ပဋ္ဌာန်းဆိုတာ အင်မတန် ကျယ်ပြန့်ပါတယ်။ လောကကြီးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအကျိုး ဆက်စပ်မှုတွေကို ဟောထားတာပါ။ ကျွန်တော်တို့ရဲ့ စိတ်အကြောင်းတွေလည်း ပါတာပေါ့။

မြန်မာလို အဓိပ္ပါယ် သိသွားရုံနဲ့တင်လည်း သေချာ နားမလည်နိုင်သေးဘူး။ ဒါကြောင့် ဒေါသကို အခြေခံလို့၊ ၂၄ ပစ္စည်းထဲက တချို့သော အချက်တွေရဲ့ အဓိပ္ပါယ်ကို ကျွန်တော် နားလည်သလောက်လေး ရှင်းပြလိုပါတယ်။

(၁) အာရမ္မဏ ပစ္စယော

စိတ်ဆိုတာ ဂစ်တာသံလိုပဲ၊ သူ့အလိုလို နဂိုကတည်းက ရှိနေတာ မဟုတ်ပါဘူး။ ဂစ်တာကြိုးနဲ့၊ လက်နဲ့ ထိလိုက်မှ ဂစ်တာသံ ထွက်လာသလို၊ ပြင်ပက အာရုံတွေနဲ့၊ ကျွန်တော်တို့ရဲ့ အာရုံခံစားနိုင်စွမ်းနဲ့ ထိတွေ့ပြီ ဆိုတဲ့အခါမှသာ စိတ်ခံစားချက်ဆိုတာ ဖြစ်လာတာပါ။

ဒေါသသည်လည်း အဲ့လို ခံစားချက်တွေထဲက တစ်ခုပဲ။ တစ်ယောက်ယောက်ရဲ့ အပြုအမူ၊ ပြောစကား၊ ဒါမှမဟုတ် ဖေ့စ်ဘွတ်က ပို့စ်တစ်ခု၊ ဓါတ်ပုံတစ်ပုံကို မြင်လိုက်၊ ကြားလိုက်တဲ့အခါ ဒေါသ ဖြစ်လာတယ်။ အနံ့ဆိုး တစ်ခုခု ရလို့၊ မကြိုက်တာ စားရလို့၊ ထိတွေ့ရလို့ ဖြစ်တဲ့ ခံစားချက်သည်လည်း ဒေါသပဲ။ မနှစ်မြို့စရာ အတိတ်အကြောင်း ဆိုတဲ့ တွေးစရာနဲ့၊ ကိုယ့်အတွေးနဲ့ ထိမိတဲ့အခါမှာလည်း ဒေါသ ဖြစ်ကြတယ်။ ဘယ်တုန်းက ဘယ်သူကတော့ဖြင့် ငါ့ကို အဲ့လို လုပ်သွားတာ၊ ကိုယ့်ဟာကိုယ် အေးဆေးနေနေရာက အမှတ်မထင် အရင်က အကြောင်းတွေ ပြန်စဉ်းစားမိပြီး စသဖြင့်ပေါ့လေ။

အဲ့လို ပြင်ပအာရုံနဲ့၊ ကိုယ့်ရဲ့အာရုံခံစားနိုင်စွမ်းနဲ့ ထိတွေ့ပြီးမှ စိတ်ခံစားချက်တွေ ဖြစ်လာတယ် ဆိုတာကို အာရမ္မဏ ပစ္စယောလို့ ခေါ်တယ်။

(၂) ပုရေဇာတ ပစ္စယော

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ တွေးစရာ၊ ဒီအာရုံ ၆ ပါးဟာ ဒေါသဆိုတဲ့ အကျိုးတရားကို ဖြစ်စေတယ်။ အကျိုးတရား မပေါ်ခင် ကြိုပြီး ရှိနှင့်နေတဲ့ အကြောင်းတရားမို့ အဲဒါကို ပုရေဇာတ ပစ္စယောလို့ ခေါ်တယ်။

