မြန်မာနိုင်ငံမှာပဲကြည့်ကြည့် ကမ္ဘာမှာပဲကြည့်ကြည့် ဒီနေ့ခေတ်ရဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ရှေ့တန်းကို ရောက်လာတာကတော့ Non-communicable diseases (NCD) လို့ ခေါ်တဲ့ ကူးစက်မဟုတ်သော ရောဂါများပဲ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါ၊ HIV/ AIDS၊ တီဘီရောဂါတို့လို ကူးစက်တတ်တဲ့ ရောဂါမျိုးတွေကလည်း လက်ရှိအချိန်ထိ နှိပ်စက်နေဆဲ အနေအထားမှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ ကူးစက်မဟုတ်သော ရောဂါများကပါ လူတွေရဲ့ အသက်နဲ့ ဘဝတွေကို ဖျက်ဆီးလျက်ရှိနေပါတယ်။

အရင်ကတော့ ဒီလိုသွေးတိုး ဆီးချို ဆိုတာတွေဟာ သူဌေးရောဂါ၊ သူဌေးတွေမှာမှ ဖြစ်တတ်တာ လို့ ထင်ခဲ့ကြပေမဲ့ ခုဆို ဆင်းရဲတဲ့သူတွေမှာလည်း ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဆင်းရဲတယ် ဆိုတာ ပိုက်ဆံချည်း တစ်ခုတည်းကွက် ဆင်းရဲတာ မဟုတ်ပါဘူး၊ အသိပညာလည်း ဆင်းရဲပါတယ်။ ဒီရောဂါတွေ ဘာကြောင့် ဖြစ်မှန်းမသိဘူး၊ ဆေးကုသမှု ခံယူဖို့ အရေးကြီးတယ်ဆိုတာလည်း မသိဘူး၊ ဒါတွေမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ပြုမူရမယ်ဆိုတာကိုလည်း မသိဘူး။ အဲဒီလို မသိခြင်း တွေရဲ့အလယ်မှာ နေနေကြရတဲ့အတွက် ချမ်းသာတဲ့သူတွေမှာ ဖြစ်တာထက်တောင် အခြေအနေက ပိုဆိုးဆိုးရွားရွား တွေ့ရလေ့ရှိပါတယ်။နောက်တစ်ခါ၊ ဒီရောဂါတွေဟာ လူကြီးတွေမှာပဲ ဖြစ်တယ်၊ အသက်ကြီးမှ ရင်ဆိုင်ရမဲ့ ပြသနာတွေလို့လည်း ထင်ခဲ့ကြဖူးတယ်။ တကယ်တော့ ခုနောက်ပိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး ရှိသူ၊ ဆီးချိုဖြစ်တာကို မသိလို့ ခြေထောက်သွေးကြောတွေ ပိတ်ပြီး ဖြတ်ပစ်လိုက်ရသူ၊ ကင်ဆာဖြစ်ပြီး အသက်ငယ်ငယ်နဲ့ သေဆုံးသွားသူ၊ ဒါတွေကို မကြာခဏ တွေ့ဖူးကြမှာပါ။ လူတွေရဲ့ နေထိုင်စားသောက်ပုံတွေ ပြောင်းလာတာနဲ့အမျှ လူတွေရဲ့ သက်တမ်းဟာလည်း တဖြည်းဖြည်း ပိုတိုလာတာကို တွေ့ရပါတယ်။

ဒီရောဂါတွေကို ထိန်းချုပ်တဲ့နေရာမှာလည်း လူတွေ အစားအသောက် မဆင်ခြင်လို့ ဖြစ်တာ၊ ဆေးလိပ်တွေ အရက်တွေသောက်လို့ ဖြစ်ရတာ ဆိုရုံနဲ့တင် မရပါဘူး။ အစိုးရဘက်က ထိန်းချုပ်မှုတွေ အများကြီးပဲ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံထဲကို တင်သွင်းလာမဲ့ စားသောက်ကုန်တွေရဲ့ အာဟာရပြည့်၀မှု၊ ဓါတုပစ္စည်း ကင်းစင်မှု၊ သန့်ရှင်းမှု စတာတွေကို အနီးကပ်ထိန်းချုပ်ဖို့ လိုပါတယ်။ နောက်ပြီး ဆေးလိပ်နဲ့ အရက်ကို အခွန်အခတွေ တိုးကောက်ဖို့ ကန့်သတ်ဖို့ စတဲ့ ခိုင်မာတိကျပြီး ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ပေါ်လစီတွေ ချမှတ်ပေးဖို့ အရေးကြီးပါတယ်။နောက်ဆုံး လူတွေ လွဲမှားနေတဲ့ အယူအဆတစ်ခုကတော့ ဒီရောဂါတွေကို ထိန်းချုပ်ဖို့ ငွေကုန်ကြေးကျ အရမ်းများမယ် ဆိုတာပါပဲ။ ဖြစ်ပြီးမှ ကုရင်သာ ငွေကုန်ကြေးကျ များနိုင်ပေမဲ့ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံတွေ အများကြီး မကုန်ဘဲ အသိပညာ ရှိရုံ၊ ကိုယ့်ရဲ့အမူအကျင့်လေး ပြောင်းရုံနဲ့တင် ကာကွယ်လို့ ရပါတယ်။

