ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ (ဇာတ်သိမ်းပိုင်း)

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ (ဇာတ်သိမ်းပိုင်း) – ငါးသောင်းဆိုသောငွေသည် ပစ္စည်းရှိ အလှူရှင်များအတွက် ဆိုင်းဝိုင်းကြီး တစ်ညစာသာ ရှိပါသော်လည်း ဦးညွန့်မောင်တို့လို ကာယလုပ်သား အလှူရှင်များအတွက်ကား သင်္ကန်းပရိက္ခရာ၊ အကျွေးအမွေး၊ ဒိုးပတ်ဝိုင်းကအစ အပြီးပါအောင် စီစဉ်ကြရသည်။ ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာပင် မဟုတ်ပါလား။

သားရှင်ပြုအလှူဆိုသည်မှာ ဗုဒ္ဓဘာသာဝင် တစ်မျိုးသားလုံး မလုပ်လျှင် မဖြစ်ဟုခံယူထားသော ယဉ်ကျေးမှုကြီးတစ်ခုဖြစ်ရာ သူဌေး၊ သူကြွယ်ကလည်း လှူသလို လက်လုပ်လက်စား ဆင်းရဲသားကလည်း လှူသည်ပင်ဖြစ်ရာ သူဌေးသူကြွယ် အတွက်က ပြောစရာမရှိသော်လည်း ဦးညွန့်မောင်တို့လို လက်လုပ်လက်စား ဆင်းရဲသားများ၏ အလှူကတော့ ပြောစရာ ဖြစ်လာသည်။ အခြားတော့မဟုတ်။ မရှိမဲ့၊ ရှိမဲ့ မဖြစ်မနေလှူရသော အလှူဖြစ်သောကြောင့် အကုန်အကျ နည်းနိုင်သမျှနည်းအောင် ဘုန်းကြီးကျောင်းကိုသာ အစစအရာရာ အားကိုးကြရတော့သည်။ ရွှေထီးအစ၊ ကွမ်းတောင်ပန်းတောင်အဆုံး၊ ဘုန်းကြီးကျောင်းမှသာ အခမဲ့ငှားရမ်းကြရသည်။ ပစ္စည်းရှိသူများကတော့ ဆိုင်မှ အသစ်ကိုဝယ်သုံးပြီး အလှူပြီးသည်နှင့် ကျောင်းမှာ တစ်ခါတည်း လှူပစ်ခဲ့ကြသည်။ ချို့တဲ့သောအလှူရှင်များ ဘုန်းကြီးကျောင်းမှာ လှူပြီးသွားလျှင် များသောအားဖြင့် အလှူကို လက်ခံကျင်းပခွင့်ရသော ဘုန်းတော်ကြီးများ အရှုံးပေါ်ရကြောင်းကို ဟာသလေးနှောပြီး ဟောသွားသော ဓမ္မကထိက ဆရာတော်တစ်ပါး၏ ထိမိသောပုံတိုပတ်စလေး တစ်ခုကိုလည်း ဦးညွန့်မောင် ဘယ်တော့မှမမေ့။

“ပရိသတ်တွေ ကြားဖူးလားတော့ မသိဘူး။ ကံများဆိုးလာပြီဆိုရင် အလကားရတဲ့ ကန်စွန်းရွက် ဈေးသွားရောင်းတာတောင် ငွေတစ်မတ်ဆုံးတယ် ဆိုတာလေ။ တစ်ခါတော့ ဒကာမတစ်ယောက် ဆင်းရဲရှာလွန်းလို့ အရင်းတောင်မတတ်နိုင်တာနဲ့ ပိုင်ရှင်မဲ့ ချောင်းဘေးမြောင်းဘေးက ကန်စွန်းရွက်တွေ ခူးပြီး ဈေးသွားရောင်းသတဲ့။ ဈေးထဲရောင်းတာဆိုတော့ ရောင်းရတာ မရောင်းရတာ အပထား။ ဈေးထဲဝင်တာနဲ့ ဈေးကောက်ကို ငွေတစ်မတ် ပေးရတယ်။” “အဲဒါ ဈေးကောက်ကို တစ်မတ်ပေးပြီး ကန်စွန်းရွက်စည်းတွေ ပုံပြီးကာစ ရှိသေးတယ်၊ အကြွေသီးသန့်ထားတဲ့ ပိုက်ဆံအိတ်လေး မေ့ကျန်ခဲ့လို့ အိမ်ပြန်အယူမှာ မျက်စိလည်ပြီး ဈေးထဲဝင်လာတဲ့ နွားတစ်အုပ်က ပုံထားတဲ့ ကန်စွန်းရွက်တွေ အကုန်စားပစ်လိုက်လို့ အလကားရတဲ့ ကန်စွန်းရွက် ရောင်းတာတောင် တစ်မတ် ဆုံးသွားရတော့တာပေါ့။”