(၃) နိသယ ပစ္စ​ယော၊ ဥပနိသယ ပစ္စ​ယော

မှီရာအ​ထောက်အပံ့ လို့ ဆိုလိုတယ်။ (ဥပ ဆိုတာက ပိုအားကြီးတယ် ဆိုတဲ့သ​ဘော) ဘယ်သူက ​မြေ​တောင်​မြှောက်​ပေးလို့ ​နာမည်ကြီးလာတယ်၊ တိုးတက်တဲ့နိုင်ငံမှာ လူဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ​အောင်မြင်တယ် ဆိုတာ အဲ့လို အ​ထောက်အပံ့​တွေ​ကြောင့်​ပေါ့။ စိတ်ခံစားချက်သည်လည်း ပြင်ပအာရုံ မရှိဘဲ မဖြစ်ဘူး။ ဒီအာရုံ​တွေအ​ပေါ် မူတည်ပြီးမှ စိတ် ဆိုတာ ဖြစ်လာတာ။ ကိုယ်မကြိုက်တဲ့ စကားမျိုး မကြားဘဲ ဘယ်သူမှ ​ဒေါသမဖြစ်ဘူး​လေ။

အဲ့လိုပဲ ​ဒေါသဖြစ်ပြီးတဲ့အခါ ဆက်ဖြစ်လာတဲ့ ခံစားချက်​တွေ ရှိ​သေးတယ်။ အဲဒါ​တွေအတွက်ကျ ​ဒေါသသည် မှီရာအ​ထောက်အပံ့ ပြန်ဖြစ်သွားတယ်။

(၄) ဟေတု ပစ္စယော

အဲ့လို ဒေါသထွက်ပြီ ဆိုတဲ့အခါ လူက ရိုင်းချင်လာတယ်။ ဆဲချင်လာတယ်။ စကားနာ ထိုးချင်တယ်။ အနိုင်နဲ့ ပိုင်းပြီး တစ်ဖက်သား နစ်နာသွားအောင် ပြောပစ်ချင်တယ်။ တခုခု ကိုယ်ထိလက်ရောက်ပါ လုပ်မိချင်လာတယ်။ ကိုယ်ဟာ ကိုယ်မဟုတ်တော့ဘဲ တစ်ခြားလူတစ်ယောက်လို ဖြစ်သွားတယ်။

အဲဒီဒေါသ ငြိမ်သွားပြီ ဆိုတဲ့အခါကျ အဲ့လို မဟုတ်တော့ဘူး။ နဂိုပုံစံ ပြန်ဖြစ်သွားတယ်။ ဒါကြောင့် ဒေါသ၊ အဒေါသ၊ မောဟ၊ အမောဟ၊ လောဘ၊ အလောဘ၊ ဒီစိတ် ၆ မျိုးက ကျွန်တော်တို့ကို တွန်းအားပေး မောင်းနှင်နေတယ်။ ကိုယ့်ဆီမှာ ဖြစ်နေတဲ့ စိတ် ၆ မျိုးအပေါ် မူတည်ပြီး လူတစ်ယောက်တည်းမှာကို ဗားရှင်း ၆ မျိုး ဖြစ်သွားတယ်။ ဒါကိုတော့ ဟေတု ပစ္စယောလို့ ခေါ်တယ်။

(၅) အတ္တိ ပစ္စယော၊ အဝိဂတ ပစ္စယော

ဒီတော့ ဒေါသ ဆိုတာသည် ကိုယ့်စိတ်မှာ ဖြစ်နေတုန်းပဲ အကျိုးသက်ရောက်မှု ရှိတယ်။ ဒေါသ မရှိတော့တာနဲ့ လူကလည်း သူ မဟုတ်တော့သလို ဖြစ်သွားတယ်။ အဲ့လို ရှိနေတုန်းမှာမှ အကျိုးပြုတာကို အတ္တိ ပစ္စယောလို့ ခေါ်တယ်။

မကင်းကွာခင် အကျိုးပြုတာမို့ အဝိဂတ ပစ္စယောလည်း ပါတယ်။ ဒီ ၂ ခုက တူသလိုလိုတော့ ရှိတယ်။ ကျွန်တော့်အမြင်ကတော့ ပဌာန်းက တအားကျယ်ပြန့်တာမို့ အပေါ်ယံ အဓိပ္ပါယ်ချင်းသာ ဆင်တာ နေလိမ့်မယ်။ တကယ့်အတွင်းကျကျ နားလည်သွားရင်တော့ ကွဲပြားမှု ရှိကောင်းရှိနိုင်တယ်။ သို့သော် အဲ့လောက် နားမလည်နိုင်သေးတော့လည်း အဝိဂတ ဆိုတာ မကင်းကွာခင် အကျိုးပြုတယ် ဆိုတာလောက် သိထားရင် ရပါတယ်။

