျွန်မ အမှတ်မဲ့ သောက်ချလိုက်ပါသည်။ ပြီးမှ မျက်နှာပျက်သွားသော ကျွန်မကို ကိုကိုကကြည့်ကာ ရယ်မောပါ လေသည်။

“ရွှင်ရွှင်ပျပျနေစမ်းပါ လှိုင်ရာ၊ လာ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်မယ်” ကိုကိုကတော့ သူငယ်ချင်းတွေက တစ်ယောက်တစ်လက် ဝိုင်းထည့်ပေးသော အရက်တန်ခိုးကြောင့်လားမသိ ရွှင်နေပါသည်။ ကျွန်မလက်ကိုဆွဲပြီး သူငယ်ချင်းများကို ရွှန်းရွှန်းဝေအောင် လိုက်နှုတ်ဆက်နေပါသည်။ “တို့တော့ ရုပ်ရှင်ကြည့်ပြီးမှပြန်မယ်” ။ကျွန်မသူငယ်ချင်းများက အကြပ်ကိုင်ကြသည်။ ကျွန်မတို့မှာ ဘော်ဒါဆောင်တစ်ခုတွင် စုနေကြသော သူငယ်ချင်းတစ်စုသာ ဖြစ်ကြပါသည်။ သည်ည သူတို့နှင့်ခွဲ၍ ကိုကိုနှင့် လိုက်သွားမည့် ကျွန်မကိုသူတို့က ကျီစယ်၍ ဆွဲထားလိုက်ကြသည်။ ကိုကိုက ဣန္ဒြေ မပျက် တဟဲဟဲရယ်ရင်း “သဘောပါဗျာ သဘောပါ၊ စားပြီးရင် ရုပ်ရှင်သွားကြတာပေါ့” “ဒီလိုဆို ကိုးနာရီခွဲပွဲ လက်မှတ်ဝယ်ခိုင်းလိုက်လေ၊ သမ္မတ ရုံမှာ၊ အားလုံး ဆယ့်နှစ်ယောက်ရှိတယ်” သူတို့က တကယ်ကြည့်မည်ပုံနှင့် ပြောလာရာ ကျွန်မရင်မှာ ထိတ်သွားရပြန်သည်။ ကိုကို ဘယ်လိုစီစဉ်ပါ့မလဲ။ကိုကိုက မြက်ခင်းအပြင်ဘက်သို့ ကျွန်မကို ဆွဲခေါ်ခဲ့ကာ မူးမူးနှင့်အန်နေသော သူ့သူငယ်ချင်း ကိုစိန်ဝင်းကို သွားခေါ်ရသည်။

“လှိုင်ကလဲ သိပ် ဣန္ဒြေပျက်တာပဲ၊ ဟေ့ကောင် စိန်ဝင်း အမျိုးသမီးတွေက ရုပ်ရှင်ကြည့်ချင်တယ်တဲ့ကွ၊ ဘယ်လို လုပ်ရ မလဲ” “ကြည့်ချင် ပြလိုက်ပေါ့ကွ” “ဒါတော့ မင်းပြောမှလား၊ မင်းမှာ ငွေဘယ်လောက်ကျန် သေးလဲ” “မင်းလုပ်ချင်တာသာ လုပ်စမ်းပါကွာ၊ ငါ့မှာ ကားဘီးအပို တစ်လုံးပါတယ်၊ ဟိုတယ်မှာ အပေါင်ထားခဲ့မယ်၊ ဒီမှာ နာရီလဲ ရှိတယ်ကွ၊ ဘာမှမပူနဲ့” “တိုးတိုးပြောစမ်းပါ ကိုစိန်ဝင်းရယ်” မူးမူးနှင့် အော်နေသော ကိုစိန်ဝင်းကို ကျွန်မက တောင်းပန် ရပြန်ပါသည်။ကိုကိုနှင့်ကျွန်မ အထဲကို ပြန်ဝင်လာကြသောအခါ သူငယ် ချင်း တစ်ချို့က ပြန်ရန် ဟန်ပြင်နေကြပါပြီ။ “အလကားနောက်တာပါ မိလှိုင်ရာ၊ တို့ ရုပ်ရှင်မကြည့်ပါဘူး၊ အဆောင်ကိုပဲ ပြန်ပို့တော့” “ကြည့်ချင်ရင်လဲ ရပါတယ်ဗျာ၊ ကားမောင်းပို့ရမယ့် ကောင်က မူးနေလို့ ၊ ဒါပေမယ့် နောက်ကားတစ်စီးတော့ ရှိပါသေးတယ်” “အို နေပါစေ သတို့သားကြီးရယ်၊ ကဲ မမူးတဲ့ကားနဲ့ပဲ ကျွန်မတို့ကို ပြန်ပို့ပါနော်” သူငယ်ချင်းများကို နှစ်ခေါက်ခွဲ၍ ပြန်ပို့ရသည်။ မြို့ထဲမှ သူငယ်ချင်းများလည်း အလျှိုအလျှို ပြန်သွားကြပါသည်။ နောက်ဆုံးတော့ ကိုကို သူငယ်ချင်းတစ်စုနှင့် ကျွန်မတို့သာ ကျန်ခဲ့သည်။ ကျွန်မရင်ထဲမှာလည်း ခုမှပင် အေး၍ ပေါ့ပါးသွားပါသည်။

“ကဲ ပြန်ကြပါစို့ လှိုင်” “ဘယ်ကိုပြန်ရမှာလဲ ကိုကိုရယ်” ကျွန်မက နွမ်းလျစိတ်ပျက်စွာပြောလိုက်မိပါသည်။ တကယ် တော့ ကျွန်မတို့၏ မင်္ဂလာဦးညအတွက် သီးသန့်နားခိုရာသည် မရှိပါချေ။ လွန်ခဲ့သော ခြောက်လခန့်ကပင် ကျွန်မတို့နှစ်ဦးနေရန် အတွက် အိမ်ရှာခဲ့ပါသည်။ စိတ်ကြိုက်အဆင်ပြေသည့် အိမ်ကို ရှာမတွေ့ခဲ့ပါ။ နောက်ဆုံး ကျွန်မတို့ကြိုက်သည့်အိမ်မှာ သည်လ ကုန်မှ အရင်လူတွေဆင်းမည်ဖြစ်ရာ ကျွန်မတို့ စောင့်ရဦးမည်။ အိမ်ရပြီးမှ လက်ထပ်လိုသော်လည်း ဗေဒင်အလိုအရ နေ့ကောင်း ရက်သာကို ရွေးလိုက်ရသဖြင့် လောလောဆယ် အိမ်အခက်အခဲကို ကျွန်မတို့ ရင်ဆိုင်ရပါသည်။ ကိုကိုတို့အိမ်မှာ မြို့လယ် တိုက်ခန်း ကျဉ်းလေးဖြစ်ပြီး အိမ်သားက များလှပါသည်။ ကျွန်မမှာ ထိုအခန်း ကျဉ်းကလေးထဲတွင် သွားနေရမှာကိုတွေးပြီး အသက်ရှုကြပ်နေမိ သည်။ ဖြစ်နိုင်လျှင် အမေတို့ရှိရာ ပဲခူးကိုပင် သွားနေလိုက်ချင် ပါသည်။ ကိုကို့အလုပ်က ရန်ကုန်မှာမို့ သွားနေ၍မဖြစ်ပါ။ ပြီး ကျွန်မတို့မှာ ပျားရည်ဆမ်းခရီး ထွက်လောက်အောင်လည်း ငွေကြေး မပြည့်စုံပါချေ။ ကျွန်မမှာ ဘွဲ့ရအလုပ်လက်မဲ့တစ်ဦးသာ ဖြစ်ပါသည်။ ကိုကိုလခ သုံးရာကျော်ကို အားကိုး၍ ကျွန်မ လက်ထပ်ခဲ့ပါပြီ။ ရှေ့တွင် မည်သို့သော အခက်အခဲများ ပေါ်လာဦးမည်မသိပါ။

“ဘာတွေးနေတာလဲ လှိုင်ရယ်၊ ကိုကိုတို့ အိမ်ကိုပဲ ပြန်ကြတာပေါ့ကွာ၊ ကိုကို ခုတင်ကအကျယ်ကြီးပါ၊ နှစ်ယောက်အိပ်လို့ရပါ တယ်လှိုင်ရဲ့ ၊ ကိုကို့ရင်ခွင်ကလဲ အကျယ်ကြီးပါလှိုင်ရယ်” ကိုကိုကတော့ ကျွန်မကို ခပ်မြူးမြူးလေး ချော့နေပါသည်။ ဟုတ်ပါသည်။ ခုလို ပျော်ရွှင်ကြည်နူးရမည့် မင်္ဂလာဦးညမှာ ကျွန်မ တွေဝေနေ၍ မဖြစ်တော့ပါ။ ကြုံလာသမျှကို အပြုံးနှင့် ရင်ဆိုင်ရပေမည်။ “ဒီလိုဆိုလဲ လှိုင်တို့ ပြန်ကြတာပေါ့ ကိုကိုရယ်” ကျွန်မက ကိုကို့လက်မောင်းကို မှီတွယ်ပြီး ထလိုက်ခဲ့ပါသည်။ “ကဲ ဘယ်ကိုပို့ရမလဲ” ကိုကို သူငယ်ချင်းက ကားကို အသင့်စက်နှိုးရင်း မေးလိုက် ပါသည်။

