မိကျောင်းမင်း ရေကင်းပြခြင်း

မိကျောင်းမင်း ရေကင်းပြခြင်း “မိကျောင်းမင်း ရေကင်းပြ၊ ဘုန်းကြီးစာချ” ဟူသော စကားပုံတို့က ဆရာကသာ တပည့်ကို ဆုံးမရမည်။ တပည့်ဖြစ်သူက ဆရာအား မဆုံးမရဟု ပြနေသည်။ ထိုစကားပုံတို့သည် မသိမှုအဝိဇ္ဇာကို အကုန်အစင်ပယ်ပြီးသော ရဟန္တာတို့အတွက်သာ ဖြစ်နိုင်သည်။ အဝိဇ္ဇာမပယ်ရသေးသော ပုထုဇဉ်တို့အတွက်ကား မဖြစ်နိုင်ချေ။ အဘယ်ကြောင့်နည်း။ မောဟ မကင်းသေးသူမှန်သမျှ အမှားနှင့် မကင်းသေးသောကြောင့်ပါတည်း။

သီဟိုဠ်ကျွန်း၊ တလင်္ဂရအရပ်၌ သီတင်းသုံးနေထိုင်တော်မူသော ဓမ္မဒိန္န အမည်ရှိ ရဟန္တာ မထေရ်မြတ်ကြီးသည် ဥစ္စဝါလိကအရပ်၌ သီတင်းသုံး နေထိုင်တော်မူသည့် ကမ္မဠာနာစရိယဆရာ ဖြစ်တော်မူသော မဟာနာဂမထေရ်ကြီးကို အဘယ်ကဲ့သို့ ဆုံးမရမည်ကို စဉ်းစား၍ မရအောင် ရှိနေတော်မူရှာလေသည်။ အစဉ်းစားရ ကြပ်မည်ဆိုလျှင်လည်း ကြပ်စရာပါပေ။ အဘယ်ကြောင့်ဆိုသော် မဟာနာဂမထေရ်ကြီး၏ နည်းပေးလမ်းပြမှုဖြင့် ဓမ္မဒိန္နမထေရ်နှင့်တကွ တပည့်ပေါင်းသုံးသောင်းကျော်တို့သည် ကိလေသာအာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်တော်မူကြရသည်။ သို့သော် မိမိတို့ကိုယ်တိုင် ရဟန္တာဖြစ်ပြီး၍ ဆရာဖြစ်သူ၏ စိတ်ကို မိမိတို့စိတ်ဖြင့် ပိုင်းခြားဝေဖန်၍ ကြည့်လိုက်သောအခါ ထူးပေဆန်းပေစွ။ အံ့ဩစရာကောင်းပေစွ။

ဆရာဖြစ်သူ မဟာနာဂမထေရ်ကြီးကား တစ်ထောင့်ငါးရာ ကိလေသာကို တစ်ပါးမှ မသတ်ရသေးသော ပုထုဇဉ်ဘဝသာ ရှိသေးသည်ကို တွေ့ကြရသောကြောင့်ပေတည်း။ ဝါတော် ၆၀-ကျော်၊ သက်တော် ၈၀-ကျော် မထေရ်ကြီးလည်း ဖြစ်ပြန် ဤအကြောင်းကြီး နှစ်ချက်ကြောင့် မည်သည့်တပည့်ကမျှ အသိပေး လျှောက်ထားရဲခြင်း မရှိကြပါချေ။ ကိလေသာ ကင်းကွာခြင်းသည် လျှပ်စစ်လက်သကဲ့သို့ တဒင်္ဂကင်းကွာခြင်း၊ မှော်တောထဲ ခဲပစ်လိုက်သကဲ့သို့ ဝိက္ခမ္ဘန = အနည်းငယ်ကြာအောင် ကင်းကွာခြင်း၊ မိုးကြိုးပစ်ချသကဲ့သို့ နောင်သံသရာ တစ်လျှောက် ဘယ်တော့မှ ထပ်မဖြစ်တော့အောင် သမုစ္ဆေဒ = အမြစ်ပြတ် ကင်းကွာခြင်းဟု သုံးမျိုးရှိရာ အဘိညာဉ် သမာပတ်အရာ အမြဲဝင်စားနိုင်လောက်အောင် နိုင်နင်းတော်မူသော မဟာနာဂမထေရ်ကြီး၏ သန္တာန်၌ အဘိညာဉ်၏ တန်ခိုးဖြင့် နှစ်ပေါင်း ၆၀-ကျော်ကြာအောင် ကိလေသာများ ဝိက္ခမ္ဘနပဟာန် အားဖြင့် ကင်းကွာနေရာ အရဟတ္တမဂ် ရရှိပြီး ရဟန္တာဖြစ်၍ ကင်းကွာနေတာဟု ထင်လျှင်လည်း ထင်စရာပါပေ။ အကယ်၍ ဆရာဟူသော ဂုဏ်ကြောင့် မည်သည့်တပည့်ကမှ အသိပေးဆုံးမခြင်း မရှိခဲ့လျှင် ရဟန္တာတပည့် သုံးသောင်းကျော်ကို မွေးဖွားပေးခဲ့သော မဟာနာဂမထေရ်ကြီးကား ပုထုဇဉ်အဖြစ်နှင့်သာ ပျံတော်မူရပေတော့မည်။