(၆) အညမည ပစ္စယော

တော်တော်လေးကို ဒေါသထွက်ဖူးတဲ့သူတွေ တနုံ့နုံ့နဲ့ ခံစားရတယ် ဆိုတာ ဖြစ်ဖူးလိမ့်မယ်။ ဒါကိုပဲ ပြန်ပြန်တွေးပြီး ဒေါသ ဖြစ်နေတာ။ ငါ့ကိုများ ဒီလိုလုပ်ရသလား၊ သူ့အဆင့်နဲ့ ငါ့ကိုများ ဒီလိုပြောရဲသလား စသဖြင့်ပေါ့လေ။ ဒါကြောင့် ဒေါသထွက်တယ်။ ဒေါသထွက်တော့ ဒါကိုပဲ ပိုတွေးတယ်။ ပိုတွေးတော့ ပိုဒေါသဖြစ်တယ်။ တနေကုန် တနုံ့နုံ့နဲ့ ဖြစ်နေရတယ် ဆိုတာ အဲဒါ။

ဒါကို အညမည ပစ္စယောလို့ ခေါ်တယ်။ အပြန်အလှန် အကျိုးပြုတာ။ ဒေါသက ဒီအတွေးတွေကို ဖြစ်စေတယ်။ ဒီအတွေးတွေက ဒေါသကို ပိုပြီး ဆိုးစေတယ်။

(၇) သမ္ပယုတ္တ ပစ္စယော

ဒေါသဖြစ်ပြီဆို သူတစ်ခုတည်း မဖြစ်ဘူး။ တခြား မကောင်းတဲ့စိတ်တွေပါ တွဲပြီး ဝင်လာတယ်။ အဲ့အချိန်မှာ လူက လော့ဂျစ်ကျကျ မစဉ်းစားနိုင်တော့ဘူး။ ဦးနှောက်တွေ ပူသွားတယ်။ ကိုယ်ပဲ မှန်တယ် ဆိုပြီး ဖြစ်လာတယ်။ တစ်ဖက်သားရဲ့ ကျေးဇူးကိုလည်း မသိတတ်တော့ဘူး။ ဥပမာ မိဘနဲ့ စကားများတဲ့အချိန် မိဘကျေးဇူး သတိမရတော့ဘူး။ သူတို့ကြောင့် ကိုယ်ဘယ်လိုထိခိုက်ရတယ် ဆိုတာတွေပဲ မြင်တော့တယ်။ အဲ့လို ဒေါသဖြစ်ရင် တခြားသော မကောင်းတဲ့စိတ်တွေပါ အတူတွဲပြီး ဖြစ်တာကို သမ္ပယုတ္တ ပစ္စယော လို့ ခေါ်တယ်။ အင်္ဂလိပ်လို အလွယ်မှတ်ချင်ရင် Association ပေါ့။

(၈) ပစ္ဆာဇာတ ပစ္စယော

ဥပမာ လင်မယား စကားများပြီး ဒေါသထွက်တယ် ဆိုပါတော့။ အဲဒီမှာ ကိုယ်က ရန်မဖြစ်ချင်လို့ ရှင် တော်တော့နော်၊ မင်း ဆက်မပြောနဲ့တော့နော် ဆိုပြီး တားလိုက်တယ်။ ဒါမှမဟုတ်လည်း စကားနည်း ရန်စဲ ဆိုပြီး ကိုယ့်ဘက်က ငြိမ်နေလိုက်တယ်။ အဲဒါကို ဟိုဘက်က မပြီးနိုင် မစီးနိုင် ပွားနေတဲ့အခါ ကိုယ့်ဒေါသက ပိုဆိုးလာတယ်။