“အိမ်ကိုပဲပေါ့ကွာ” “ဘာ”” ငါတို့အိမ်ကိုလေကွာ၊ ၃၇ လမ်းကိုပေါ့” “မင်း အရူးလား၊ မင်္ဂလာဦးညမှာ မင်းမယားအသစ် စက်စက်လေးကို လူပေါင်း နှစ်ဒါဇင်လောက်ရှိတဲ့ မင်းတို့အခန်း လေးထဲ ခေါ်သွားပြီး ချွေးအောင်းခိုင်းမလို့လား” “ခုချမ်းနေပါပြီကွ” “မင်းဟာက မဟုတ်သေးပါဘူးကွာ၊ တခြား လွတ်လွတ် လပ်လပ် တစ်နေရာရာ သွားပါလား” “အို အိမ်ကိုပဲ ပို့ပေးပါရှင်”‌ ကျွန်မမှာ ရှက်ရှက်နှင့် ဝင်ပြောမိသော်လည်း ကျွန်မကိုယ်တိုင် လည်း အမှန်ပင် ကိုကိုတို့အိမ်ကို မပြန်ချင်ပါ။ “ကဲ ငါတို့အိမ်သာ လိုက်ခဲ့ပါကွာ၊ အိမ်မှာ မိန်းမနဲ့ ကလေး တစ်ယောက်ပဲ ရှိတယ်ကွ” ကိုကို့သူငယ်ချင်း ကိုစိုးမြင့်က ဝင်ပြောလာပါသည်။ “ဟုတ်သားပဲ အဲဒီကိုပဲ သွား” ကိုစိန်ဝင်းက တိုက်တွန်းနေရာ ကိုကိုနှင့်ကျွန်မမှာ သူတို့ အစီအစဉ်ကိုပင် လိုက်နာကြရပါတော့သည်။ ကိုစိုးမြင့်တို့အိမ်မှာ နှင်းဆီကုန်းတွင်ရှိပါသည်။ မူးမူးနှင့် မောင်းနေသော ကိုစိန်ဝင်း၏ ကားကိုပင် ကျွန်မတို့ စိတ်ချလက်ချ တပျော်တပါးစီးခဲ့ကြသည်။ ကားလေးသည် လမ်းမှ ချိုင့်များ ခဲများပေါ်တွင် ဖြတ်နင်းနေရ၍ ခုန်ပေါက်ယိမ်းထိုးနေပါသည်။

မြို့ပြင်ရောက်လာမှ ဆောင်းဦး၏ အရသာကို သိသိသာသာ ခံစားလာရသည်။ အအေးဓာတ်သည် လွှမ်းမိုးလာပါပြီ။ ကိုကိုက ကျွန်မကို ရင်ခွင်ထဲ သွင်းထားလိုက်သည်။ ကိုကို့ သူငယ်ချင်းတစ်ယောက်က သီချင်းတစ်ပုဒ်ကို သီဆိုလိုက်ပါ လာသည်။ သည်လိုတော့လည်း ပျော်စရာကောင်းသားပဲဟု ကျွန်မ တွေးနေမိပါသည်။ တကယ်တော့ ကျွန်မသည် စိတ်ကူးယဉ်တတ်ခဲ့သော မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။ ကျွန်မ ဖတ်ရဖူးသော ဝတ္ထု စာအုပ်ထဲမှ သတို့သားနှင့် သတို့သမီးတို့၏ မင်္ဂလာဦးညကိုလည်း တွေး၍ စိတ်ကူးယဉ်ခဲ့ဖူးပါသည်။ ခမ်းနားကြီးကျယ်သော မင်္ဂလာ ပွဲမှအပြန် သတို့သားနှင့် သတို့သမီးသည် ကိုယ်ပိုင်ကားလေးကို မောင်းနှင်၍ အင်းလျားကန်ရှိ တစ်ထပ်တိုက်ကလေးကို ရှေ့ရှု သွားနေပါသည်။ ဤတိုက်ကလေးမှာ အသစ်စက်စက် ဇနီးမောင်နှံ အတွက် သီးသန့် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ပိုးဖဲကတ္တီပါတို့ဖြင့် လှပသေသပ်စွာ ခင်းကျင်းထားသော နှစ်ယောက်အိပ် ခုတင်ကြီးဘေးဝယ် လှပသော မှန်တင်ခုံအသစ် စက်စက်ကလေးက ရှိနေသည်။

သတို့သမီးသည် မှန်တင်ခုံရှေ့တွင် ထိုင်လျက် လက်ဝတ်လက်စားကလေးများကို ဖြုတ်သိမ်းနေသည်။ ထိုအချိန်တွင် သတို့သားက နောက်နားမှလာရပ်လျက် အသစ်စက်စက် ဇနီးသည်ကလေး၏ ပုခုံးလေးကို ဆွဲလှည့်ကာ ဤသည်ကား ကျွန်မ၏ စိတ်ကူးယဉ် ဇာတ်လမ်းထဲမှ ကြင်စဦး မောင်နှံ၏ မြင်ကွင်းသာဖြစ်ပါသည်။ တကယ်လက်တွေ့မှာမူ “ကဲ ဒီကပဲ ဆင်းလျှောက်ကြပေတော့၊ ဆက်မောင်းလို့မရ တော့ဘူး” မှန်ပါသည်။ ရှေ့တွင် လူသွားလမ်းလေးသာရှိပါတော့သည်။ သည်နေရာအထိ ကြမ်းတမ်းလှသောလမ်းကို ကားအနာခံ၍ လိုက်ပို့ သည်ကိုပင် ကျေးဇူးတင်ရပေတော့မည်။ နှင်းဆီကုန်း ရပ်ကွက်လေး သည် တိတ်ဆိတ်မှောင်မဲလျက် ရှိပါသည်။ မြို့ထဲမှာလို မီးထိန်ထိန် လင်းမနေ။ လမ်းသွားလမ်းလာတွေလည်း ရှင်းနေပေပြီ။

ကျွန်မတို့ သည် မှောင်မှောင်မည်းမည်းထဲမှာပင် အဝတ်အစား တပြောင်ပြောင်ဖြင့် လျှောက်လာခဲ့ကြပါသည်။ ကျွန်မ၏ ဒေါက်မြင့်ဖိနပ် သည် မညီညာသော လမ်းပေါ်မှ ခဲလုံးများကို နင်းမိပြီး မကြာခဏ ယိမ်းထိုး လဲပြိုမလို ဖြစ်နေရသည်။ မမူးဘဲနှင့် လဲချင်နေသော ကျွန်မကို ကိုကိုက မူးမူးနှင့် ထိန်းပေးပါသည်။ ကိုစိုးမြင့်က ရှေ့မှ လမ်းပြ၍ ခေါ်သွားသည်။ ။ကိုစိုးမြင့်၏ဇနီးက ကျွန်မတို့ကို တအံ့တသြ ဝမ်းပန်းတသာ ဆီးကြိုရှာပါသည်။ ကျွန်မအတွက် လဲစရာ အဝတ်ကိုလည်း ထုတ် ပေးရသည်။ အားနာလိုက်သည်မှာ ပြောစရာမရှိတော့။ သို့သော် မတတ်နိုင်ပါပြီ။ သည်နေ့အဖို့တော့ ရောက်လေရာသာ သုခလို့ မှတ်ပေတော့ မိလှိုင်ရေဟု ကိုယ့်ကိုယ်ကို အားပေးမိသည်။ကျွန်မတို့အတွက် ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင် တစ်ထည် ခွဲတမ်းကျလာပါသည်။ တစ်လုံးတည်းသောခြင်ထောင် ကိုတော့ သူတို့၏ ကလေးငယ်ကိုညှာကာ ပြန်ပေးရသည်။ဆောင်းလေသည် စိမ့်၍အေးလာသည်။

“တံခါးပိတ်လိုက်ပါဦး ကိုကိုရယ်” အိပ်ရာပေါ်ပစ်လှဲလိုက်သောကိုကို့ကို ကျွန်မက ပြောမိသည်။ “ပိတ်စရာတံခါးမှ မရှိတာ လှိုင်ရဲ့” “ဟင် ”ယခုမှ ကျွန်မကြည့်မိသည်။ အိမ်ရှေ့တွင် ထရံကွက်ကြား ရိုက်ထားသော တံခါးတစ်ချပ်မှလွဲ၍ သစ်သားတံခါးကြီး မရှိပါချေ။ ထို့ကြောင့်လည်း လေက တဟူးဟူး တိုးဝင်လာ၍ တစိမ့်စိမ့် အေးပါလေတော့သည်။ကိုကိုသည် ကျွန်မကို ရင်ခွင်ထဲ ဝှက်ထားပြီး စောင်နှင့် ထွေးပွေ့ထားပါသည်။ သို့တိုင်အောင် ကျွန်မ နားရွက်ကလေးများ အေးစက်နေပါသည်။ ကျွန်မပါးကို ထိနမ်းလာသော ကိုကို၏ နှာခေါင်းဖျားလေးသည်ပင် အေး၍နေပါသည်။မင်္ဂလာဦးညမှာပင် မတွေးကောင်းသော အရာကို ကျွန်မ တွေးမိချေသည်။ မေတ္တာနဲ့ ထွေးတိုင်းလဲ မနွေးပါလား ကိုကိုရေ။ ကိုကိုတို့အိမ်သည် ၁၂ပေသာ ကျယ်ဝန်းသော တိုက်ခန်းလေးမျှ သာဖြစ်သည်။