ထိုအဖြစ်ကို မြင်တော်မမူရက်ရှာသော ဓမ္မဒိန္န မထေရ်မြတ်ကြီးသည် မဖြစ်ဖြစ်သည့်နည်းဖြင့် အသိပေး ဆုံးမတော်မူမည် ဟူသော စေတနာဖြင့် မဟာနာဂမထေရ်ကြီး သီတင်းသုံးရာ ဥစ္စဝါလိကအရပ်သို့ ကြွရောက်တော်မူခဲ့လေသည်။ ဓမ္မဒိန္နမထေရ်ကို မြင်လျှင် မဟာနာဂမထေရ်ကြီးက-
“ငါ့ရှင် ဓမ္မဒိန္န အခါမဟုတ်ဘဲ အဘယ်သို့သော အကြောင်းထူးကြောင့် လာခဲ့ပါသလဲ” “မှန်ပါ့ အရှင်ဘုရားထံတွင် ပြဿနာလေးများ မေးလျှောက်ရန်အတွက် လာခဲ့ခြင်း ဖြစ်ပါသည်ဘုရား” “ငါ့ရှင် ဓမ္မဒိန္န မေးပါ။ သိလျှင်လည်း ဖြေပါ့မယ်” သို့နှင့် လောကုတ္တရာရေးနှင့် ပတ်သက်ဆက်စပ်သော ပြဿနာပေါင်း တစ်ထောင်ကို မေးမြန်းရာ လွယ်လင့်တကူပင် ဆုတ်ဆိုင်းခြင်းမရှိ၊ ဖြေတော်မူနိုင်သည်။ ထိုအခါ ဓမ္မဒိန္နမထေရ်မြတ်က-

“အရှင်ဘုရားရဲ့ ဉာဏ်တော်ဟာ ထက်မြက်စူးရှတော်မူလှပါတယ်။ အရှင်ဘုရား ဒီတရားထူးကို ဘယ်အချိန်ကာလ လောက်က ရရှိခဲ့ပါသလဲဘုရား” “လွန်ခဲ့သော အနှစ်ခြောက်ဆယ်လောက်က ရခဲ့ပါတယ်” “အရှင်ဘုရား သမာဓိတန်ခိုး (အဘိညာဉ်တန်ခိုး) အသုံးပြုပါသေးသလားဘုရား” “ငါ့ရှင် သမာဓိ အသုံးပြုခြင်းသည် မခဲယဉ်းပါ” “ဤသို့ဆိုလျှင် တပည့်တော်ကို ဆင်တစ်ကောင် ဖန်ဆင်းပြပါဘုရား” ထိုအခါ မဟာနာဂမထေရ်ကြီးက အစွယ်ကြီး တကားကားနှင့် ကြီးမားထွားကြိုင်းလှသော ဆင်ဖြူတော်ကြီး တစ်ကောင်ကို ဖန်ဆင်းပြလိုက်သည်။ “အရှင်ဘုရား။ အဲဒီဆင်ကြီးဟာ နားရွက်ကုပ်၊ အမြီးထောင်ကာ နှာမောင်းကို ခံတွင်းထဲထည့်ပြီး ကြောက်မက်ဖွယ် အသံပေးလျက် အရှင်ဘုရားထံ တည့်တည့်ပြေးလာဟန် ဖန်ဆင်းပြတော်မူပါဦးဘုရား”