ဒါမှမဟုတ် ကိုယ်က အိမ်က ထွက်တော့ အမေနဲ့ စကားများလာတယ်။ ရင်ထဲမှာ ဒေါသက ရှိနေပြီးသား။ အဲ့အချိန်မှာ သူငယ်ချင်းက မသိဘဲ တခုခု လှမ်းစလိုက်တော့ ကိုယ့်ဒေါသက သူ့အပေါ် ပေါက်ကွဲသွားတယ်။

ဒါကို ပစ္ဆာဇာတ ပစ္စယော လို့ခေါ်တယ်။ နဂိုရှိပြီးသား အကျိုးတရားကို နောက်ထပ် အကြောင်းတရားက ထောက်ပံ့ပေးလိုက်တာ။ ပိုရှင်းအောင် ပြောရရင် မီးလောင်ရာ လေပင့်တယ် ဆိုသလိုပဲ။ မီးသည် တခြား အကြောင်းတခုခုကြောင့် နဂိုကတည်းက လောင်ထားပြီးသား (ရှိပြီးသား အကျိုးတရား)။ အဲဒါကိုမှ လေ ဆိုတဲ့ နောက်ထပ်အကြောင်းရင်းသစ်တစ်ခုက ထပ်ပင့်ပေးလိုက်တဲ့အခါ မီးက ပိုဆိုးသွားတယ်။

အမေက ဆူလိုက်လို့ ဒေါသဖြစ်ရတယ်ဆိုတာ ပုရေဇာတ ပစ္စယော။ (အကြောင်းတရားက အရင် “Born earlier” ၊ အကျိုးတရားက နောက်) အဲ့ဒေါသကိုမှ သူငယ်ချင်းက စလိုက်လို့ ပိုဆိုးသွားတယ် ဆိုတာကျ ပစ္ဆာဇာတ ပစ္စယော (နဂိုရှိနေပြီးသား အကျိုးတရား ဒေါသကို နောက်ကနေ ပေါ်လာတဲ့ အကြောင်းတရားက ထပ်ပင့်ပေးလိုက်တာ “Born later” ၊ အဲ့ကနေ ထပ်ရလာတဲ့ အကျိုးတရားကတော့ ဒေါသပိုဆိုးသွားခြင်းပေါ့။)

(၉) အနန္တရ ပစ္စယော၊ သမနန္တရ ပစ္စယော

ဒီ ၂ ခုကလည်း အဓိပ္ပါယ် ဆင်တူတယ်။ ဘာလဲဆိုတော့ စိတ်ဆိုတာ ကြားမှာ လစ်လပ်ပြတ်တောက်သွားတယ်ရယ်လို့ မရှိဘဲ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေတာတဲ့။ တစ်ဘဝစာဆို သေသည်အထိပေါ့။ သံသရာကို ယုံတယ်ဆို သံသရာ ပြတ်လို့ နိဗ္ဗာန်မရောက်မချင်းပေါ့။

အဲ့တော့ ကိုယ်က ဒေါသကို ထိန်းချင်တယ်ဆို ဒီနေ့ ဒီတစ်ကြိမ် ထိန်းလိုက်နိုင်ရုံနဲ့ တစ်သက်လုံး နိုင်သွားမှာ မဟုတ်ဘူး။ တောက်လျှောက်ရှိနေမဲ့ Process ဖြစ်တယ်။ တစ်ကြိမ်တစ်ခါ လုပ်ရတဲ့ Event မဟုတ်ဘူး။

ဒါကြောင့် ခုနေတော့ ကိုယ်က ဒေါသထိန်းနိုင်သေးတယ်။ တစ်ချက်ကလေး လွတ်ထွက်သွားတာနဲ့ ဒေါသစိတ်ဆိုတာ ဖြစ်လာမှာပဲ။ ဒီတော့ အမြဲမပြတ် ကိုယ့်စိတ်ကို စောင့်ကြည့်သွားဖို့ လိုမယ်။

ဒေါသ ဆိုတာ လူတိုင်း ဖြစ်ဖူးတယ်။ ဒေါသ တစ်ခါဖြစ်ဖို့ ဘယ်လောက်မှလည်း မကြာဘူး။ သို့သော် အဲ့လို ခဏလေးနဲ့ ဖြစ်လာတဲ့ ဒေါသဆိုတဲ့ စိတ်ကို ပဋ္ဌာန်းပစ္စည်း ၁၂ ခုလောက်က ထောက်ပံ့ပေးနေတယ် ဆိုတာ မြင်ထားဖို့ လိုပါတယ်။