ဒီလို ရောဂါတွေ မဖြစ်ဖို့အတွက် လုပ်ဆောင်ရမဲ့ အရာတွေကတော့..

၁။ ဆေးလိပ်နဲ့ ဝေးအောင်နေပါ။ ဆေးလိပ်မသောက်ပါနဲ့ ဆိုတာနဲ့တင် မလုံလောက်တော့ပါဘူး။ ဆေးလိပ်အငွေ့နဲ့ပါ ဝေးဝေးနေဖို့ လိုအပ်လာပါတယ်။ မီးညှိထားတဲ့ ဆေးလိပ်က ထွက်တဲ့အငွေ့၊ သူများရှူသွင်းပြီးလို့ ပြန်ထုတ်လိုက်တဲ့ အငွေ့တွေဟာ ဆေးလိပ် မသောက်တတ်သူတစ်ယောက်အတွက် အဆုတ်ကင်ဆာ ဖြစ်နိုင်​ခြေ ၂၀-၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေပါတယ်။ ဒါကြောင့် အစိုးရဘက်ကလည်း ဆေးလိပ်သောက်သုံးမှုကို ထိန်းချူပ်ပေးဖို့ လိုအပ်သလို၊ ဆေးလိပ်သောက်တတ်သူများအနေနဲ့လည်း လူအများ စုဝေးတဲ့နေရာ၊ အိမ်အလုံပိတ်အခန်း၊ ကလေးတွေ အမျိုးသမီးတွေအနား၊ ဒီလိုနေရာမျိုးတွေမှာ ဆေးလိပ်မသောက်ဘဲ တာ၀န်ယူတတ်တဲ့၊ နိုင်ငံကြီးသားပီသတဲ့ အပြုအမူမျိုး ပြသကြဖို့ လိုပါတယ်။

၂။ အရက်လျှော့သောက်ဖို့။ ဒီနေရာမှာလည်း လူတွေရဲ့ အမူအကျင့်ပြောင်းဖို့အပြင် အစိုးရဘက်ကလည်း ပူးပေါင်းပါ၀င်ဖို့ အရေးကြီးပါတယ်။ အရက်က သိပ်၀ယ်ရလွယ်နေရင်၊ စျေးသက်သာနေရင် အရက်သောက်မြဲ သောက်နေကြဦးမှာပါပဲ။ ဒီလိုအနေအထားတွေကို ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အရက်ကို လုံး၀မရှောင်နိုင်သေးတောင် အန္တရာယ်ဖြစ်လောက်တဲ့အထိ၊ လူကို ဒုက္ခပြန်ပေးလောက်တဲ့အထိတော့ မသောက်ကြဖို့ လိုပါတယ်။ တကယ်တော့ သွေးတိုးဖြစ်လို့ ကင်ဆာဖြစ်လို့ ပိုက်ဆံကုန်တယ် ဆိုပေမဲ့ တစ်သက်လုံး သောက်လာခဲ့တဲ့ အရက်ဖိုး ဆေးလိပ်ဖိုးတွေ ပေါင်းလိုက်ရင် ဒီထက်တောင် ပိုများချင်များနေဦးမှာပါ။ ဒါကြောင့် ဒီရောဂါတွေ ဖြစ်ရင် ပိုက်ဆံကုန်တယ် ဆိုပေမဲ့ ဒါတွေ မဖြစ်အောင် အစောကတည်းက ကာကွယ်ခဲ့မယ် ကိုယ့်အပြုအမူတွေကို ဆင်ခြင်ခဲ့မယ်ဆိုရင် ငွေကုန်ကြေးကျ မရှိတဲ့အပြင် ငွေပိုငွေလျှံတွေတောင် ထွက်လာနိုင်ပါသေးတယ်။အရက်နဲ့ တစ်ဆက်တည်း ပြောလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားရော အမျိုးသမီးတွေပါ အတော်စားလေ့ရှိတဲ့ ကွမ်း ပါ။ ဒါကြောင့် ခုနောက်ပိုင်းမှာ ပါးစောင်ကင်ဆာ ဖြစ်နှုန်းက သိသိသာသာ တက်လာနေပါတယ်။ ဒါကိုလည်း တတ်နိုင်သမျှ ရှောင်ဖို့လိုပါတယ်။