ဓမ္မဒိန္နမထေရ်၏ စကားအဆုံးမှာပင် မဟာနာဂမထေရ်ကြီးက ဖန်ဆင်းပြတော်မူလိုက်ရာ အဘိညာဉ်တန်ခိုးဖြင့် ဖန်ဆင်းထားသော ဆင်သည် တကယ့်မုန်ယိုနေသည့် ဆင်တစ်ကောင်ကဲ့သို့ ပြေးလာရာ ပုထုဇဉ်မျှသာ ရှိသေးသော မဟာနာဂမထေရ်ကြီးသည် မိမိဖန်ဆင်းသော ဆင်ကိုပင် ကြောက်လန့်ရှာလွန်းသဖြင့် ထပြေးရန် ဟန်ပြင်လိုက်ရာ ထိုအချက်ကို သတိထားနေသော ဓမ္မဒိန္နမထေရ်မြတ်က မဟာနာဂမထေရ်ကြီး၏ သင်္ကန်းစကို လှမ်းဆွဲလိုက်ပြီး မေးလျှောက်လိုက်သည်မှာ – “အရှင်ဘုရား-ရဟန္တာများမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း ရှိပါသေးသလား ဘုရား” ထိုအခါကျမှ မဟာနာဂမထေရ်ကြီးမှာ မိမိ၏ ပုထုဇဉ်အဖြစ်ကို သိရှာတော်မူသဖြင့် တပည့်ဖြစ်သူ ဓမ္မဒိန္နမထေရ်ရှေ့တွင် လက်အုပ်ချီ ဆောင့်ကြောင့်ထိုင်လျက် “ကျေးဇူးကြီးလှပါသည် ငါ့ရှင်ဓမ္မဒိန္န။ ငါ့ရှင် ဝံ့ဝံ့စားစား လာရောက် ဆုံးမသောကြောင့် သာလျှင် တပည်တော်သည် မိမိ၏ ပုထုဇဉ်အဖြစ်ကို သိရပါသည်။ တပည့်တော်အား ကိလေသာကို အမြစ်ဖြတ် ပယ်သတ်ပေးနိုင်မည့် ကမ္မဠာန်းနည်းလမ်းကို ပေးသနားတော်မူပါ” ဟု ကမ္မဠာန်းတောင်းရာ ဓမ္မဒိန္နမထေရ်မြတ်ကလည်း ပေးသနားတော်မူသဖြင့် ကမ္မဠာန်းကို သင်ယူပြီး စင်္ကြံသွားရင်း အားထုတ်ရာ ခြေသုံးလှမ်းအရမှာပင် ရဟန္တာဖြစ်တော်မူခဲ့ရပါသည်။ ဤသည်လည်း အောင်မြင်သော ဆုံးမခြင်းပေတည်း …

မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့်ဆက်ဆံ၏။ သူတစ်ပါးမှားလျှင် အမှန်ရောက် အောင် ငါပြင်မည်။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။ ငါ့ကို ပြုပြင်သူကို ငါ့ဆရာဟု အမှတ်ပြုမည်။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။ ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ် သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။ ဒုက္ခ၏မျိုးစေ ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။ ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ်ငါရမည်။ (အဘိဓဇမဟာရဠဂုရု ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ၊ စတုတ္ထစံကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ)

မေတ္တာရှင် (ရွှေပြည်သာ) ရေးသားထားသော ဖယောင်းတိုင်တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

You May Also Like

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။

ORANGE ဆိုတာ လိမ္မော်သီး မဟုတ်ဘူး။ ကမ္ဗလာသီးလို့ပြောရင် ပြန်ငြင်းမယ့်သူတွေ များမှာပဲ။ ORANGE ဆိုတာ လိမ္မော်သီးလို့ ငယ်ငယ်ကတည်းက ကျောင်းမှာသင်ခဲ့တာ။ အဲ့ဒီအတိုင်းပဲ အော်ကျက်ခဲ့တာ။ အိပ်ပျော်နေချိန်နှိုးမေး ORANGE ကို လိမ္မော်သီးလို့ပဲ ပြောမှာ။

မဟော်သဓာဇာတ်တော်ကြီး

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိတ္ထီလာပြည်၌ ဝိဒေဟရာဇ်မင်းကြီး စိုးစံသည်။ ထိုမင်း၌ သေနက၊ ပက္ကုသ၊ ကာမိနဒ၊ ဒေဝိန္ဒ အမည်ရှိသော..

Buddha Quote (1)

Judge nothing, you will be happy.Forgive everything, you will be happier. Love everything, you will be happiest.

ရိုက် ညီနောင်

ရိုက် ညီနောင် ဟာ ပထမဆုံး လေယာဉ်ကို တီထွင်ဖို့အာသီသပြင်းစွာရှိခဲ့ကြပါတယ်။ အဲ့ဒီ လုပ်ငန်းစဉ်အတွင်းမှာ သူတို့မရေတွက်နိုင်အောင် ဆုံရှုံးခဲ့ကြတယ်။ စိတ်ဒဏ်ရာ တွေရ၊ ငွေကြေးတွေ ဆုံးခဲ့ရတယ်။ ပုံစံမျိုးစုံကို ဖန်တီးခဲ့သော်လည်း