ဝှက်ဖဲ

ဝှက်ဖဲ အပိုင်း (၂) – သူဟာ ကိုယ့်အတွက်တော့ ထူးခြားဆန်းသစ်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူဟာ အမြဲ စမတ်ကျကျ ဝတ်စားဆင်ယင်တတ်သူ ဖြစ်တယ်။ သူ့ကိုကြည့်လိုက်ရင် ဟိုးဆံထိပ်ဖျားကနေ ခြေဖျားအထိ သန့်ရှင်းသပ်ရပ် မွှေးကြိုင်ကြော့မော့နေတတ်တယ်။ သူ့ဆံပင်ပျော့ပျော့လေးတွေကို Hair Creamလိမ်းထားပြီး ဘေးခွဲပြီးထားလိုက်တာများ ဆံစတစ်မျှင်တလေတောင် အစွန်းထွက်မနေခဲ့ပါဘူး။

သူ့ရဲ့ ချောမွေ့ကြည့်ကောင်းလွန်းတဲ့ မျက်နှာပေါ်မှာ ဘယ်တော့မှ မုတ်ဆိတ်ကျင်စွယ် ငုတ်ကလေး တစ်ငုတ်တလေတောင် ထွက်မနေရအောင် အမြဲဂရုစိုက် ရိတ်သိမ်းတတ်သူလည်း ဖြစ်တယ်။ အဲဒီမျက်နှာ ချောချောပေါ်မှာ အဖုအပိမ့်လုံးဝမရှိ၊ ဝက်ခြံတစ်လုံးတလေ တစ်ခါတစ်ရံ ပေါက်နေတာမျိုးတောင် မတွေ့မိခဲ့ပါဘူး။ အချိုးအဆက် ပြေပြစ်တဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာဝတ်ဝတ် ကြည့်လို့ကောင်းတာကိုလည်း ကိုယ်တို့ အသိအမှတ်ပြုကြရတယ်။

သူဝတ်သမျှ အကျီ ဘောင်းဘီတွေဟာ အရောင်နုဖျော့ကလေးတွေချည်းပဲ။ အဝါနု၊ အစိမ်းဖျော့၊ ပန်းဖျော့၊ မိတ်ကပ်ရောင်ဖျော့ဖျော့၊ Sky Blue စသဖြင့် အရောင် အသွေးတွေအားလုံး အမြဲနုပျိုသစ်လွင်နေတတ်တယ်။သူဟာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်သူလည်း ဖြစ်ပါတယ်။ ဖက်ရှင်ရွေးတဲ့အခါ ခေါင်းဖျားခြေဆုံးအထိ သူ အမြဲဂရုစိုက်တတ်တယ်။ အဝတ်အစားဒီဇိုင်းက တစ်မျိုး၊ ဦးထုပ်က တစ်မျိုး၊ ဖိနစ်ကဝတ်တာမျိုးလည်း မဟုတ်ဘူး။ သူ့စိတ်ကူးနဲ့သူ ထွင်ပြီးဝတ်တာလည်းတစ်မျိုး ကွဲလွဲနေတာမရှိဘူး။

သူဟာ အဝတ်အစားကို သမားရိုးကျရှိတယ်။ တစ်ခါတစ်ရံမှာ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ လျှာထိုးဦးထုပ်ကလေးဆောင်း၊ ကျောပိုးအိတ် ဆန်းဆန်းလေးလွယ်၊ ဖိနပ်ကကြိုးသိုင်းတွေ ရှုပ်နေတဲ့ ဖိနပ်မျိုး၊ နာရီကလည်း Fancy ပုံစံ ထုထည်ကြီးကြီးမျိုး ပတ်ထားပြီး လူငယ်လေး ဒီဇိုင်းနဲ့ တွေ့ရတတ်တယ်။ တစ်ခါတစ်ရံမှာ ရှပ်အင်္ကျီလက်ရှည် အရောင်ဖျော့ဖျော့လေးနဲ့ စတိုင်လ်ဘောင်းဘီပွပွလေးကို လူကြီးဆန်ဆန် ဝတ်ထားတာလည်း တွေ့ရတတ်တယ်။

