ကံကြမ္မာကို ယုံကြည်သူ

အပိုင်း (၁)

ကံကြမ္မာကို ယုံကြည်သူ – သူသည် အဓိပတိဖွား၊ တနင်္လာသားပီပီ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်အဝရှိသူ ဖြစ်သည်။ သူ့ဘဝဟာ ဘယ်တော့မှ နိမ့်နိမ့်ပါးပါး မဖြစ်နိုင်၊ ဒါကို သူက အပြည့်အဝယုံကြည်ထားခဲ့သည်။ သူ၏ကံကြမ္မာသည် သူ့ထံတွင်အမြဲရပ်တည်ပေးခဲ့သည်မှာ အမိဝမ်းက ကျွတ်စကတည်းက ဖြစ်လေသည်။ အချိန်ကောင်း အခါကောင်း၊ နေ့ကောင်းရက်သာမှာမှ လူ့ဘဝထဲကို ရောက်လာခဲ့ရတာက သူ့ရဲ့ မဟာကံထူးမှုကြီး ဖြစ်သည်။

“ငါ့သားက အဓိပတိဖွား၊ တနင်္လာသားကွ၊ ကျော်စောထင်ရှားမယ်၊ ချမ်းသာကြွယ်ဝမယ်၊ ကံကောင်းလိုက်တဲ့ သားကလေးကွာ”

အဖေက ထိုသို့ တဖွဖွပြောတတ်တာကို သူ ခုချိန်ထိ အမှတ်ရနေဆဲဖြစ်သည်။ အဖေနှင့် အမေသည် သူ့ကို လွန်စွာချစ်ခင် အထင်ကြီးပြီး ဗေဒင်ကိန်းခန်းများကိုလည်း ဝါသနာထုံသူများ ဖြစ်ကြသည်။

“ဟိုဘက်အိမ်က နုနုရဲ့ သမီးကလေးဟာလေ ပုတိဖွားကလေးတဲ့၊ ‘ပုတိသဘော မကျော်စော’ တဲ့၊ ဒီကလေးကြည့်ရတာ ကောင်းစားမယ့်ကံ ပါမလာဘူးထင်ပါရဲ့”

“ကိုသာမြတ်ရဲ့ သားကလေးက မရဏဖွားတဲ့ကွာ၊ ကျွတ် … ကျွတ် သနားပါတယ်၊ မရဏဖွားဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတတ်တယ်တဲ့”

“မမြခင် သားကလေးကလည်း ဘင်္ဂတဲ့၊ ဘင်္ဂဆိတာ အပုပ်ပဲ၊ ဒီကလေး ကောင်းစားမယ်မထင်ဘူး”

“ရှင်ကလည်း ဒါတွေပဲလျှောက်ပြောမနေနဲ့လေ၊ ကျွန်မတို့ သားလေးနဲ့ လပိုင်းပဲ ခြားပြီး မွေးတဲ့ မစုရဲ့ သမီးလေးဟာ ရာဇဖွားတဲ့ရှင်၊ မင်းကတော် စိုးကတော် ဖြစ်မယ့်ဇာတာရှင့်၊ ဘယ်လိုလဲ ရှင့်သားနဲ့ဆို မသင့်တော်ဘူးလား”

အဖေနှင့် အမေ – မကြာခဏပြောနေတတ်ကြသော စကားများကို သူ နားရည်ဝစွာ ယဉ်ပါးနေခဲ့သည်။ အဖေတို့ပြောသည့် ပုတိ၊ ဘင်္ဂ၊ မရဏဖွားကလေးများကို သူ ကရုဏာဖြင့် ကြည့်တတ်ခဲ့ပြီး ရာဇဖွား၊ အဓိပတိဖွားနှင့် သိုက်ဖွားများကိုတော့ သူ့နည်းတူ ကံကောင်းသူကြီးများအဖြစ် အထင်တကြီး ကြည့်တတ်လာခဲ့သည်။