ကျွန်မတို့မှာ တောသူပီပီ အိမ်ကိုကျယ်ကျယ်ဝန်းဝန်း နေလာခဲ့ရသူ ဖြစ်၍ သည်တိုက်ခန်းကျဉ်းလေးဝယ် အသက်ရှုကျပ်လှ ပါသည်။ လူဦးရေကိုလည်းကြည့်ပါဦး။ ဤအိမ်၏ အဓိပတိကြီးဟု ဆိုရမည့် ဘွားဘွားမြင့်၊ ကိုကိုတို့ ဖေဖေ၊ ကိုကိုတို့ ဖေဖေ၏အစ်မ ကိုကိုကြီးကြီးဖြစ်သူ ဒေါ်သူဇာ၊ ကိုကို့ အစ်ကို ကိုထွန်းသာနှင့် ဇနီအပြင် သားသမီး သုံးယောက်၊ ကိုကို ညီမ အပျိုပေါက်လေး တစ်ယောက်နှင့်ဆိုတော့ အားလုံးပေါင်း ကိုးယောက်။ ကျွန်မနှင့် ကိုကိုပါ ပေါင်းလိုက်တော့ ၁၁ ယောက်။ မလူးသာ မလှည့်သာ။ ပြီး ကိုထွန်းသာ၏ ကလေးသုံးယောက်ကလည်း ဆူလှဆော့လှသည်။ ကလေးတို့၏ မိခင်ကလည်း သူ၏ သားသမီးများကို “ဟဲ့ ဆို၍ တစ်ချက်မငေါက်စဖူး။ ထမင်းချက်ချိန်မှ လွဲ၍ ကျန်သည့်အချိန်တွင် ဝတ္ထုမဂ္ဂဇင်း စာအုပ်များနှင့်သာ မွေ့လျော်နေလေသည်။ တစ်အိမ်လုံး ကြောက်ရသည်ကတော့ ဘွားဘွားမြင့်ပါပဲ။ သူ့နောက် ဒုတိယ လိုက်သူက ဒေါ်သူဇာဖြစ်၍ တတိယစွဲသူကတော့မြီးကောက်ပေါက်မလေး “အေးမြစံသာ” ဖြစ်ပါသည်။

ကိုကို ဖေဖေ ဦးစံသာကတော့ လူရိုးလူအေး တစ်ဦးသာဖြစ်သည်။ အမေနှင့်အစ်မကို သံယောဇဉ်ကြီးသည်။ သားသမီးများကို ခင်တွယ် သည်။ မြေးများကို ချစ်သည်။ ချွေးမများကို လိုက်လျောသည်။ကိုကိုတို့ ကို အထည်ကြီးပျက်များဟု ဆိုရပေမည်။ ဘွားမြင့်သည် တစ်ချိန်က လျှမ်းလျှမ်းတောက် ထင်ပေါ်ခဲ့သော ရဲမင်းကြီး ကတော် မိန်းမချောကြီး ဖြစ်ခဲ့သည်။ ဖေဖေသည်လည်း ပြန်တမ်းဝင်အရာရှိကြီးတစ်ယောက် ဖြစ်ခဲ့သည်။ ကြီးကြီးသူဇာသည် တက္ကသိုလ် မရောက်ခဲ့ဖူးသော်လည်း သူ့ခေတ်သူ့အခါက နာမည်ကြီး ပေ့ဆိုသော သာသနာပြုကျောင်းထွက် မာနခဲတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ကိုကို့မိဘနှင့် ဆွေမျိုးအသိုင်းအဝန်းက အရာရှိအရာခံ သားသမီးကိုသာ အထင်ကြီးသည်။ ပညာတတ်လူတန်းစားကိုသာ လူ ရာဝင်သည်ဟု ထင်သည်။ အစ်ကိုကြီး ကို ထွန်းသာသည် ကုန်သွယ်ရေးဌာနမှ အရာရှိတစ်ဦးဖြစ်ပြီး သူ့ ဇနီး မခင်မာသည် မြို့နယ်ဆရာဝန်ကြီး တစ်ဦး၏သမီးဖြစ်သည်။

သူမကိုယ်တိုင်က ၁ဝ တန်းအောင်ပြီး ကျောင်းထွက်ခဲ့သူဖြစ်သည့်တိုင် ခုခေတ်ပညာကို အထင်မကြီး၊ သူမတို့အဖို့ အလုပ် လုပ်စရာမလို၍ ရွှေပေါ်မြတင် နေလာခဲ့သူဟု ဂုဏ်ယူသည်။ ။၁၂ပေ တိုက်ခန်းကျဉ်းလေးတွင် နေနေရသည့် တိုင် ဤမိသားစု၏ စိတ်ဓာတ်သည် ရွှေတောင်ကြားလမ်းမှ တိုက်ကြီးရှင် တို့အလား ဟန်တစ်ခွဲသားနှင့် သွားလာဆက်ဆံတတ်သည်။ သူတို့ ကိုယ်တိုင်က အကြောင်းမလှ၍ ချမ်းချမ်းသာသာ လျှမ်းလျှမ်းတောက် မနေနိုင်သည့်တိုင် နေနိုင်သည့် ဆွေမျိုးများဂုဏ်ကို ဖော်ထုတ်၍အမြဲ ဝင့်ကြွားတတ်သည်။ ကိုကို့ကိုပင် ဆွေမျိုးထဲမှ မောင်နှမဝမ်းကွဲတော်သူ တရားသူကြီးတစ်ဦး၏ သမီး တက္ကသိုလ်မှ ကထိက ဆရာမတစ်ဦးနှင့် ပေးစားရန် စေ့စပ်ဖူးသည်ဟု ကြီးကြီးသူဇာက အမြဲပြောလေ့ရှိသည်။ ကိုကိုသည် သူတို့စကားကို နားမထောင်ဘဲ ကျွန်မကို လက်ထပ်ခဲ့ဟန်တူလေသည်။

ကျွန်မမှာ သာမန် ကုန်သည်သားသမီးဖြစ်၍ ကျွန်မကို သူတို့ အထင်မကြီးကြပါ။ ပြီး ရိုးရိုးနှင့် တောဆန်ဆန် ဝတ်စား နေထိုင်တတ်သော မေမေတို့ကို ကြည့်၍လည်း အထင်သေးပုံရသည်။ ပြီးတော့ ကျွန်မသည် ဘွဲ့ရခဲ့သည့်တိုင် အလုပ်လက်မဲ့ တစ်ဦးသာ ဖြစ်ချေသည် တကား။ နောက်ခံအားဖြင့်လည်း မခင်မာတို့ လို ဂုဏ်မရှိလှချေ။နံနက် အိပ်ရာထလျှင် ဘွားမြင့်စံ၏အသံသည် စီညံ၍ ထွက်လာသည်။ အသက် ၇၀ ကျော်သော်လည်း ဘွားမြင့်မှာ ကျန်းမာသန်စွမ်းဆဲဖြစ်သည်။ သူ့မျက်နှာသုတ်ပဝါကို သူကိုယ်တိုင် လျှော်သည်။ အင်္ကျီလုံချည်များကို ဒေါ်သူဇာမှ လွဲ၍ မည်သူမျှ လျှော်ဖွပ်ပေး၍ မရ။ “ဟဲ အမယ်လေး အိပ်လိုက်ကြတာနော်၊ ခြောက်နာရီထိုးတော့ မယ်ဟဲ့” ဘွားမြင့်၏အသံကြောင့် ကျွန်မ ငေါက်ခနဲ ထထိုင်မိပါသည်။ ညက ကိုကိုအဆွယ်ကောင်း၍ ကိုးနာရီခွဲပွဲ ရုပ်ရှင်သွားကြည့်မိသည်။ ပြန်လာတော့ သူများတွေအိပ်တုန်း နှစ်ယောက်တည်း လွတ်လွတ် လပ်လပ် မီးဖိုချောင်မှာ စကားပြောနေမိကြရာ နှစ်နာရီ ထိုးခါနီးမှ အိပ်ရာဝင်ဖြစ်သည်။ အိပ်ရေးမဝ၍ ခေါင်းမူးရသည့်အထဲ ကိုကို ခုတင်တွင် နှစ်ယောက်ပေါင်းအိပ်ရ၍ ခြေလက်မဆန့်သာ သဖြင့်ညောင်းညာကိုက်ခဲနေပါတော့သည်။ ကိုကိုက ကျွန်မကို အသာပြန် ဆွဲ၍ အိပ်စေပါသည်။ ကျွန်မတို့နှစ်ယောက် ခုတင်ကို ကန့်လန့်ကာ တစ်ခုဖြင့် ကာရံထားပါသည်။