တစ်ခါတစ်ခါတော့ ယောပုဆိုးလေးနဲ့ ရှပ်အင်္ကျီကော်လံ လည်ကတုံး အဖြူလွလွ ဝတ်ထားတာကို တွေ့ရပြန်တယ်။ သူ ဘာဝတ်ဝတ် ကိုယ်တို့မျက်စိထဲမှာ ကြည့်ကောင်းနေတာတော့ အမှန်ပဲ။ သူ့အနားကိုရောက်ပြီဆို ရေမွှေးနံ့က သင်းနေတာပဲ။ သူက ရေမွှေးကို အမျိုးမျိုး ပြောင်းသုံးတတ်တယ်။ သူက ခင်မင်နှစ်လိုဖွယ် ကောင်းတယ်။ ဖော်ရွေတယ်။ ဒါပေမယ့် မိန်းကလေးတွေဆို ခပ်မှန်မှန်ပဲ။ ဣန္ဒြေရရ ဆက်ဆံတယ်။

သူ့မှာ ယောက်ျားလေး အပေါင်းအသင်းတွေတော့ အများကြီးပဲ။ အထူးသဖြင့် သူ့ထက်ငယ်တဲ့ ကောင်လေးတွေနဲ့လည်း သူက ရင်းရင်းနှီးနှီး ပေါင်းတတ်တယ်။ သည်းညည်း ခံတယ်။ အပေးအကမ်း ရက်ရောတယ်။ ဒါ့ကြောင့် ကောင်လေး တွေကဆို သူ့ကို “အစ်ကို အစ်ကို”နဲ့ သိပ်ချစ်ကြတယ်။ သူ့နောက် တကောက်ကောက် လိုက်ကြတယ်။

သူဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် လုပ်နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျောင်းတစ်ဖက်နဲ့ စီးပွားရေးလုပ်နေတဲ့ သူ့ကို မိန်းကလေး အတော်များများက စိတ်ဝင်စားကြတယ်။ သူဟာ ငွေရှိတယ်၊ ရုပ်ချောတယ်၊ ပညာတတ်တယ်။ ဒါပေမယ့် ဘယ်မိန်းကလေးနဲ့မှ အရှုပ်အယှက်ရှိတယ်လို့ မကြားရဖူးဘူး။ မိန်းကလေးတွေနဲ့ တွဲသွားတွဲလာတောင် မလုပ်တတ်တဲ့ သူ့ရဲ့ သန့်စင်မှုကို ကိုယ်တို့ အထင်ကြီးကြရတယ်။

သူ ဘယ်သွားသွား သူ့နောက်မှာ သူ့ရုံးက ဝန်ထမ်းကောင်လေး သုံးလေးယောက်က အမြဲပါတယ်။ သူဘယ်ကိုမှ တစ်ယောက်တည်း မသွားတတ်ဘူး။ အဲဒီ တပည့်လေးတွေနဲ့ အတူသွား၊ စားစရာရှိရင်လည်း အတူစား၊ ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင်နဲ့ အဆင့်အတန်းမခွဲဘဲ နေနေတတ်တာဟာ အင်မတန်မှ ချစ်စရာ ကောင်းတယ်။

သူနဲ့ကိုယ်ဟာ သူ့မိတ်ဆွေတစ်ယောက် မိတ်ဆက်ပေးခဲ့လို့ စပြီး တွေ့ဆုံခင်မင်ခွင့်ရခဲ့ကြတာဖြစ်တယ်။ သူက လွဲလို့ ယောက်ျားအတော်များများဟာ ကိုယ်နဲ့ခင်မင်ခွင့် သိကျွမ်း ခွင့်ရပြီဆိုတာနဲ့ ကိုယ့်ကိုမျက်လုံးတွေ ကျွတ်ကျမတတ် ပြူးပြဲ ကြည့်ပြီး ဣန္ဒြေမရ လျာလောင်ခတ်စွာနဲ့ …

“ခုလို ခင်မင်ခွင့်ရတာ အရမ်းဝမ်းသာတယ်ဗျာ … အကူအညီလိုရင်လည်း ပြောပါ… ဘာမဆို ကူညီပါ့မယ်၊ “မ …”ကတော့ သိပ်လှတယ်ဆိုတာ နာမည်ကျော်ပြီးသားပဲ၊ ခုမှပဲ တွေ့ခွင့်ရတော့တယ်၊ ဝမ်းသာတယ်ဗျာ … တကယ်ပါ၊ နောက်လည်း “မ …” ဆီကျွန်တော် လာလည်ပါရစေနော်”