ဒေါသကို ကိုင်တွယ်နည်း

ဟုတ်ပြီ။ ဒါတွေ သိသွားတော့ ဘယ်လို လက်တွေ့အသုံးချမလဲ။

၁။ ကိုယ် မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောထားပါ။

အာရမ္မဏ ပစ္စယော – ဒေါသသည် ပတ်ဝန်းကျင်က အာရုံတွေနဲ့ ကိုယ့်ရဲ့ အာရုံခံစားနိုင်စွမ်းနဲ့ ထိတွေ့မှ ဖြစ်လာတာမို့လို့ ကိုယ် မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောထားလို့ ရတယ်။ ဥပမာ ကိုယ့်ကို အရပ်ပုတယ်လို့ စရင် မကြိုက်ဘူးဆို ဒါကို သူငယ်ချင်းတွေ သိအောင် ပြောထား။ အဲ့လို စတာ မကြားရရင် ကိုယ်လည်း ဒေါသ မဖြစ်ရတော့ဘူး။

၂။ သတိကို လေ့ကျင့်ပါ။

ပတ်ဝန်းကျင်ဆိုတာကတော့ အလုံးစုံ ထိန်းချုပ်ထားနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဥပမာ ကိုယ်က ပြောထားလို့ ကိုယ့်သူငယ်ချင်းက အဲ့လို မစရင်တောင် ဖေ့စ်ဘွတ်မှာတော့ သူစိမ်းတစ်ယောက်ကနေ Body shaming လုပ်လိုက်တာမျိုး ဖြစ်နိုင်သေးတာပဲ။ ဒါကြောင့်လည်း ပျော်ရွှင်မှုသည် သူများဆီက မျှော်လင့်လို့ မရဘူးလို့ ပြောတာ။

ဒီတော့ ပိုလက်တွေ့ကျတာက ကိုယ့်စိတ်ကို လေ့ကျင့်ထားဖို့ပဲ။ ကိုယ်မကြိုက်တာ တခုခု မြင်လိုက်၊ ကြားလိုက်လို့ ဒေါသထွက်လာပြီဆို အဲ့လို ထွက်နေမှန်း သိရမယ်။ တကယ်တော့ ဒေါသကြီးတဲ့သူ၊ ဒေါသနည်းတဲ့သူ ဆိုတာထက် ဒေါသထွက်ချိန် အတိုအရှည်ပဲ ကွာတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။

သတိကောင်းတဲ့သူက ဒေါသထွက်ရင် ထွက်မှန်း သိတယ်။ သိတော့ ထိန်းနိုင်တယ်။ ထိန်းနိုင်တော့ နှုတ်ကျွံသွားတာ၊ လက်လွန်သွားတာ မရှိဘူး။ သတိမထားမိရင်၊ သတိမကောင်းရင်တော့ တော်တော်နဲ့ သူ့စိတ်ကို သူမသိတဲ့အတွက် ဒေါသက ကြာနေတာပေါ့။ ဒါကြောင့် Mindfulness လို့ ခေါ်တဲ့ သတိကို လေ့ကျင့်ထားဖို့သည် အရေးကြီးတယ်။

အဲ့လိုဆို ဒေါသနဲ့ တွဲပြီး ဖြစ်လာမဲ့ မကောင်းတဲ့စိတ်တွေ၊ တနုံ့နုံ့နဲ့ ခံစားနေရတာတွေလည်း သက်သာသွားလိမ့်မယ်။ (သမ္ပယုတ္တ ပစ္စယော၊ အညမည ပစ္စယော)

၃။ ကိုယ် ဒေါသထွက်ပြီး အမှားလုပ်မိခဲ့လို့ နောက်ဆက်တွဲ ပြဿနာတွေ တက်ခဲ့ရဖူးတာ ရှိရင် အဲဒါကို မကြာခဏ မြင်ယောင်ကြည့်ပေးပါ။