“အိပ်နေစမ်းပါ လှိုင်ရာ၊ ခုလိုအော်တာဟာ ဘွားမြင့်အကျင့်ပဲ။ ရိုးနေပါပြီ၊ အိပ်သာ အိပ်စမ်းပါ၊ တော်ကြာ နေမကောင်း ဖြစ်နေ မယ် ” “ဟင့်အင်း မအိပ်ရဲဘူးကိုကို၊ ကိုကို ရုံးသွားဖို့ အင်္ကျီ မီးပူ မတိုက်ရသေးဘူး၊ တော်ကြာ ကိုယ့်လင်အဝတ်တောင် အလျင်မီ အောင် လုပ်မပေးနိုင်ဘူးလို့ ကြီးကြီးသူဇာက ပြောနေဦးမယ်” “မီးပူမတိုက်ရသေးလဲ ဒီအတိုင်း ဝတ်သွားပါ့မယ်ကွာ၊ ခဏ ဖြစ်ဖြစ် လှဲနေစမ်းပါဦး” “ဟဲ့ မခင်မာ၊ ညည်းလင်တွေ ညည်းသားတွေစားဖို့သောက်ဖို့ ထပြု ချက်ပြုတ်ပါတော့လား၊ ညည်းတို့ချည်းများနေရင် ဘယ်လိုနေကြ မယ်မသိဘူး၊ ကြည့်စမ်းချင်လှတယ်” မခင်မာသည် အိပ်ခန်းထဲမှ အိပ်ချင်မူးတူး ထကာ ရေချိုး ခန်းအတွင်း ဝင်သွားပါသည်။ နောက်မှ သူ့သားအငယ်ဆုံး တူးတူး သည် အခန်းဝတွင် ရပ်၍ ငိုနေလေသည်။‘တူးတူးလေး လာလာ၊ အန်တီဆီလာ”ကျွန်မက မနေသာ၍ တူးတူးကို ဝင်ချော့နေမိသည်။ ထိုစဉ် အေးမြစံသာက လုံချည်ရင်လျား မလုံ့တလုံဖြင့် ရေချိုးခန်းဝတွင် ရပ်ကာ တံခါးကို တဒုံးဒုံးထုပါတော့သည်။

“မမခင်မာ မမခင်မာ၊ မြန်မြန်လုပ်စမ်းပါ၊ ဒီမှာ ကျောင်းမမီဘဲ နေတော့မယ်” “အေးပါဟ ခဏလေး၊ မျက်နှာသစ်ရုံတင်ပါ” မခင်မာ ရေချိုးခန်းမှထွက်ပြီး မီးဖိုခန်းထဲဝင်သွားရာသို့ တူးတူးက ငိုယိုလိုက်ပါသွားသည်။ မခင်မာ၏ သမီးနှင့် သားအကြီး နှစ်ယောက်သည် မီးဖိုခန်းတွင် ဘယ်အချိန်က ရောက်နေနှင့်သည် မသိ ထမင်းစားပွဲတွင် ထိုင်ကာ မလှီးရသေးသော ပေါင်မုန့် ကို ဝိုင်းဖွဲ့နေကြပေပြီ။ “အမလေးတော်၊ ကဲလိုက်တဲ့ ဟာတွေနှယ်၊ လူကြီးတွေဖို့ မဖယ်ရသေးဘူးတဲ့၊ ဟောတော့ ကုန်ပါပြီ၊ ပေါင်မုန့် တစ်ခုလုံး ကြွက်ကိုက်ထားသလိုပဲ၊ ဓားပေးစမ်း ပေးစမ်း” ကျွန်မက မုန့်လှီးသည့်ဓားကို အလျင်အမြန်ယူ၍ ဒေါ်သူဇာ လက်ထဲ ထည့်ပေးရသည်။ “အို ရေနွေးကဖြင့် ဆူနေတာ ကြာလှပြီ၊ ဆန်ဆေးလို့ မပြီးသေးဘူးလား၊ ရေနံဆီတော့ ကုန်ပါပြီနော်” ဒေါ်သူဇာတည်ထားသော ရေနွေးအိုးသည် မခင်မာဆန်ဆေး မပြီးခင် ဆူနှင့်ပေပြီ။ ဤအစီအစဉ်မှာလည်း နေ့စဉ်လွဲနေကျ ဖြစ်သည်။ အမှန်မှာ ရေနွေးဆူသည်နှင့် မခင်မာ၏ ထမင်းအိုးက တင်ရန် အဆင်သင့် ဖြစ်နေရမည်။ သည်အတွက် ကျွန်မသည်လည်း တာဝန်မကင်းပါ။ ကလေးသုံးယောက်မိခင် မခင်မာ့အရင် ဦးစွာထ၍ ထမင်းကို ကျွန်မပြင်သင့်သည်မဟုတ်ပါလား။ ဒါကို မခင်မာကလည်း ကျေနပ်ဟန်မတူ။ ငြူစူလေသည်။ ဒေါ်သူဇာကလည်းစောင်းမြောင်းဖူး လေသည်။

“အင်း၊ ချွေးမ တစ်ယောက်တည်းနော် ရေအားလုံးပြည့်တယ်။ ချွေးမနှစ်ယောက်ရှိတယ်နော် ရေတစ်အိုးမှ မပြည့်ဘူး ဆိုတာလိုဖြစ်နေပြီ” ဒေါ်သူဇာစကားကို ကျွန်မနားလည်ပါသည်။ အိမ်တစ်အိမ်တွင် ချွေးမတစ်ယောက်တည်းရှိစဉ်က တွက်ကပ်ရမည့်သူမရှိသဖြင့် တစ်ယောက်တည်း လုပ်ကိုင်ရာ အိမ်ရှိရေအိုးအားလုံး ရေပြည့်အောင် ခပ်လေသည်။ ချွေးမနှစ်ယောက်ဖြစ်လာသောအခါ တစ်ဦးနှင့်တစ်ဦး တွက်ကပ်ပြီး မခပ်ကြသဖြင့် ရေတစ်အိုးမှ မပြည့်သော အဖြစ်ကို စကားပမာဆိုခြင်းပါပေ။ ကျွန်မအနေနှင့် တွက်ကပ်လိုစိတ် မရှိပါ။ သို့တိုင်အောင် ကျွန်မသည် အိမ်အလုပ်ကို စမ်းတဝါးဝါး စတင် လုပ်ကိုင်ရသူ ဖြစ်သဖြင့် အထာမကျလှသေး။ ပြီး ကျွန်မသည် ဤမျှ ကြီးမားသော မိသားစုနှင့် မနေခဲ့ဖူးသေး။ ဤသို့ လျှင် ကြီးလေးသော အိမ်ထောင့်တာဝန်ကို မထမ်းဆောင်ခဲ့ဖူးသေး။ ကျွန်မတို့မိသားစုမှာ မေမေ၊ ဒေါ်ကြီးနှင့် ကျွန်မပါ ပေါင်းသုံးယောက် သာ ရှိသည်။ ကျွန်မသည် မေမေနှင့် ဒေါ်ကြီးတို့၏ တစ်ဦးတည်းသော ချစ်သမီးဖြစ်သည်။

ကျွန်မကို ကလေးငယ်ပမာ ယုယ အလိုလိုက်ဆဲ။ ဖတဆိုးဖြစ်သည့်တိုင် ကျွန်မတို့ အခြေအနေသည် သိမ်သိမ်ငယ်ငယ် မရှိခဲ့။ မေမေက ဈေးရောင်းသည်။ ဒေါ်ကြီးက စက်ချုပ်သည် အိမ်တွင် ကူဖော်လောင်ဖက် အိမ်ဖော်ရှိသည်။ ကျွန်မသည် မီးဖိုချောင် မဝင်ခဲ့ရဘူး။ ငွေကိုကိုင်၍ မခန့်ခွဲ ရစဘူး။ ထို့ကြောင့်လည်း ကျွန်မအိမ်ထောင်ပြုမည်ဆိုတော့ မေမေက စိတ်မကောင်း၊ ဒေါ်ကြီးက အံ့သြသည်။ “ခုခေတ်က လင်ရောမယားပါ အလုပ် လုပ်မှ တန်ကာရှိတာ၊ သမီးက အလုပ်မရသေးဘဲနဲ့ ဖြစ်ပါမလား” မေမေက ကျွန်မအတွက် ပူတောင့်ပန်းပင် ပြောရှာပါသည်။ တစ်သက်လုံးကျွေးမွေး ပညာသင်ပေးခဲ့ရပြီး သမီးလုပ်စာ တစ်ပြားမှ မစားရ သေးသည့်တိုင် သူတို့အတွက် စိတ်မခုဘဲ သမီးအတွက်သာ ပူပန်သော မေမေ့မေတ္တာကိုလည်း ကျွန်မလေးစားသည်။