၃။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့။ တစ်နေ့နည်းနည်းပဲဖြစ်စေ လုပ်ဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်ခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းတယ်၊ စိတ်ရွှင်လန်းတယ်၊ စား၀င်အိပ်ပျော်တယ်၊ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်၊ စသဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ အရမ်းပင်ပန်းခက်ခဲတာလည်း မဟုတ်လို့ တစ်နေ့အချိန်နည်းနည်းလောက် ကြိုးစားယူပြီး လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့ လိုပါတယ်။

၄။ အစားအသောက်ပုံစံ ပြောင်းဖို့။ ကျွန်တော်တို့​မြန်မာ​တွေက ဆီစားများပါတယ်၊ လက်ဖက်ဆိုလည်း ဆီတွေ နစ်လို့၊ အသားဆိုလည်း ဆီပြန်ဟင်းမှ စားလို့မြိန်တယ်။ နောက်ပြီး အချိုမှုန့်တွေကလည်း အခုချိန်ထိ စားနေကြတုန်း။ ငါးပိရည်ဆိုတာက ထမင်းဝိုင်းတိုင်းမှာ ပါတယ်။ သွေးတိုးသမားကလည်း ငါးပိတွေ၊ ငံပြာရည်တွေ၊ ငါးခြောက်တွေ စားနေတာပဲ။ ဆီးချိုသမားကလည်း ထမင်းတော့ လျှော့မစားချင်ဘူး။ ဒါတွေ ပြင်ဖို့ လိုပါတယ်။ လုံး၀မရှောင်နိုင်တောင် တတ်နိုင်သမျှ လျှော့စားကြဖို့တော့ လိုပါတယ်။

၅။ သင့်​တော်တဲ့ ကိုယ်အလေးချိန်မှာ ရှိ​နေဖို့။ အ၀လွန်ခြင်းဟာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေအတွက် အန္တရာယ်ကြီးတဲ့ အနေအထားတစ်ခုပါ။ ဒီလို အ၀လွန်ခြင်းကို ရှောင်ရှားဖို့၊ သင့်တော်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားဖို့အတွက် နည်းလမ်းက နှစ်ခုတည်းပါ။ ကိုယ်လက်လှုပ်ရှားလုပ်ဖို့နဲ့ အစားအသောက်ပုံစံ ပြောင်းဖို့ပါ။ တကယ်တော့ ဝိတ်လည်းကျ၊ ကျန်းမာရေးလည်း မထိခိုက်အောင် စားသောက်ရမဲ့ ပုံစံကတော့ တစ်ခါတည်း အများကြီး စားတာထက် နည်းနည်း၊ နည်းနည်းနဲ့ ခဏခဏ စားပေးရမယ်၊ အဆီအဆိမ့်တွေ၊ အချိုတွေ ရှောင်ရမယ်၊ ထမင်းနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးရမယ်၊ မနက်စာနဲ့ နေ့လည်စာကို ၀၀လင်လင် စားပြီး ညစာကိုတော့ တော်တော်လေးလျှော့ပြီး စားရပါမယ်။ ဒါဆိုရင် ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် ကျန်းမာရေးကိုလည်း မထိခိုက်စေပါဘူး။

၆။ စိတ်ဖိစီးမှုကို လျှော့ဖို့။ လူမှန်ရင် ဒုက္ခဆိုတာ ရှိစမြဲမို့ ဒါတွေကို ငြင်းဆန်လို့ ရွေးချယ်လို့တော့ မရပါဘူး။ ရွေးချယ်လို့ ရတာက ဒါတွေကို ကျွန်တော်တို့ ဘယ်လိုခံယူပြီး ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါပဲ။ အခက်အခဲတစ်ခု ကိုယ့်ဆီ ရောက်လာရင် ဒုက္ခလို့မမြင်ဘဲ ကိုယ့်ကို တိုးတက်အောင် အောင်မြင်အောင် ပြုလုပ်ပေးမဲ့ အရာပါလားလို့ ခံယူပြီး အကောင်းဆုံးကြိုးစားမယ်၊ ဖြစ်လာသမျှ ရလဒ်တွေအပေါ်မှာလည်း အကောင်းမြင်စိတ်နဲ့ ကြည့်တတ် ခံယူတတ်မယ်ဆိုရင် လောကကြီးမှာ နေပျော်ပါလိမ့်မယ်။