“အခုလည်း တချို့မသိတတ်တဲ့ဒကာတွေ ကျောင်းကို အလှူလာလုပ်ရင် ကျောင်းထိုင်ဘုန်းကြီးကတော့ နေရင်းထိုင်ရင်း အရှုံးပေါ်တော့တာပဲ။ ကြည့်ပါလား။ လာလှူတဲ့ဒကာတွေက နေရာ၊ ရေ၊ လျှပ်စစ်မီး အလကားသုံးတယ်။ ဒါကတော့ ထားတော့။ ကိုယ့်ကျောင်းလာလှူလို့ ကိုယ်ကလည်း တတ်နိုင်သလောက် ကူညီရတယ်ပေါ့။ ဆိုးတာက သူတို့ဝယ်လာတဲ့ ထင်းမလောက်ရင် ကျောင်းကယူသုံးတယ်။ ဆန်ကုန်သွားရင် အရေးပေါ်ကျောင်းက ယူသုံးတယ်။ အဲဒါတွေ အလှူလည်းပြီးရော တစ်ခါတည်း မေ့ပစ်လိုက်တော့ အလကားရတဲ့ ကန်စွန်းရွက် ဈေးသွားရောင်းတာ တစ်မတ်ရှုံးရသလို ကျောင်းထိုင်ဘုန်းကြီးတွေလည်း အလှူလက်ခံမိရာက နေရင်းထိုင်ရင်း ထင်းရော၊ ဆန်ရော ရှုံးရတာပေါ့” ဒီလိုတရားလေး နာကြားထားတော့ ဦးညွန့်မောင်ကတော့ အလှူပြီးတာနဲ့ ကျောင်းဝေယျာဝစ္စအတွက် ကိုယ်တတ်နိုင်သလောက် လှူဒါန်းခဲ့ရန် ဆုံးဖြတ်ပြီးသားပါ။ ရှင်လောင်းလှည့်တော့လည်း လူကအတော်လေး စည်လှသည်။ စည်ပေမပေါ့။ ဒိုးပတ်ဝိုင်းကလည်းပါ။ လမ်းတစ်လျှောက် ပိုက်ဆံကြဲတာလည်းပါတော့ ကလေးရော၊ လူကြီးပါ လုံးထွေးနေကြတော့သည်။

ကျောင်းဝိုင်းထဲ ဝင်ပြီးလို့ ဆရာတော်ဆံချဖို့ စီစဉ်နေချိန်မှာပင် စိတ်ဆင်းရဲစရာ ပြဿနာကစပါလေပြီ။ ရှင်လောင်းနှစ်ယောက်လုံး ရှာမတွေ့တော့။ ဦးညွန့်မောင် သိလိုက်ပါပြီ။ အချိန်ဆွဲမနေတော့။ အပျက်ပျက်နဲ့ နှာခေါင်းသွေးလည်း မထွက်လိုတော့ပါ။ ထို့ကြောင့် “ကဲဟေ့-မင်းတို့လိုချင်တဲ့ ငွေပြောကွာ။ အချိန် သိပ်မရှိတော့ဘူး။ နေဝင်တော့မယ်။ ဘယ်လောက်ပေးရမလဲပြော” ဟု လူအုပ်ဘက်လှည့်ကာ မေးလိုက်သည်။ ဦးညွန့်မောင်၏ အမေးအဆုံးမှာပင် လူအုပ်ထဲမှ အသံတစ်သံ ထွက်လာသည်။ “သုံးထောင်ရမှ ခေါ်ပေးမယ်။ သုံးထောင်မရရင်တော့ ဒီနေ့ရှင်ပြုဖို့ စိတ်မကူးနဲ့တော့” အသံလာရာကို ဦးညွန့်မောင်ကြည့်လိုက်တော့ မောင်နီ။ အရက်ကလည်း အတော်သောက်ထားဟန်တူသည်။ မျက်နှာက နီရဲနေသည်။ ဘယ်သူ့ကိုမှလည်း အမှုထားဟန်မရှိ။ အလိပ်လိုက်တက်လာသော ဒေါသကို ဦးညွန့်မောင် မနည်းချုပ်တည်း ထားလိုက်ရသည်။ အလှူ့အမ ဒေါ်မြင့် မျက်နှာမှာလည်း သွေးမရှိတော့။ ဦးညွန့်မောင်၏ ဒေါသကို ရိပ်စားမိသွားသော ဓမ္မရောင်ခြည်ဝတ် အသင်းခေါင်းဆောင် ဦးကြည်က-