အဲဒီလို တဖွဖွပြောပြီးတာနဲ့ အဲဒီနေ့ကစလို့ ကိုယ့်ဆီ ချောင်းပေါက်မတတ် လာလည်ပါတော့တယ်။ လာတိုင်းလည်း လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့။ ကိုယ်ကတော့ အဲဒီလို လူမျိုးတွေကို လှောင် ပြောင်ချင်စိတ်နဲ့ ကျောခိုင်းပစ်ခဲ့တာ များတယ်။ ကိုယ် သူတို့ကို စိတ်မဝင်စားဘူး။ ကိုယ် စိတ်ဝင်စားတာဆိုလို့ သူတစ်ယောက်သာ ရှိပါသေးတယ်။ သူကတော့ ကိုယ်နဲ့ မိတ်ဆက်ပေးလိုက်တာနဲ့ ရိုးရိုးသားသား ရင်းရင်းနှီးနှီး ပြုံးပြပြီး … “ဪ.. ဟုတ်ကဲ့ .. ဟုတ်ကဲ့” လို့ပဲ ပြောခဲ့တယ်။

အဲဒီနောက်ပိုင်း ကိုယ့်ဆီ လာလည်တာမျိုး၊ ဖုန်းဆက်တာမျိုး တကူးတက အလုပ်တွေ တစ်ခုမှ မလုပ်ခဲ့ဘူး။ ကိုယ်ကတော့ စိတ်တွေ တိုလို့ပေါ့။ ကိုယ့်သူငယ်ချင်းတွေကလည်း သူ့ရဲ့ နေနိုင် ပုံကို အံ့သြကြရတယ်။

“သူ့ကြည့်ရတာ နင့်အလှကို အသိအမှတ်မပြုသလိုပဲ၊ နေနိုင်လွန်းတယ်”

“ဟုတ်ပါ့ … ဟိုနေ့က လမ်းမှာဆုံတော့တောင် လက်မြှောက်ပြပြီး နှုတ်ဆက်သွားရုံပဲ၊ ကော်ဖီဆိုင်ထိုင်ဖို့တောင် စကားမစဘူး၊ သူများတွေဆို သူ့လို မဟုတ်ပါဘူး”

သူငယ်ချင်းတွေစကားက ကိုယ့်ရဲ့ မာနကို မီးလောင်ရာ လေပင့်တယ်။ ကိုယ် တော်တော်ခံပြင်းရတယ်။

“နင့်မာနကိုသိလို့ ကြောက်ကြောက်နဲ့ မစရဲတာ ဖြစ်နိုင်တယ်”

ဒီစကားကတော့ ကိုယ့်ကို ဖြေသာစေတယ်။ ကိုယ်နည်းနည်းလျှော့ပေးဖို့၊ လိုက်လိုက်လျောလျော ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

You May Also Like

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။ ကမ္ဗလာသီးလို့ပြောရင် ပြန်ငြင်းမယ့်သူတွေ များမှာပဲ။ ORANGE ဆိုတာ လိမ္မော်သီးလို့ ငယ်ငယ်ကတည်းက ကျောင်းမှာသင်ခဲ့တာ။ အဲ့ဒီအတိုင်းပဲ အော်ကျက်ခဲ့တာ။ အိပ်ပျော်နေချိန်နှိုးမေး ORANGE ကို လိမ္မော်သီးလို့ပဲ ပြောမှာ။

ရွှေတိဂုံဘုရားမှ ဘာတွေတွေ့

အမျိုးသားစာဆို ဆရာဇော်ဂျီ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေစဉ်က ဆရာ့ရုံးခန်းကို နိုင်ငံခြားသူတစ်ယောက် ရောက်လာပါတယ်။ ဆရာဇော်ဂျီကို အကူအညီတစ်ခု လာတောင်းတာပါ။

မိုးလင်းလို့ ကြက်တွန်တာ

တစ်ညတာလကလည်း သာတဲ့အချိန်မှာ ကိုအေးနဲ့မအေး လင်မယားနှစ်ယောက် အိမ်ဦးကပြင်မှာ သင်ဖျားကလေးခင်းပြီး အေးအေးလူလူ စကားပြောနေကြသတဲ့။

ဘဝ ပစ်တိုင်းထောင်

ဟောပြောပွဲတွေလုပ်တဲ့အခါ ပရိတ်သတ်ထဲက မေးချင်တာရှိရင်မေးဖို့ ကျွန်တော် ဖိတ်ခေါ်လေ့ရှိတယ်။ နားထောင်သူက ဟောပြောသွားတာတွေအပြင် သိချင်တာ မေးချင်တာလည်း ရှိတတ်တယ်။