ပျော်ရွှင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ လူတွေကို စစ်တမ်းလေး ကောက်တာပေါ့။ မင်းကို ပိုက်ဆံ ၅ သိန်းပေးမယ်၊ မင်းသူငယ်ချင်းတွေကို ၃ သိန်း ပေးမယ်၊ ယူမလားဆို ယူမယ်ပေါ့။ နောက်တစ်မျိုး ထပ်မေးတယ်။ မင်းကို ၁၀ သိန်း ပေးမယ်၊ နဂိုထက် ၂ ဆ များသွားတယ်နော်။ မင်းသူငယ်ချင်းတွေကိုတော့ ၁၂ သိန်း ပေးမယ်၊ ဘယ်လိုလဲ ဆိုပြီး မေးတော့ လူတော်တော်များများဟာ ပထမ Option ကိုပဲ ရွေးသွားကြတယ်တဲ့။ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ကိုယ် ဘယ်လောက် ရနေလဲ ဆိုတာထက် လူ့အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ ကိုယ့်ရဲ့ အဆင့် (Status in the society) ကို ပိုမက်မောကြတယ် ဆိုတာပဲ။စာမေးပွဲကျတယ်ဆိုလည်း သူငယ်ချင်းတွေနဲ့ အတူတူဆို သိပ်ပြဿနာ မရှိဘူး။ သူငယ်ချင်းတွေက အောင်ပြီး ကိုယ်တစ်ယောက်တည်း ကျတယ်ဆို အဆင်မပြေတော့ဘူး။တကယ်ဆို သူငယ်ချင်းရဲ့ ကျခြင်း၊ အောင်ခြင်းဟာ ကိုယ့်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။ ပထမကို ရွေးလို့ ကိုယ်က ဒုတိယ ဖြစ်ကျန်ခဲ့ရတာလည်း မဟုတ်ဘူး။ ခုနက ကိစ္စဆိုလည်း ကိုယ့်ဟာကိုယ် ၁၀ သိန်းရ တော်ပြီပေါ့။ ဒါပေမဲ့ သူများတွေက ၁၂ သိန်း ရတယ်လည်း ဆိုရော၊ နဂိုရရမှာထက် ၄ ဆ ပိုရသွားတယ်လည်း ဆိုရော၊ မကြိုက်တော့ဘူး။ လူဆိုတော့ ဒီလိုပဲ သူများနဲ့ နှိုင်းတတ်တဲ့သဘော ရှိတယ်။ လူ့သဘာဝလို့တောင် ဆိုရမလားပဲ။ ခုလို ဆိုရှယ်မီဒီယာခေတ်ကျ ပိုဆိုးသွားတယ်။ ဘယ်သူ ဘာဖြစ်နေပြီ ဆိုတာ အကုန်သိနေရတာကိုး။ ဒီကြားထဲ ကျွန်တော်တို့ကလည်း ကောင်းတဲ့ကိစ္စ၊ အောင်မြင်တဲ့ကိစ္စမှ ပို့စ်တင်တတ်ကြတာမို့လား။ အဲ့တော့ လူတွေကို သူများနဲ့ နှိုင်းယှဉ်ခြင်း၊ သိမ်ငယ်စေခြင်း၊ မနာလိုခြင်း၊ အဲဒီကနေမှ တိုက်ခိုက်အပုပ်ချခြင်းတွေ ပိုပြီး ဖြစ်လာစေတော့တယ်။ ဖေ့စ်ဘွတ်မှာ သတိထား ကြည့်လိုက်ရင် အဲ့လိုစိတ်ကလေးတွေကို အများကြီး တွေ့ရလိမ့်မယ်။ (ဝေဖန်စရာမို့ ဝေဖန်တိုင်း မနာလို ဖြစ်နေတယ် ဆိုတဲ့ တစ်ဖက်စွန်းကိုလည်း မရောက်စေချင်ပါဘူး။) ရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်မှာလည်း အဲ့လိုစိတ်မျိုး ရှိတာပဲ။ ဒီလောက်ကြီး ဖြူစင်နေတာ မဟုတ်ဘူး။ ဥပမာ ကိုယ် ကြည့်မရတဲ့ လူတစ်ယောက် ဆဲခံနေရပြီဆို စိတ်ထဲနည်းနည်းလေးတော့ ဝမ်းသာတာပဲ။ ပြီးမှ သူ ဒါကို ရေးလို့၊ ဒီလိုလုပ်လို့ မကြိုက်တာက သက်သက်၊ သူ့ရဲ့ တန်ဖိုးက သက်သက် ဆိုတာမျိုး အတွေးကို ပြန်ပြင်ယူရတာ။ မနာလိုစိတ်ကို သတိလေးကပ်ပြီး ထိန်းချုပ်ပယ်သတ်နေရတာ။ လူဆိုတာက ကိုယ်နဲ့ လုံး၀ မသက်ဆိုင်တဲ့ သူတွေဆို မနာလို မဖြစ်ဘူး။ ကိုယ် လုံး၀ လက်လှမ်းမမီလောက်အောင် အောင်မြင်နေရင်လည်း မနာလို မဖြစ်ဘူး။ ကိုယ်နဲ့လည်း နယ်ပယ်ချင်း တူတယ်၊ အပြတ်အသတ်ကြီးလည်း ဖြစ်မနေဘူးဆိုရင်တော့ မနာလို ဖြစ်တတ်တယ်။