လူတွေဟာ လူချင်းတူပေမယ့် ဘဝအခြေအနေချင်း ကွဲကြတာဟာ နက္ခတ်တာရာ၊ လဂ်၊ စန်း၊ မဟာဘုတ်၊ ဇာတာခွင်၊ ဂြိုလ်ခွင်တွေရဲ့ ကွာခြားစွာ ဖန်တီးပေးမှုကြောင့်ပါလားဟု သူယုံကြည်ခဲ့သည်။

သူ့ဘဝကတော့အချိန်ကောင်း အခါကောင်းမှာ မွေးဖွားလာခဲ့ရတာမို့ ဘဝကို သက်သောင့်သက်သာလေး ဖြတ်သန်းရင်း ကံကြမ္မာနှင့်အတူ မျှောလိုက်သွားရုံသာ ရှိသည်။ ပြီးတော့ သူက ရာသီခွင်အားဖြင့်ဆိုလျှင်လည်း လွန်စွာ စန်းပွင့်သည့် VIRGO (ကန်ရာသီခွင်)တွင်မှ မွေးဖွားထားသူဖြစ်၍ အဖက်ဖက်မှ ကံကောင်းခြင်းတို့ဖြင့် ဘဝကို မွမ်းမံတန်ဆာဆင်ခံထားရသူဟု သူ့ကိုယ်သူ ယုံကြည်စိတ်ချလေသည်။

အပိုင်း (၂)

ကံကြမ္မာကို ယုံကြည်သူ – သူသည် အဖေ အမေရဲ့ အရိပ်အာဝါသအောက်မှာ ဘဝကိုသက်သောင့်သက်သာ (ကံကောင်းစွာ) ဖြတ်သန်းရင်း တဖြည်းဖြည်းလူလားမြောက်ခဲ့ရသည်။ သူ့တွင် အပူအပင်ဆိုတာလည်း မရှိ၊ သာမန်မေဂျာတစ်ခုဖြင့် ဘွဲ့ တစ်ခုကိုတော့ အေးအေးသက်သာ ရခဲ့သည်။ ဆရာဝန်၊ အင်ဂျင်နီယာဆိုတာမျိုး ထူးထူးချွန်ချွန် ဖြစ်မလာသော်လည်းသူဝမ်းမနည်းပါ။

ဘဝဆိုတာ ထူးချွန်တိုင်းလည်း ကောင်းစားတာမှမဟုတ်တာ၊ သာမန်ဘွဲ့ ကလေးပိုက်ပြီး ကောင်းစားနေသူတွေ တစ်ပုံကြီးပါဟု သူကတွေးသည်။ ခုချိန်ထိ သူ့ဘဝမှာ ဘာမှထူးခြားပြောင်မြောက်မလာသေးတာကတော့ အချိန်အခါမရောက်သေးလို့သာပဲဟု သူက စိတ်အေးအေးထားသည်။ ဘဝမှာ ကြီးပွားချမ်းသာဖို့ ဇာတာပါလာသူဟာဘာမှ ပင်ပင်ပန်းပန်းမလုပ်လည်း တစ်နေ့ကြီးပွားမှာပဲဟု သူက ယုံကြည်ထားသည်။

ထိုယုံကြည်ချက်ကို ပိုက်ပေါ့ရင်း သူ့ဘဝရဲ့ အစပိုင်း အနှစ်နှစ်ဆယ်ကျော်ကာလကို အလွယ်တကူ ကျော်ဖြတ်လွန်မြောက်လာခဲ့ရလေသည်။ သို့သော် သူဘွဲ့ ရပြီး သိပ်မကြာခင်မှာပင် သူ့အမေရော၊ သူ့အဖေပါ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားခဲ့ရသည်။ သူ့ဘဝကထိုနေရာမှာပင် တစ်ဆစ်ချိုးလေသည်။ သို့သော် သူ အားမငယ်ပါ။ သူ့မိဘတွေ မရှိတော့ပေမယ့် သူ့ဘဝဟာ ဆင်းရဲစုတ်ပြတ်မသွားနိုင်ပါ။ သူက သူ့မိဘတွေ ထားရစ်ခဲ့သော ငွေကြေးအနည်းငယ်ကို အေးအေးလူလူသုံးစွဲရင်း သူ့စိတ်ကြိုက် အလုပ်တစ်ခုကို ရှာဖွေခဲ့လေသည်။ အလုပ်တွေကလည်း တော်တော်နဲ့ စိတ်ကြိုက်မတွေ့နိုင်ဘဲ ကြန့်ကြာနေသောအခါ သူ့တွင် သုံးစရာ ငွေကြေးနည်းပါးလာသည်ကို အထိတ်တလန့် သတိပြုမိလာရလေသည်။