“သမီးလဲ မကြာခင် အလုပ်ရမှာ မေမေ၊ အရင်တလောက အင်တာဗျူး ဖြေထားရတဲ့ အလုပ်က မကြာခင်သိရမှာပါ၊ ရမယ်လို့လဲ ထင်ပါတယ်” “အေးလေ တို့များခေတ်ကတော့ ဘာမှ မပူရဘူးတဲ့၊ ခိုးရာ လိုက်ပြေးလဲ ပျော်ပျော်ပဲ၊ သူများအိမ် တစ်လ ကိုးသီတင်း သွားစား နေလို့ ရတယ်၊ သမီးတို့ ရှိထားတယ်ဆိုတဲ့ အိမ်ကရောရမှာလား” “ရမှာပါ မေမေရဲ့” သို့တိုင်အောင် မေမေသည်ကျွန်မအတွက် လက်ဝတ်လက်စား အပြည့်အစုံနှင့် ငွေနှစ်ထောင်ကို အတင်းထည့်ပေးလိုက်သည်။ ကျွန်မ က ရန်ကုန် ပြန်ရောက်ရောက်ချင်း ဘဏ်မှာ အပ်ထားသည်။ ကျွန်မတို့အတွက် အိမ်ငှားပြီးလျှင် အိုးခွက်ပန်းကန်ကအစ ဝယ်ရ ခြမ်းရ ဦးမည်။ ကိုကို့ ဖေဖေကိုယ်တိုင် ပဲခူးသို့လိုက်ကာ မေမေတို့နှင့်တွေ့ဆုံ သည်။ ကိုကို့တွင် အမေ မရှိတော့။ ဘွားဘွားမြင့်က ကောင်းကောင်း နေမကောင်းဟုဆိုကာ လိုက်မလာခဲ့။ ခုပုံဆိုလျှင် ဘွားမြင့် လိုက်မလာ တာ တော်သေးရဲ့ဟု ကျွန်မ တွေးမိသည်။ မေမေနှင့် ဒေါ်ကြီးတို့သည် အေးဆေးရိုးသားသူများဖြစ်၍ မြင့်လို ပုံစံမျိုးကို မြင်ရလျှင် ကျွန်မအတွက် စိတ်ပူဦးမည်မှာ မလွဲပါ။

လက်ထပ်သည့်နံနက်က ဒေါ်သူဇာနှင့်စကားပြောရသည်ကိုပင် ဒေါ်ကြီးက မျက်နှာပျက်နေ သည်။ မေမေက မသိဟန်ဆောင်ပြီး အလိုက်အထိုက်ပြန်ပြောသည်။ ဒေါ်သူဇာလေသံက ထုံးစံအတိုင်း အထက်စီးက ဖြစ်နေသည်။ ကျွန်မက မျက်နှာပူပူနှင့် နေနေရသည်။ခုလိုများ ကျွန်မ မျက်နှာငယ်ငယ်နှင့် နေနေရသည်ကို မြင်ရလျှင် မေမေရင် ကျိုးမည်လားမသိ။ ကိစ္စမရှိပါဘူးလေ။ နောက်တစ်ပတ်လောက်ပဲ နေရတော့မှာပဲဟု စိတ်တင်းကာ ဟင်းရွက် ဝိုင်းဆိတ်နေလိုက်မိသည်။ လကုန်လျှင် အိမ်ရတော့မည်။ သည်တော့မှ ကျွန်မ စိတ်တိုင်းကျ အိမ်ထောင်လေးကိုဖန်တီးကာ ကိုကိုနှင့် ပျော်ပျော်ကြီး နေမည်။ ယခုတော့ ကျွန်မတို့မှာ လက်ထပ်ပြီးသည့် တိုင် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် မနေကြရသေး။ ကိုစိုးမြင့်တို့အိမ်တွင် နေခဲ့ရသော သုံးရက်တာမျှသည်ပင် အပျော်ဆုံး နေ့များဟု ဆိုရတော့မည်။ သို့သော် သူများအိမ်တွင် ကြာကြာနေ၍ မဖြစ်။ ပြီးတော့ ကိုကို့အတွက် သွားရေးလာရေးက ရှိသေးသည်။အိမ်ထောင်ကျသည် ဆိုလျှင်ပင် တကယ့်ကို တစ်အိုး တစ်အိမ် ထူထောင်နိုင်ပါမှ အိမ်ထောင် အရသာ ပေါ်လွင် နိုင်တော့မည်ကို ကျွန်မ တွေးမိသည်။ လက်ထပ်ရုံ နှင့် အိမ်ထောင်ပြုသည်ဟု မဆိုနိုင်သေး ပါကလား။ ယခု ကျွန်မတို့ လက်ထပ်ပြီးပါပြီ။ အိမ်ထောင်ထူထောင်ဖို့ လိုသေးသည်။ အများကြီးလိုပါသေးသည်။ ရှေ့လျှောက်ဘာတွေ ရင်ဆိုင်ရဦးမည်မသိ။

“ကိုကို ဒီနေ့ အိမ်စပေါ်သွားပေးရမယ်နော်” ကျွန်မ အပျော်ကြီး မျှော်ခဲ့မိသည့်နေ့အရောက်တွင် ကိုကို့ကို ကျွန်မ သတိပေးမိသည်။ ဒေါ်သူဇာအနားတွင် ရှိသည်ကို ကျွန်မ သတိမထားမိ။ “ဒီမှာပဲ စည်းစည်းလုံးလုံး နေလိုက်ကြပါတော့လားအေ၊ အိမ်စပေါ်ကလည်း ဈေးကြီးပါဘိသနဲ့၊ အိမ်လခကလဲ တစ်လ တစ်လပေးရတာ နင့်နေတာပဲ၊ ပြီးတော့ ညည်းအလုပ်မရခင် စုမိ ဆောင်းမိရှိအောင်ပေါ့” ကျွန်မ ကိုကို့မျက်နှာကို အားကိုးတကြီး ကြည့်မိပါသည်။ ကျွန်မအနေနှင့် ကိုကိုသာ အားကိုးရာရှိပါသည်။ ကျွန်မသည် သည်အိမ်တွင် မနေချင်ပါ။ အနေကျဉ်းကျဉ်းသည်ထက် စိတ်ကျဉ်းကျဉ်း လှပါသည်။ ကျွန်မအလိုကို ကိုကိုသိပြီး ဖြစ်ပါသည်။ သို့တိုင်အောင် ကိုကို့နှုတ်မှ စကားသွက်သွက် မထွက်ခဲ့တော့ပါချေ။“အေး သွားတာပေါ့၊ ကိုကိုရုံးကအပြန် ဝင်လိုက်ပါ့မယ်”တကယ်တော့ ဒီနေ့အဖို့ ကိုကိုသည် ရုံးမှခွင့်ယူကာ အိမ်ကိစ္စ လုံးပမ်းလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ ကျွန်မတို့အတွက် အရေးကြီး လှသော၊ အရေးအကြီးဆုံးဟုပင် ဆိုနိုင်သော ကိစ္စတစ်ရပ်ကို ကိုကိုက အေးစက်စက်လုပ်နေပုံကို ကျွန်မ နားမလည်နိုင်တော့ပါ။ ကျွန်မသည် ဒေါ်သူဇာမသိအောင် မျက်နှာရိပ်ပြ၍ ကိုကို့ကို အိပ်ရာနား ခေါ်လာခဲ့ရသည်။ ကျွန်မတို့အတွက် သီးသန့်နေရာဟူ၍ ကန့်လန့်ကာခြားထားသော သည်အိပ်ရာလေးသာ ရှိသည်။

“နေပါဦးကိုကို၊ လှိုင်တို့မှာ အိမ်ရဖို့ သိပ်အရေးကြီးနေတယ် မဟုတ်လား၊ ကိုကိုခွင့်ယူပြီးသွားပါလား၊ ဘာလဲဟင် ကိုကိုကပါ ကြီးကြီးသူဇာစကား နားထောင်ပြီး မပြောင်းဘဲ နေတော့မလို့လား၊ ဟုတ်လား” ကျွန်မသည် ကိုကို့ကို အားမလိုအားမရမေးရင်း မျက်ရည်များ ပင် လည်လာမိသည်။ ကိုကိုက စိတ်ပျက်လက်ပျက် ခုတင်ပေါ် ထိုင်ချလိုက်ပြီး“ကိုကိုသိတာပေါ့လှိုင်ရာ၊ ကိုကို့မှာ ပြောမပြချင်တဲ့အခက်အခဲ တစ်ခုရှိနေလို့ပါ”ကျွန်မ မျက်နှာကို မကြည့်ဘဲ ပြောပါသည်။ ကျွန်မ ချက်ချင်း ရိပ်မိပါပြီ။ “အို ပြောပါတော့ ကိုကိုရယ်၊ စပေါ်ပေးဖို့ ငွေမပြည့် တော့ဘူး မဟုတ်လား၊ လှိုင့်ငွေတွေ ထုတ်လိုက်မယ်လေ” ဒေါ်သူဇာစကားကိုလည်း ခုမှ ကျွန်မ စဉ်းစားမိသည်။ ကိုကိုသည် လိုသည့်ငွေအတွက် အိမ်မှ ကောင်းကောင်း တောင်း လိမ့်မည်။ ထိုအခါ ကြီးကြီးသူဇာအနေနှင့် လွယ်လွယ်ကူကူ ထုတ်ပေးလိုမည် မဟုတ်ပေ။ ပြီးတော့ အစ်ကိုကြီး ကိုထွန်းသာပင် ယခုတိုင် အိမ်သီးခြားမနေနိုင်သေး။ ကျွန်မတို့အတွက် ငွေထုတ် ပေးလျှင် တရားမည် မဟုတ်ပေ။