အဲ့လို မနာလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကို လိုက်ဖတ်ကြည့်တော့

၁။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာ (Dissatisfaction) ကိုယ့်မှာ ရှိတာကို ကိုယ်မမြင်ဘဲ ကိုယ့်မှာ မရှိတာတွေကိုပဲ ကွက်ကြည့်ပြီး မကျေမနပ် ဖြစ်နေသူတွေပေါ့။ ဥပမာ ကိုယ်က အမျိုးသားရှိတယ်။ မိသားစုလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ ဒါပေမဲ့ အပြင်အလုပ် မလုပ်ရတဲ့အတွက် သူ့ကိုယ်သူ မကျေနပ်ဘူး။ ဒီအခါ ကိုယ့်အမျိုးထဲကဖြစ်ဖြစ်၊ သူငယ်ချင်းထဲကဖြစ်ဖြစ် ကိုယ်ပိုင်အလုပ် လုပ်နေသူဆိုရင် ကြည့်မရဘူး။ နောက်ကွယ်မှာ မကောင်းပြောတယ်။ သူတစ်ပါးအလုပ်ကို လှောင်ပြောင်တယ်။

၂။ သူများနဲ့ နှိုင်းယှဉ်တာ (Comparison with others) ဒါကတော့ အပေါ်မှာ ပြောခဲ့သလို လူ့သဘာဝပါပဲ။ ဒါကိုမှ ဆိုရှယ်မီဒီယာက မီးလောင်ရာလေပင့် လုပ်ပေးတယ်။ ဒါကြောင့်လည်း သတိလေး ထားပြီး သုံးကြဖို့ ပြောလာရတာ။

၃။ ဂုဏ်မောက်တာ၊ မာနကြီးတာ (Pride) သူတို့ကျ တစ်မျိုး။ ကိုယ့်ကိုယ်ကိုယ်မှ ကောင်းတယ်၊ တော်တယ် ထင်တာ။ အဲ့လိုလူတွေက တစ်ဖက်သားကို မလေးစားဘူး။ အားနည်းချက်ကို မရရအောင် ရှာပြီး နှိမ်တယ်။ ဥပမာ ငါက ဘာလို့ ဒီလိုလူမျိုးနဲ့၊ ခုမှ တက်သစ်စလေးနဲ့ တွဲပြီး ပြောရမှာလဲတို့ (ဒီနေရာမှာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းသူမို့ အလုပ်တွဲမလုပ်ချင်တာကို မဆိုလိုပါဘူးနော်)၊ သူ့နာမည်ကို ကိုယ်မသိဘူး ဆိုပြီး ချိုးလိုက်တာမျိုးတို့ လုပ်တတ်ကြတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု အားနည်းတာ (Low self-esteem) ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ် သိပ်သဝန်တိုတတ်တဲ့ ရည်းစားတွေ၊ အိမ်ထောင်ဖက်တွေဆို ကြည့်လိုက်။ အများစုဟာ သူတို့ကိုယ်သူတို့ အားမရဘူး။ သူ့ရည်းစား၊ သူ့အိမ်ထောင်ဖက်ရဲ့ ပတ်ဝန်းကျင်မှာ ရှိသမျှ လူတွေဟာ သူ့ထက်သာတယ်လို့ ထင်နေတယ်။ ဒီတော့ စိတ်ယိုင်သွားမှာ စိုးတယ်။ အဲဒီအခါ သဝန်တိုတယ်။ ချုပ်ချယ်တယ်။ များသောအားဖြင့် အလုပ်မလုပ်၊ ဝင်ငွေမရှာနိုင်တဲ့ အမျိုးသား၊ အမျိုးသမီး၊ လိင်မှုဆိုင်ရာမှာ မစွမ်းဆောင်နိုင်တဲ့ အမျိုးသား၊ ကလေးမွေးမပေးနိုင်တဲ့ အမျိုးသမီးတွေမှာ အဲ့လို တွေ့ရတတ်တယ်။ (Gender ခွဲထားတာ မဟုတ်ဘဲ ဖြစ်တတ်တဲ့ သဘောကို ရေးထားတာပါ။)