၇။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုကို မှန်မှန်လုပ်သွားဖို့်။ ရောဂါဆိုတာ ဖြစ်မှ ကုတာထက် ကာကွယ်ဖို့က ပိုအရေးကြီးတယ် ဆိုတဲ့အမြင် အားလုံးမှာ ရှိထားဖို့ လိုပါတယ်။ ကာကွယ်ဖို နည်းလမ်းတွေထဲမှာ ကိုယ့်အမူအကျင့်တွေ ပြောင်းလဲဖို့ လိုသလို၊ လိုအပ်တဲ့ စစ်ဆေးမှုတွေကို မှန်မှန်လုပ်သွားဖို့လည်း အရေးကြီးပါတယ်။ ငွေကုန်ကြေးကျ များတာတွေ မဟုတ်တောင် သွေးပေါင်ပုံမှန်တိုင်းတာ၊ ဆီးချို ရှိမရှိ စစ်ဆေးတာ စတာမျိုးတွေကိုတော့ မှန်မှန်လေး လုပ်သွားဖို့ လိုအပ်ပါတယ်။

၈။ မိသားစုထဲမှာ ဒီရောဂါတွေ ဖြစ်ဖူးသူ၊ ဒီရောဂါတွေနဲ့ သေဆုံးသူ ရှိမရှိ စုံစမ်းဖို့။ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတို့လို ရောဂါတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အမျိုးတွေထဲမှာ ဒါတွေနဲ့ သေဆုံးသွားသူတွေ ရှိလား၊ ဖြစ်ဖူးသူတွေ ရှိလား၊ ရှိတယ်ဆို သူတို့ဖြစ်တိုင်း ကိုယ်လိုက်ဖြစ်ရမယ် မဟုတ်ပေမဲ့ ပိုပြီး ဂရုစိုက်ရပါမယ်။ အပြုအမူတွေလည်း ပြောင်းရမယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလည်း မှန်မှန်လုပ်ဖို့ လိုပါတယ်။အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးလို့ ပြောလို့ ရတာကတော့ ကျန်းမာရေးဟောပြောပွဲတွေ နားထောင်ရမယ်၊ စာစောင်တွေ ဖတ်ရမယ်၊ တတ်ကျွမ်းနားလည်သူတွေနဲ့ မေးမြန်းတိုင်ပင်ရပါမယ်။ ဒါမှသာ ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုတွေ ခံစားရရင်တော့ ဆေးရုံဆေးခန်း ပြကြည့်ရမယ် စသဖြင့် အသိပညာ ဗဟုသုတတွေ ရရှိလာပြီး ဒီလိုရောဂါတွေကို ကာကွယ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။

ကျန်းမာစေကြောင်း နည်းကောင်း ၈ သွယ် အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

ဘဝနေနည်း

openmoreonline

You May Also Like

စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

လူများစွာတို့က ဒိုင်ယာရီထဲတွင် နေ့စဉ်ရေးမှတ်ခြင်းကို ရင်ဖွင့်ခြင်းတစ်ခုအဖြစ် တွေ့မြင်ကြသည်။ ဤဆောင်ရွက်ချက်ကို နောက်တစ်ဆင့်တက်နိုင်ပြီး . . .

ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် … ရောင်နီကို မြင်တွေ့ရဖို့ မနက်ခင်းတွေအတွက် ကိုယ်ရှိနေဖို့လိုတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။

ယင်လုံအိမ်သာနှင့် ပက်သက်သော ပြဿနာ

အချို့သော ရွာများတွင် မိမိတို့ ယင်လုံအိမ်သာဆောက်ကြခြင်းကို အောက်ပါအတိုင်း အကြောင်းပြကြလေ၏။ ၁။ ဆင်းရဲ၍ မဆောက်ပါ။ ၂။ မြေနေရာမရှိ မဆောက်ပါ။ ရေတွင်းနှင့်နီး၍ မဆောက်ပါ။ ၃။ ဆွေမျိုးများ (သို့မဟုတ်) အိမ်ရှင်နှင့် ပေါင်းသုံးသဖြင့် ဆောက်ဖို့မလိုပါ။

အသွင်မတူသော ကျေးညီနောင်

ကလေးသူငယ်တို့သည် အတုမြင်၊ အတတ်သင်ဖြစ်သော ညွှတ်ပျောင်းလွယ်သည့် စိတ်ထားရှိရာကား မိမိနေထိုင်ရာဒေသ၊ ပတ်ဝန်းကျင်၊ ထိတွေ့မှု၊ အကျင့်စရိုက်တို့သည် များစွာ ရိုက်ခတ်လွှမ်းမိုးစေလေ၏။