သူ့ မိဘများဟာလည်း သာမန် လခစားဝန်ထမ်းများသာပဲမို့ ကွယ်လွန်ချိန်မှာ သူ့အတွက် ဘာမှ မယ်မယ်ရရ ချန်မထားနိုင်ခဲ့ကြပါ။ နှစ်ချုပ်နှင့် ငှားထားသော အိမ်ဟာလည်း စာချုပ်စေ့လျှင် ဆင်းပေးရတော့မည်။ ထိုအခါကျမှ သူ့တွင် အလုပ်တစ်ခု အပူတပြင်း လိုအပ်လျက်ရှိကြောင်း (ချေးများနေ၍ မဖြစ်တော့ပြီဖြစ်ကြောင်း) သူ သဘောပေါက်သွားခဲ့ရသည်။ သို့သော် သူ စိတ်ဓာတ်မကျပါ။ ဒါဟာ အခိုက်အတန့် အဆင်မပြေမှုတစ်ခုသာ ဖြစ်လိမ့်မည်။ သူဟာ အဓိပတိဖွား၊ တနင်္လာသားဖြစ်သည်။ သူ့ဇာတာကို ကံကြမ္မာက မသိချင်ယောင်ဆောင်မနေနိုင်ပါ။ သူက သူ့ကိုယ်သူ ယုံကြည်စိတ်အပြည့်အဝဖြင့် မနက်ဖြန်တွင် အလုပ်အင်တာဗျူးတစ်ခု သွားရောက်ဖြေဆိုရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ကံကြမ္မာကို ယုံကြည်သူ

ရသ

OpenMoreOnline

You May Also Like

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။ ကမ္ဗလာသီးလို့ပြောရင် ပြန်ငြင်းမယ့်သူတွေ များမှာပဲ။ ORANGE ဆိုတာ လိမ္မော်သီးလို့ ငယ်ငယ်ကတည်းက ကျောင်းမှာသင်ခဲ့တာ။ အဲ့ဒီအတိုင်းပဲ အော်ကျက်ခဲ့တာ။ အိပ်ပျော်နေချိန်နှိုးမေး ORANGE ကို လိမ္မော်သီးလို့ပဲ ပြောမှာ။

မိကျောင်းမင်း ရေကင်းပြခြင်း

“မိကျောင်းမင်း ရေကင်းပြ၊ ဘုန်းကြီးစာချ” ဟူသော စကားပုံတို့က ဆရာကသာ တပည့်ကို ဆုံးမရမည်။ တပည့်ဖြစ်သူက ဆရာအား မဆုံးမရဟု ပြနေသည်။ ထိုစကားပုံတို့သည် . . .

ရိုက် ညီနောင်

ရိုက် ညီနောင် ဟာ ပထမဆုံး လေယာဉ်ကို တီထွင်ဖို့အာသီသပြင်းစွာရှိခဲ့ကြပါတယ်။ အဲ့ဒီ လုပ်ငန်းစဉ်အတွင်းမှာ သူတို့မရေတွက်နိုင်အောင် ဆုံရှုံးခဲ့ကြတယ်။ စိတ်ဒဏ်ရာ တွေရ၊ ငွေကြေးတွေ ဆုံးခဲ့ရတယ်။ ပုံစံမျိုးစုံကို ဖန်တီးခဲ့သော်လည်း

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၃)

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၃) – ဦးညွန့်မောင်ရဲ့ ဆန္ဒပြည့်ဝပါပြီ။ နောက်ထပ် နှစ်နှစ်စောင့်ပြီးသည်နှင့် ရှင်ပြုခွင့်ရလေပြီ။ နွေရာသီ . . .