“လှိုင့်ငွေကို ကိုကို မသုံးချင်ပါဘူးကွယ်၊ ပြီးတော့ အိမ်ထောင် ပစ္စည်းတွေ ဝယ်ဖို့က ရှိသေးတယ်လေ” “ဒီလို လုပ်မယ်လေ၊ ငွေကို ပစ္စည်းဝယ်ဖို့ ချန်ထားမယ်၊ ဟို လှိုင့် လက်ဝတ်လက်စားတွေ”“အို လှိုင်ရယ်၊ ဒါဆို ပိုဆိုးတော့မပေါ့၊ လှိုင့် မေမေသိရင်လဲ ဘယ်ကောင်းပါ့ မလဲ” “မေမေ မသိနိုင်ပါဘူး ကိုကိုရယ်၊ ဒါတွေ လှိုင်လဲ အမြဲ ဝတ်တာမှ မဟုတ်တာ၊ ပြီးတော့ တစ်ယောက်ယောက်ဆီမှာ ပေါင်ရုံပဲ ပေါင်ထားလိုက်ပေါ့ ကိုကို၊ အဲ လှိုင်တို့ အဆင်ပြေတဲ့အခါ ပြန်ရွေးကြတာပေါ့ နော်၊ လုပ်ပါ ကိုကိုရယ်၊ အိမ်ရဖို့သာ အရေး ကြီးပါတယ်၊ အခြားဟာတွေ စဉ်းစားမနေပါနဲ့၊ ပြီးတော့ လှိုင့် ပစ္စည်းရယ်လို့လဲ ခွဲခြားမနေပါနဲ့ ကိုကို၊ လှိုင်တို့ လင်ရယ် မယားရယ် ဖြစ်လာပြီပဲ၊ ရှိတဲ့ပစ္စည်း နှစ်ယောက်လုံး ပိုင်တာပေါ့။ မဟုတ်ဘူးလား”

နောက်ဆုံးတော့ ကိုကိုကသဘောတူရတော့သည်။ ကျွန်မက ကျွန်မ လက်ဝတ်လက်စားများထဲမှ ကျွန်မ မဝတ်ချင်ဆုံး ရွှေဆွဲကြိုး တစ်ကုံးနှင့် လက်ကောက်တစ်ရံ ထုတ်ပေးလိုက်ပါသည်။ မေမေတို့က လူကြီးပီပီ ရှေးဆန်ဆန် ရွှေချည်းသက်သက် တနင့်တပိုး လုပ်ထား ကြခြင်းဖြစ်သည်။ ကျွန်မက တောဆန်လှသည် ဆိုကာ မည်သည့် အခါမျှ မဝတ်ခဲ့။ ကျောက်နှင့် ရောသော ပစ္စည်းလေးများသာ တစ်ခါတစ်ရံ ဝတ်သည်။ ခုမှပင် တဲ့ ရွှေဆိုတာ အဖိုးမဆုံးဘူး၊ အရေးကြုံရင် ရွှေချည်းသက်သက်ကမှ ငွေရဖို့ လွယ်တာ ဟု ဒေါ်ကြီးပြောဖူးသည်ကို သတိရကာ မေမေ့ကိုလည်း ကျေးဇူးတင်မိ ပါသည်။ထို့နေ့က ကိုကို့ပြန်အလာကို မျှော်ရသည်မှာ ကျွန်မအမောရဆုံး ဖြစ်ပါသည်။ ညနေ ငါးနာရီလောက်မှ ကိုကိုပြန်ရောက်လာသည်။ မျက်နှာက မကောင်းလှချေ။

“အဆင်မပြေဘူး လှိုင်ရေ၊ ကိုကိုလဲ လှိုင့်ပစ္စည်းတွေ အသိတစ်ယောက်ဆီမှာ ထားပြီး ငွေနှစ်ထောင်လက်ငင်း သွားပေးတာပဲ။ ပထမနေနေတဲ့ လူတွေက မပြောင်းဖြစ်တော့ဘူးတဲ့ကွာ” ဟင်း၊ စိတ်ပျက်လိုက်သည်မှာ ပြောဖွယ်ရာမရှိတော့။သည်တစ်ခါ အိမ်ထပ်ရှာရလျှင် တစ်နှစ်လောက်တော့ကြာဦး မည်။ လက်ထပ်ပြီးသည့်နောက် ပထမဦးဆုံးအကြိမ်အဖြစ် ထိုညက ကျွန်မ ငိုမိပါသည်။မခင်မာသည် ထမင်းဟင်းကို စားချင်ဖွယ်ဖြစ်အောင် ကောင်းကောင်း ချက်တတ်သူဖြစ်သည်။ မိဘများက ချမ်းသာ၍ ပညာသင်မပေးတော့ဘဲ သမီးကို ယောက်ျားကောင်းကောင်းရရန်၊ ပွဲထွက်လှရန်သာ သင်ပေးလိုက်ဟန်တူသည်။ သူ့ကိုယ်သူ လှအောင်နေတတ်သည်။ ထမင်းကောင်းကောင်း ချက်တတ်သည်။ ထမင်းပွဲကို ခေတ်မီမီ ခင်းကျင်းတတ်သည်။ ဒါကိုပင်အမြဲဂုဏ်ယူလေ့ရှိသည်။ သို့သော် မခင်မာသည် ပျင်းရိတတ်သော သူ့ အကျင့်ကိုမူ သူမဖျောက်နိုင်။ ထမင်းဟင်းကိစ္စ ပြီးသည်နှင့် အခြားအိမ်မှုကိစ္စကို စိတ်မဝင်စားတော့ဘဲ သူ့ကိုယ်သူအလှပြင်ကာ တော်ရာမှာစာတစ်အုပ်နှင့် အချိန်ဖြုန်း နေတတ်လေသည်။

ကျွန်မသည် သာမန် မိဘများမှ ပေါက်ဖွားခဲ့ရသည့်တိုင် အိမ်တွင် မီးဖိုချောင်ကို ဦးမဆောင်ခဲ့ရဘူး။ ဒေါ်ကြီးက ကျွန်မကို မီးဖိုထဲအဝင်မခံခဲ့။ သို့အတွက် ကျွန်မမှာ တစ်ကွက် မျက်နှာငယ်ရ ပြန်ချေသည်။ ထမင်းဟင်းကို ကျွန်မ မနိုင်နင်း၍ အိမ်မှုကိစ္စဗာဟီရအသေးအဖွဲလေးများသည် ကျွန်မဆီရောက်လာရသည်။တစ်အိမ်လုံး လှဲကျင်းရှင်းလင်းရသည်။ စားပြီးသမျှ ပန်းကန် များကို ဒိုင်ခံဆေးရသည်။ ကျွန်မသည် မခင်မာ၏ လက်တို လက်တောင်း ခိုင်းရမည့်သူတစ်ဦးသာ ဖြစ်ချေသည်။ မခင်မာ ချက်ပြုတ်ပြီးစီးသွားသည်နှင့် ကျွန်မသည် မီးဖိုချောင်ကို ရှင်းလင်းကာ ထမင်းပွဲအတွက် ပန်းကန်များအသင့်ပြင်ထားရသည်။ ရုံးချိန် ကျောင်းချိန်အမီ စားသောက်သွားမည့် သူများအတွက် ခူးခပ်ပေးရသည်။ ကလေးများကို တစ်ဝိုင်းကျွေးရသည်။ အေးမြစံသာ ထမင်းဘူးကို အသင့်ပြင်ပေးရသည်။ အေးမြစံသာသည် အမြဲလိုလို ကျောင်းချိန်နီးမှ ကမန်းကတန်းသွားရလေ့ရှိပြီး သူ့ထမင်းဘူးကိုပင် ပြင်ဆင်ရန် အချိန်မရပါချေ။အားလုံးစားသောက်ပြီးလျှင် အိမ်ကိုလှဲကျင်း၍အဝတ်ဟောင်း များကို လိုက်စုရသည်။ဘွားမြင့်အဝတ်ကိုဒေါ်သူဇာက သူ့အဝတ်တွေနှင့်ပေါင်းလျှော် သည်။ အစ်ကိုကြီး ကိုထွန်းသာတို့ မိသားစု အဝတ်က မခင်မာနှင့် ပြီးသည်။