ဟေတု ပစ္စယော၊ အတ္ထိ ပစ္စယော၊ အဝိဂတ ပစ္စယော၊ ဒါတွေကို နားလည်သွားပြီဆို ဒေါသဟာ ရှိနေတုန်းပဲ ကိုယ့်ကို ဒုက္ခပေးတာ။ သူ မရှိတော့တာနဲ့ ကိုယ်လည်း ပုံမှန်ပြန်ဖြစ်သွားပြီ။ ဒါကြောင့် သူ ရှိနေတုန်း အခိုက်အတံ့ ကိုယ်ပူလောင်ခဲ့ရတာ၊ ပင်ပန်းခဲ့ရတာ၊ အဲဒီကနေ မပြောသင့်တဲ့ စကား ပြောမိလို့၊ မလုပ်သင့်တာ လုပ်မိလို့ ပြဿနာတွေ အများကြီး တက်ခဲ့ရတာ၊ အဲဒါလေးတွေကို ပုံဖော်ကြည့်ပါ။ ဒါဆို တကယ် ဒေါသထွက်လာတဲ့အခါ အဲဒါလေးတွေ ပြန်သတိရပြီး ငါ ဒါမျိုး ထပ်မဖြစ်အောင် လုပ်ရမယ် ဆိုတဲ့ အတွေးမျိုး ဝင်လာပါလိမ့်မယ်။

၄။ ဒေါသ တအားထွက်လာပြီဆို အာရုံလွှဲပါ။

သတိက အားမကောင်းသေးတဲ့အခါ၊ ဒါမှမဟုတ် ဒေါသဖြစ်စရာ တအားကောင်းနေတဲ့အခါကျ စိတ်ဆိုတာ ထိန်းရခက်သွားတယ်။ အဲဒီအခါ ဘာလုပ်ရလဲ ဆိုတော့ ရှောင်ထွက်ပြီး တစ်နေရာရာမှာ ထွက်ပေါက် ပေးလိုက်ရတယ်။

ဒီအတိုင်း စကားများနေရင် လက်ပါမိတော့မှာမို့ အိမ်ကနေ ထွက်သွားလိုက်တာမျိုး၊ ကိုရီးယားကားတွေထဲ ပါသလို တံတားအောက်မှာ၊ မြစ်ဘေးမှာ သွားအော်တာမျိုး စသဖြင့်ပေါ့။ ဒါ ဘာလဲဆိုတော့ ပစ္ဆာဇာတ ပစ္စယော ဆိုတဲ့အတိုင်း ကိုယ့်ဒေါသမီးကို လေမပင့်ဖို့ ရှောင်ထွက်လိုက်တာမျိုးပဲ။

အဲ့လိုပဲ၊ ကိုယ့်မိသားစုဝင်တစ်ယောက် ဒေါသထွက်နေတဲ့အချိန် ကိုယ်က ငြိမ်နေပေးလိုက်တာသည်လည်း ဒါပဲ။ ခုကာလနဲ့ နမူနာပေးရရင် လူငယ်တွေ ဖမ်းဆီးခံရလို့ အများစု ဒေါသထွက်နေတဲ့အချိန် ကိုယ်က အလှပုံ တင်မိလိုက်တယ်၊ မန်ယူရှုံးတဲ့အကြောင်း ရေးမိလိုက်တယ်ဆို ခုနက စကစကို ထွက်နေတဲ့ ဒေါသတွေက ကိုယ့်ဆီ ရောက်လာတော့တာပေါ့။

ဆိုတော့ သူများမီးလောင်နေရင်လည်း ကိုယ်က လေမပင့်မိအောင်နေ။ ကိုယ်မီးလောင်နေရင်လည်း လေမပင့်နိုင်အောင် တစ်နေရာရာ ရှောင်ထွက်။ တစ်ခုခုဆီ အာရုံလွှဲ။ အော်ပစ်လိုက်။ ရင်ဖွင့်လိုက်။ အဆင်ပြေသွားမှ ဒီနေရာ ပြန်လာ။ ဒါဆို ခုနကလို စကားလွန်တာ၊ လက်လွန်တာတွေ မဖြစ်တော့ဘူး။ ဆက်ဆံ​ရေး​တွေလည်း မထိခိုက်​တော့ဘူး။