၅။ လိုချင်တပ်မက်စိတ် များတာ (Desire) ဘဝမှာ သိပ်ပြီးလည်း မအောင်မြင်ချင်၊ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တဲ့သူတွေဟာ မနာလိုစိတ်လည်း နည်းတတ်ကြတယ်။ ဘယ်သူ့ကိုမဆို မုဒိတာ ပွားနိုင်တယ်။ လိုချင်တပ်မက်စိတ်၊ အောင်မြင်လိုစိတ်၊ အရာရာမှာ ပထမ ဖြစ်လိုစိတ် ရှိသူတွေကတော့ ပိုပြီး မနာလိုမိတတ်တယ်။တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါသေးတယ်။ ခုက ဖတ်မိသလောက် ပြောရတာ။ အဲ့လို မနာလိုစိတ်များရင် ဘာဖြစ်လာတတ်လဲဆို စိတ်ဓါတ်ကျတတ်တယ်။ ကိုယ့်ဘဝကိုယ် အားမရဘူး။ သူများကို မကောင်းပြောဖို့၊ တိုက်ခိုက်ဖို့ပဲ စဉ်းစားတယ်။ အတင်းပြောတယ်။ အပုပ်ချတယ်။ သူများနဲ့ တစ်ချိန်လုံး နှိုင်းယှဉ်နေတဲ့အတွက် ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ မကျေနပ်နိုင်ဘူး။ သိန်း ၃၀၀ တန် ကားစီးနေလည်း ၅၀၀ တန် လိုချင်နေတုန်းပဲ။ သိန်း ၅၀၀ တန် ရသွားလည်း ၁ ထောင်တန် လိုချင်နေတုန်းပဲ။ မိဘ၊ သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ရေး၊ လုပ်ငန်းခွင် ဘယ်လိုဆက်ဆံရေးမျိုးမဆို အဆင်မပြေတတ်ဘူး။ သူ့ကို ဦးစားပေးမှ ကြိုက်တယ် ဆိုတာမျိုး ဖြစ်နေတာကိုး။ကျွန်တော်ထင်တယ်။ အနည်းနဲ့အများသာ ကွာမယ်။ ကျွန်တော်တို့အားလုံးမှာ မနာလိုစိတ်တွေ ရှိကြတာချည်းပါပဲ။

ဒီအတွက် အကြံပေးချင်တာတွေကတော့

၁။ ရိုးသားပါ။ဒီစာကို ဖတ်ပြီး သူများတွေကိုပဲ မျက်စိထဲ မမြင်ယောင်ပါနဲ့။ ကိုယ့်ရဲ့ မနာလိုစိတ်ကိုလည်း ကိုယ်ပြန်ကြည့်ပါ။ အရှိအရှိအတိုင်း လက်ခံပါ။

၂။ ကိုယ့်မှာ ရှိတာတွေကို တန်ဖိုးထားတတ်ပါစေ။ဖြစ်နိုင်ရင် စာအုပ်ထဲ ချရေးထားပါ။ ဥပမာ ကိုယ့်မှာ ပျော်စရာ မိသားစု ရှိတယ်၊ အလုပ်အကိုင် ရှိတယ်၊ ကျန်းမာရေး ကောင်းတယ်၊ လေ့လာသင်ယူနိုင်တဲ့ ဦးနှောက်ရှိတယ် စသဖြင့်ပေါ့။

၃။ ဆိုရှယ်မီဒီယာကို သတိထားသုံးပါ။အောင်မြင်နေတာ မြင်တိုင်း အရာရာ အဆင်ပြေနေတယ် မထင်နဲ့။ ဒီအပိုင်းလေးပဲ ကွက်ပြလို့ ကိုယ်မြင်ရတာ။ အားလုံးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်တော့ ခွေးဖြစ်နေကြတာချည်းပဲ။ ဒီလို သဘောပေါက်ထားပါ။

၄။ သူများအကြောင်း မတွေးမိအောင် အလုပ်များများ လုပ်ပါ။အလုပ်ရှုပ်နေရင် ဘယ်သူ ဘယ်ရောက်လို့ ဘာတွေလုပ်ပြီး ဘာဖြစ်နေတယ်၊ ငါ့ကို ဘယ်လိုတွေ ပြောနေကြပြီ ဆိုတာ တကယ်ကို မတွေးနိုင်တော့တာပါ။ အလုပ်အားတဲ့သူဟာ မနာလိုစိတ် ပိုဖြစ်တတ်ပါတယ်။ အလုပ်တွေ ရှုပ်တဲ့အခါ နားရက်လိုချင်ကြပေမဲ့ တကယ်သာ အလုပ်နားရကြည့်။ သိမ်ငယ်စိတ်၊ အားမရတဲ့စိတ်၊ မနာလိုတဲ့စိတ်တွေ သိသိသာသာကို ဖြစ်လာတာပါ။