ဖေဖေနှင့် အေးမြစံသာတို့ အဝတ်များက ကျွန်မဆီရောက်လာသည်။ တကယ်တော့ အေးမြစံသာသည် ကိုယ့်အဝတ် ကိုယ်လျှော်ဝတ်ဖို့ ကောင်းပါသည်။ ခုတော့ သူ့ ထဘီကိုပင် မကောင်းတတ်၍ သူ့မှာ အနိုင်နိုင်လျှော်ရသည်။ ဒါတောင် ရေချိုးခန်းထဲ မကြာခဏ ပုံထားတတ်သေးသည်။ ဒါကိုတော့ ကျွန်မ လျစ်လျူရှုနိုင်သည်။ ကိုကို အင်္ကျီများနှင့်အတူ ရော၍ လာထည့် ထားသော သူ့ အင်္ကျီများကိုမူ ကျွန်မ ဖယ်ချထား၍ ကောင်းပါမည်လား။အားလုံးထမင်းစားပြီး၍ အဝတ်လျှော်ပြီးလျှင်တော့ ကျွန်မ အားနေတတ်သည်။ ကျွန်မအလုပ်က အဆင်မပြေသေး။ ကျွန်မတို့မှာ အိမ်စရိတ် ကုန်ကျစရာ မရှိသော်လည်း ငွေအပို သုံးစရာမရှိ။ ကိုကို လခမှ လက်ထပ်စဉ်က အကြွေးတင်ခဲ့သော ငွေအချို့ကို ဖဲ့ဆပ်နေရသည်။ ဘွားမြင့်ကို လစဉ်ကန်တော့နေကျ ငွေတစ်ရာ ကို လည်း ကန်တော့ရသည်။ သို့ သော် အိမ်စားစရိတ်ထဲ ပြန်ထည့်ရသည်ဟု ဒေါ်သူဇာကဆိုသည်။ ဟုတ်ပေလိမ့်မည်။ အိမ်ခွဲ နေပြီးလျှင်တော့ ကန်တော့စရာမလိုတော့ဟု ကိုကိုက ဆိုပါသည်။

အရေးကြီးသည်မှာ ကျွန်မအလုပ်ရဖို့။ဘဏ်မှာအပ်ထားသော ကျွန်မငွေတွေကို အိမ်မရမချင်း ထုတ်မသုံးသေးဟု ကျွန်မနှင့် ကို ကို သဘောတူထားသည် ။ အိမ်ကလည်း တော်တော်နှင့် ရဖို့ မလွယ်။ နောက်ထပ်တွေ့ သမျှ စပေါ်ငွေက သူ့ထက်သူ ပိုပိုများနေသည်။ အနည်းဆုံး သုံးထောင်လောက် တင်နိုင်မှ အိမ်ရတော့မည်။ သည်ကြားထဲမှာ သည်အိမ်တွင် အဆင်ပြေပြေ နေသွားနိုင်အောင် ကျွန်မကြိုးစားရပေမည်။ မေမေတို့ ဆီ ခေတ္တခဏ ပြန်နေလိုသော်လည်း ကိုကိုကခွင့်မပြု။ ကျွန်မ ကိုယ်တိုင်ကလည်း သိပ်မသွားချင်။ ကျွန်မ အိမ်ထောင်ရေးကို မေမေတို့ က မေးလာလျှင် မရေမရာ ဖြေရမည်ကို ကျွန်မကြောက်ပါသည်။ ကျွန်မ အခက်အခဲကို မေမေတို့အား မသိစေချင်ပါ။ အားလုံး အဆင်ပြေပါတယ် ဟူသော စာများကို သာ ကျွန်မ အပ်ကြောင်းထပ်အောင် ရေးပို့နေမိသည်။ သမီးတို့အိမ်ရမှပဲ မေမေ လာတော့မယ်ဟု မေမေကလည်း အလိုက်တသိ ပြန်ရေးရှာသည်။ကိုကိုတို့ အိမ်တွင် နေနေသမျှ ကာလပတ်လုံး မည်သူနှင့်မျှ ကတောက်ကဆ မဖြစ်လိုပါ။ ကိုကို့ကိုလည်း မိသားစုနှင့် မိန်းမကြားတွင် ဗျာများရသူတစ်ယောက် အဖြစ်မျိုး မကြုံစေချင်ပါ။ ဤသည်မှာ ကျွန်မ၏ဆန္ဒ။ပြဿနာကိုရှောင်သည့်တိုင်အောင် တစ်နေ့တွင်တော့ပြဿနာ နှင့် ရင်ဆိုင်တိုးရသည်။ ပြီးတော့လည်း မဖြစ်ချင်ဆုံးသူနှင့်မှ ဖြစ်ရ သည်။ သူကတော့ အေးမြစံသာ။ထိုနေ့က အိမ်တွင် ငါးပတ်မွှေချက်သည်။ ဈေးကို ဒေါ်သူဇာ သွား၍ သူဝယ်ခြမ်းလာသမျှ မခင်မာက စီမံချက်ပြုတ်ရသည်။ ငါးပတ်မွှေဟင်းသည် အရေမပါ အခြောက်သက်သက်မို့ အရနည်း သည်။ ခွဲဝေထည့်ရသည်မှာလည်း စိတ်ပျက်ဖွယ် ကောင်းသည်။ သို့သော် ကင်းပွန်းရွက် ချည်ရည်နှင့် တွဲလျက်မို့ နည်းနည်းနှင့် စားကောင်းနိုင်ပေသည်။ ကျွန်မက အတတ်နိုင်ဆုံး မျှတအောင် ဝေမျှ ထည့်ပေးထားရသည်။ ဒေါ်သူဇာ ထမင်းစားချိန်ရောက်မှ ပြဿနာက ပေါ်လေသည်။

“ဟဲ့ ငါ့ဖို့ ဟင်းလဲ မရှိတော့ပါလား” ဒေါ်သူဇာအသံကြောင့် ကျွန်မ မီးဖိုခန်းထဲ ဝင်သွားရသည်။ “လှိုင် နှစ်ယောက်စာ ထည့်ထားတာပဲ၊ ဟင်းက နည်းနေလို့” “ကြည့်စမ်း အေးမြစံသာ အကုန်စားသွားပြီထင်တယ်” အိုးထဲတွင်လည်းဟင်းမရှိတော့။ ကျန်လူများကလည်း အားလုံး စားပြီးနှင့်ချေပြီ။ “ငါ ငါးပတ်မွှေးလေး စားချင်လို့ဝယ်လာပါတယ်၊ မြင်တောင် မမြင်လိုက်ရတော့ဘူး” ကျွန်မ စိတ်ပျက်လှပါသည်။ ကိုယ်တိုင်က စားပြီးသားဖြစ်နေ ၍လည်း သူ့အပြောကို မျက်နှာမထားတတ်အောင် ဖြစ်မိသည်။ ဒေါ်သူဇာက ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကင်ပွန်းရွက်ဟင်းနှင့် ငါးပိရည်ကို နယ်စားနေသည်။ ကျွန်မသည် ဘွားမြင့်နှင့် ဖေဖေတို့ အတွက် ဦးချပြီး ကျန်လူများကို မျှတအောင် ခူးခပ်ကျွေးရပါသည်။ နောက်ဆုံး ဟင်းမကျန်လျှင် ကျွန်မဖြစ်သလိုစားသည်။ ကြီးကြီးသူဇာ နှင့် အေးမြစံသာတို့အတွက် နှစ်ယောက်စာ ထည့်ပေးလေ့ရှိပါသည်။ မနက်ကတော့ အေးမြစံသာ အရင်စားသွားနှင့်သည်။အေးမြစံသာ ကျောင်းမှ ပြန်လာချိန်တွင် မီးဖိုခန်းမှ ဆူဆူညံညံ အသံထွက်လာပြန်ပါသည်။

“ထမင်းဘူးထဲမှာ ဟင်းက နည်းနေတာကိုးလို့၊ နည်းနည်း လေးပဲ အမြဲထည့်ပေးတယ်၊ ဒါကြောင့် ပန်းကန်ထဲက ကျန်တာ ထည့်သွားတာ၊ ခုမှ ဒီအိမ်မှာ ဟင်းတောင် ဝအောင်မစားရတော့ဘူး” မီးဖိုခန်းထဲမှ စူစူဆောင့်ဆောင့်နှင့် ထွက်လာသော အေးမြ စံသာနှင့် ကျွန်မ ရင်ဆိုင်တိုးသည်။ ကျွန်မကို မျက်စောင်း တစ်ချက်ခဲကာ ထွက်သွားပါသဖြင့် ကျွန်မရင်မှာ ဖော်မပြနိုင်လောက်အောင် နာကျင်မိပါသည်။ ကိုယ့်ထက်ကြီးသူ ဆိုလျှင်လည်း အကျိုးအကြောင်း ရှင်းပြရ အကောင်းသား။ “ခုခေတ်က ဘီအေအောင်လဲ အလကားပါအေ၊ အလုပ်က ရတာမှ မဟုတ်တာ၊ ရပြန်တော့လဲ ၁၂၆ကျပ်ပဲပေါ့” ဘွားမြင့်၏ လက်သုံးစကားကို ကျွန်မ မတော်လှန်နိုင်ခဲ့ပါ။ ဝင်ငွေမရှိဘဲ နေနေရသည့်အဖြစ်ကိုစိတ်ပျက်လှပါသည်။ ဈေးပဲရောင်းရ ရောင်းရ၊ စက်ပဲချုပ်ရ ချုပ်ရ တစ်ခုခု ထွက်လုပ်လိုက် ချင်သည်။ အဆောင်ရှိ သူငယ်ချင်းများထံသွား၍ အကြံဉာဏ်တောင်းရကောင်းမလား၊ ကျူရှင် လေးဘာလေး ပေးရကောင်းမလား စဉ်းစားမိပြန်သည်။ ယခု တစ်ပတ် နှစ်ပတ်အတွင်းမှာမှ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိအောင် ထိုင်းမှိုင်းနေမိသည်။ စားချင် သောက်ချင်စိတ်ပင် မရှိတော့။ ကျွန်မက ကိုကို့ကို ပြောပြတော့ ကိုကိုက ရယ်လေသည်။