လက်​တွေ့အသုံးချနိုင်ဖို့ အဓိက

ပြောရရင် ခုပြောခဲ့တဲ့ ၄ ချက်သည် ဖန်တစ်ရာတေအောင် ကြားဖူးပြီးသား ဖြစ်နေမဲ့ Anger management tips (ဒေါသကို ကိုင်တွယ်နည်း အကြံပြုချက်တွေ) ဖြစ်ပါတယ်။ သို့သော် ဒါ လုပ်၊ ဒါ လုပ်၊ ဒါ လုပ် ဆို လုပ်သာ လုပ်ရတယ်၊ ဘာကြောင့် လုပ်ရမှန်း မသိရင် စိတ်က ဘဝင်မကျဘူးလေ။ ခုလို ပဋ္ဌာန်းတရားကတစ်ဆင့် ဒေါသအကြောင်းကို သေသေချာချာ နားလည်သွားတဲ့အခါကျ ပိုပြီး ဒေါသထိန်းရတာ လွယ်သွားလိမ့်မယ်။

ဒေါသနဲ့ပဲ နမူနာ ပေးထားပေမဲ့ တခြားသော စိတ်ခံစားချက်တွေကိုလည်း အဲ့ဒီအတိုင်း လေ့လာကြည့်လို့ ရပါတယ်။ ပဋ္ဌာန်းကို ကုသိုလ်ရဖို့၊ ဘေးအန္တရာယ်ကင်းဖို့ ရွတ်ဖတ်နေကြတာအပြင် အဓိပ္ပါယ်ကိုပါ သိနားလည်မယ်ဆို ရွတ်ရတာ ပိုပြီး ပီတိဖြစ်ရပါတယ်။ ပိုအရေးကြီးတာကတော့ လက်တွေ့အသုံးချ Apply လုပ်နိုင်ဖို့ပါ။ ဗုဒ္ဓအဆုံးအမ ဆိုတာက ဆေးနဲ့ တူပါတယ်။ မသောက်ရင် ရောဂါပျောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ရဲ့ သဘောသဘာဝတွေကို သိနားလည်အောင် လုပ်ပြီး လက်တွေ့အားထုတ်ခြင်းဖြင့် စိတ်အေးချမ်းမှုကို ရှာဖွေနိုင်ကြဖို့ အရေးကြီးပါတယ်။

ဒေါသကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

You May Also Like

စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

လူများစွာတို့က ဒိုင်ယာရီထဲတွင် နေ့စဉ်ရေးမှတ်ခြင်းကို ရင်ဖွင့်ခြင်းတစ်ခုအဖြစ် တွေ့မြင်ကြသည်။ ဤဆောင်ရွက်ချက်ကို နောက်တစ်ဆင့်တက်နိုင်ပြီး . . .

ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် … ရောင်နီကို မြင်တွေ့ရဖို့ မနက်ခင်းတွေအတွက် ကိုယ်ရှိနေဖို့လိုတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။

ယင်လုံအိမ်သာနှင့် ပက်သက်သော ပြဿနာ

အချို့သော ရွာများတွင် မိမိတို့ ယင်လုံအိမ်သာဆောက်ကြခြင်းကို အောက်ပါအတိုင်း အကြောင်းပြကြလေ၏။ ၁။ ဆင်းရဲ၍ မဆောက်ပါ။ ၂။ မြေနေရာမရှိ မဆောက်ပါ။ ရေတွင်းနှင့်နီး၍ မဆောက်ပါ။ ၃။ ဆွေမျိုးများ (သို့မဟုတ်) အိမ်ရှင်နှင့် ပေါင်းသုံးသဖြင့် ဆောက်ဖို့မလိုပါ။

အသွင်မတူသော ကျေးညီနောင်

ကလေးသူငယ်တို့သည် အတုမြင်၊ အတတ်သင်ဖြစ်သော ညွှတ်ပျောင်းလွယ်သည့် စိတ်ထားရှိရာကား မိမိနေထိုင်ရာဒေသ၊ ပတ်ဝန်းကျင်၊ ထိတွေ့မှု၊ အကျင့်စရိုက်တို့သည် များစွာ ရိုက်ခတ်လွှမ်းမိုးစေလေ၏။