၅။ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ပါစေ။မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတဲ့လူဟာ မနာလို ပိုဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူကတော့ သူတစ်ပါးကိုလည်း လေးစားတယ်။ တန်ဖိုးထားတတ်တယ်။ ဒီအတွက် အတွေးတွေ၊ အပြောတွေနဲ့တင် မရဘူး။ လုပ်ရပ်ပါ လိုလာတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ဖို့၊ Self-image ကောင်းဖို့ဆိုရင် CAC ဆိုတဲ့ ၃ ချက် မဖြစ်မနေ လိုတယ်။၁) ကျွမ်းကျင်မှု – Competence၂) ပြီးမြောက်အောင်မြင်မှု – Achievement၃) ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မှု – Contributionအဲဒါတွေရှိမှ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့်ရဲ့ အားသာချက်တွေ၊ ကျွန်တော် လုပ်နိုင်ခဲ့တာတွေ၊ အများအကျိုးအတွက် လုပ်ခဲ့တာတွေကို စုပြီး ရေးထားတယ်။ စိတ်ဓါတ်ကျတိုင်း ပြန်ပြန်ဖတ်တယ်။ အားယူတယ်။ အဲဒီစာရင်းထဲ ထပ်ထပ်ထည့်နိုင်အောင် ကြိုးစားတယ်။ ဒါကြောင့် အတိုက်ခိုက်ခံရလေ ပိုလေ့လာဖြစ်လေ၊ စာပိုရေးဖြစ်လေ၊ အများအတွက် ပိုလုပ်ဖြစ်လေပဲ။ တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ Self-image ကို ပြန်ပြန်မြှင့်နေတာပဲ။ မနာလိုစိတ်ဟာ သဘာ၀ ဆိုပေမဲ့ သတိထား ကိုင်တွယ်ဖို့ ကောင်းပါတယ်။ တခြားသူတွေ အောင်မြင်လို့ ကိုယ့်မှာ မနာလို ဖြစ်ရတယ်ဆို တခြားသူတွေကို မအောင်မြင်ဘဲ နေခိုင်းလို့ မရပါဘူး။ အဓိက ပြဿနာက ကိုယ့်အတွင်းစိတ်ထဲမှာ ရှိနေတာပါ။ ဒါကို ဖြေရှင်းဖို့က ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။

မနာလိုခြင်းတွေအကြောင်း ကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

openmoreonline

You May Also Like

စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

လူများစွာတို့က ဒိုင်ယာရီထဲတွင် နေ့စဉ်ရေးမှတ်ခြင်းကို ရင်ဖွင့်ခြင်းတစ်ခုအဖြစ် တွေ့မြင်ကြသည်။ ဤဆောင်ရွက်ချက်ကို နောက်တစ်ဆင့်တက်နိုင်ပြီး . . .

ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် … ရောင်နီကို မြင်တွေ့ရဖို့ မနက်ခင်းတွေအတွက် ကိုယ်ရှိနေဖို့လိုတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။

ယင်လုံအိမ်သာနှင့် ပက်သက်သော ပြဿနာ

အချို့သော ရွာများတွင် မိမိတို့ ယင်လုံအိမ်သာဆောက်ကြခြင်းကို အောက်ပါအတိုင်း အကြောင်းပြကြလေ၏။ ၁။ ဆင်းရဲ၍ မဆောက်ပါ။ ၂။ မြေနေရာမရှိ မဆောက်ပါ။ ရေတွင်းနှင့်နီး၍ မဆောက်ပါ။ ၃။ ဆွေမျိုးများ (သို့မဟုတ်) အိမ်ရှင်နှင့် ပေါင်းသုံးသဖြင့် ဆောက်ဖို့မလိုပါ။

အသွင်မတူသော ကျေးညီနောင်

ကလေးသူငယ်တို့သည် အတုမြင်၊ အတတ်သင်ဖြစ်သော ညွှတ်ပျောင်းလွယ်သည့် စိတ်ထားရှိရာကား မိမိနေထိုင်ရာဒေသ၊ ပတ်ဝန်းကျင်၊ ထိတွေ့မှု၊ အကျင့်စရိုက်တို့သည် များစွာ ရိုက်ခတ်လွှမ်းမိုးစေလေ၏။