ကျွန်မ မေ့လျော့နေသော အရာတစ်ခုကို လည်း မေးမြန်းချေသည်။ ထိုအခါမှ ကျွန်မ မျက်လုံးပြူးရတော့ သည်။ ဘုရား ဘုရား၊ ကျွန်မမှာ ကလေးရှိနေပါပေါ့လား။အိမ်မရှိ၊ ယာမရှိ၊ အလုပ်မရှိ၊ အိုးအိမ် အတည်တကျမရှိသေးပါဘဲနှင့် ကလေးတစ်ယောက်ပင် ရချေတော့မည်။ ဒီအိမ်ပေါ် မှာများ ကလေးတစ်ယောက် မွေးရလျှင် ဘယ်နားသွားထားရပါ့ ။ တစ်နေ့တခြား ဘာမျှ စားမရအောင် ဖြစ်လာခဲ့သည်။ နောက်ဆုံးတော့ ထမင်းကိုမကြည့်ချင်။ ဟင်းနံ့ကို ခံ၍မရ။ ရေပင် မျိုမကျတော့။ တေေသာ အန်နေပါတော့သည်။ တစ်ပတ်လည်း မဟုတ်၊ နှစ်ပတ်လည်းမက တစ်လမျှပင်ကြာချေပြီ။

ကျွန်မမှာ အားအင်ဟူ၍ လုံးဝမရှိ။ အိပ်ရာပေါ် ဘုံဘုံလဲသည် အထိ ဖြစ်ခဲ့ရသည်။ မည်သည့်ဆေးနှင့်မျှလည်း ထိန်းချုပ်၍မရ၊ အခံရဆိုးလှ ပါဘိ။ သားသမီးလွယ်ရသည့် ကိစ္စ သည်မျှ ဆိုးဝါးလိမ့်မည်ဟု ကျွန်မ မထင်ခဲ့။ သွားရင်း လာရင်း အစားအသောက်မပျက် တစ်ယောက်ပြီးတစ်ယောက် မွေးနေကြသော မိခင်များကို ကျွန်မ တွေ့ဖူးပါသည်။ ခုတော့ ကျွန်မအဖြစ်က ပြောစရာ ဖြစ်နေရပါပြီ။ “တကတည်းတော် အဖြစ်က သည်း သည်းလွန်းတယ်။ တို့များဖြင့် တစ်ခါမှ ဒီလို မဖြစ်ဘူးပေါင်” ဘွားမြင့်၏ အပြစ်တင်သံကို ကြားရသည်။ “ဟုတ်ပါရဲ့ ကျွန်မတို့လဲ မွေးဖူးပါတယ်၊ နည်းနည်းပါးပါး တော့ အစားအသောက် ပျက်တာပေါ့၊ သူ့လောက်တော့ မဟုတ်ပါဘူး”မခငျမာ၏ ထုံသံသေံကိုခံရပွနျသညျ။ဒေါျသူဇာကလညျး မဲ့ကာရှဲ့ကာဖွငျ့ “တို့လဲ ကလေးမမွေးရဖူးပေမယ့် မြင်ဖူး ကြားဖူးပါတယ်အေ၊ ခုလို လူမမာကြီးလုံးလုံး ဖြစ်နေတာမျိုးဖြင့် မကြုံဖူးပါဘူး၊ အင်း မောင်ကြည်သာတော့ ရှေ့လျှောက် ခက်ဦးမယ်” ကျွန်မက ကိုကို့ကို တမင်သက်သက် ချွဲကာ အကဲပိုသည်ဟုဒေါ်သူဇာက ထင်ပါသည်။ ကျွန်မ ဘာမျှ မတတ်နိုင်တော့ပါ။ သက်ဆိုင်ရာ ဆရာဝန်ကသာ ကျွန်မအဖြစ်ကို နားလည်တော့သည်။ တချို့မိန်းကလေးတွေ သည်လိုပဲဖြစ်တတ်ပါတယ်တဲ့၊ သုံးလကျော် ရင် ပျောက်သွားမှာပါတဲ့၊ ကျွန်မကို ဂလူးကို့စ်ပုလင်းကြီး နှစ်လုံး သွင်းပေးပါသည်။ ကျွန်မ မေမေတို့ ဒေါ်ကြီးတို့ကို သတိရလှသည်။ မေမေသာ ဆိုလျှင် ကျွန်မကို နားလည်သွာတာစွာ ပြုစုယုယပေလိမ့်မည်။ ဒေါ်ကြီးသည်လည်း ကောင်းနိုးရာရာ စားချင်ဖွယ်ရာတို့ကို ရှာကြံကျွေးမွေးပါလိမ့်မည်။ ခုတော့ ကျွန်မမှာ ကိုကို့မျက်နှာသာ တစ်ရွာမှတ် ရတော့သည်။

“နေ့လယ်က ကိုကိုပြန်လာသေးတယ်၊ လှိုင်အိပ်ပျော်နေလို့ မနှိုးတော့ဘူး၊ လှိုင့်ဘေးနားမှာ စပျစ်သီးထုပ် ချထားခဲ့တယ်၊ စားလိုက်ပြီးပြီလား” မနက်က ကျွန်မ စပျစ်သီးလေးများ စားကြည့်ရရင် ခံတွင်း ကောင်းမလားမသိဘူးဟု ပြောမိရာ ကိုကိုက ဝယ်လာပို့ခြင်း ဖြစ်ပေမည်။ “မစားရသေးဘူး၊ ကိုကိုဘယ်နားမှာ ထားခဲ့လို့လဲ” “လှိုင့် ခေါင်းအုံးဘေးနားမှာပဲလေ” ကျွန်မက အိပ်ရာအနှံ့ လှန်လှောရှာလိုက်သည်။ ဘယ်မှာမှ မတွေ့။ နောက်ဆုံး ခုတင်အောက်တွင် စက္ကူထုပ်နှင့် စပျစ်သီး ခွံများ စားလက်စများကို တွေ့ရပါတော့သည်။“ဟို မျောက်လောင်းတွေ စားသွားပြီထင်တယ်၊ ဟေး ကျော်ကျော် ကျော်ကျော်၊ လာခဲ့စမ်း”

အပိုင်း(၂) ဆက်လက်ရေးသားပါဦးမည်။

စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။

OpenMoreOnline

You May Also Like

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။ ကမ္ဗလာသီးလို့ပြောရင် ပြန်ငြင်းမယ့်သူတွေ များမှာပဲ။ ORANGE ဆိုတာ လိမ္မော်သီးလို့ ငယ်ငယ်ကတည်းက ကျောင်းမှာသင်ခဲ့တာ။ အဲ့ဒီအတိုင်းပဲ အော်ကျက်ခဲ့တာ။ အိပ်ပျော်နေချိန်နှိုးမေး ORANGE ကို လိမ္မော်သီးလို့ပဲ ပြောမှာ။

ရွှေတိဂုံဘုရားမှ ဘာတွေတွေ့

အမျိုးသားစာဆို ဆရာဇော်ဂျီ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေစဉ်က ဆရာ့ရုံးခန်းကို နိုင်ငံခြားသူတစ်ယောက် ရောက်လာပါတယ်။ ဆရာဇော်ဂျီကို အကူအညီတစ်ခု လာတောင်းတာပါ။

မိုးလင်းလို့ ကြက်တွန်တာ

တစ်ညတာလကလည်း သာတဲ့အချိန်မှာ ကိုအေးနဲ့မအေး လင်မယားနှစ်ယောက် အိမ်ဦးကပြင်မှာ သင်ဖျားကလေးခင်းပြီး အေးအေးလူလူ စကားပြောနေကြသတဲ့။

ဘဝ ပစ်တိုင်းထောင်

ဟောပြောပွဲတွေလုပ်တဲ့အခါ ပရိတ်သတ်ထဲက မေးချင်တာရှိရင်မေးဖို့ ကျွန်တော် ဖိတ်ခေါ်လေ့ရှိတယ်။ နားထောင်သူက ဟောပြောသွားတာတွေအပြင် သိချင်တာ မေးချင်တာလည်း ရှိတတ်တယ်။