“ဟေ့-မောင်နီ၊ မင်းတို့ဟာက မလွန်လွန်းဘူးလားကွာ။ လူပြန်ပေးဆွဲတာ ကျနေတာပဲ။ လေးငါးရာလောက်ရ တော်ရောပေါ့ကွ။ ဦးညွန့်မောင်တို့မှာလည်း ပေါများလွန်းလို့ လှူတာမှ မဟုတ်တဲ့ဟာကို” “ဟာဗျာ-ဒါမျိုးက ကြုံခဲဘိတောင်းဗျ။ အခွင့်အရေးရတုန်း တောင်းထားရတာ။ သူတို့မပေးရင် ကျုပ်တို့ကလည်း ရှင်လောင်းမပေးဘူး။ ရှင်းရှင်းလေးပဲ” ဒီတော့ ဒေါ်မြင့်ပါမနေနိုင်။ ဝင်ပါရတော့သည်။ ကြာရင် အခြေအနေက သည့်ထက်ဆိုးလာနိုင်သည် မဟုတ်ပါလား။ “ကဲပါ ငါ့တူရယ်။ ကိုယ့်ရပ်ကွက်သားချင်း ဒီလောက် စိတ်ဆင်းရဲအောင် မလုပ်ကောင်းပါဘူး။ တစ်ထောင်လောက်ရရင် တော်ရော့ပေါ့ကွယ်။ ဟောဒီမှာရော့။ အရေးပေါ်လိုရင် သုံးရအောင် အဒေါ်ဆောင်ထားတာလေးပါ။ ပြီးတော့ အဒေါ်တို့မှာ ဘုန်းကြီးကျောင်း ဝေယျာဝစ္စအတွက် လိုအပ်တာ သုံးရအောင် လှူဖို့ကလည်း ရှိသေးတယ်လေ။ ဒါကြောင့်ပါ။ ကဲ-ရော့ရော့ ယူလိုက်ပါ” “မရဘူးဗျာ။ မရဘူး။ ကျုပ်တို့အဖွဲ့က အများကြီးဗျ။ ငွေတစ်ထောင်နဲ့ ဘယ်လိုမှမရဘူး။ သုံးထောင်ပေးမှ ရှင်လောင်းတွေကို တွေ့ရမယ်။ သုံးထောင်မပေးရင် ရှင်လောင်းတွေကိုလည်း မပေးဘူး”

အခြေအနေက တဖြည်းဖြည်းတင်းမာလာသည်။ ဈေးအလျှော့အတင်းက ဘယ်လိုမှ ညှိ၍မရ။ နေပင်ဝင်စ ပြုလာပြီဖြစ်သောကြောင့် ကျောင်းအပေါ်ထပ်ဝရံတာမှ ဆရာတော်၏အသံ ထွက်ပေါ်လာသည်။ “ဒကာဦးညွန့်မောင်တို့ ရှင်လောင်းတွေ ဆံချမပြီးသေးဘူးလား၊ ပြီးရင် ခေါ်ခဲ့ကြလေ၊ မိုးတောင်ချုပ်တော့မယ်” ဦးညွန့်မောင် ပျာပျာသလဲ လှမ်းလျှောက်ထားရပြန်သည်။ “မှန်ပါ့။ ခဏနေရင် ပြီးတော့မှာပါဘုရား” ဒီတိုင်းဆိုရင် မဖြစ်တော့။ လူမိုက်နဲ့ လူလိမ္မာ၊ လူမိုက်ကိုပဲ ဦးစားပေးရတော့မည်။ အဘယ်ကြောင့်ဆိုသော် လူလိမ္မာက တောင်းပန်၍ ရသော်လည်း လူမိုက်က တောင်းပန်၍ မရနိုင်သောကြောင့်ပင်။ ထိုသို့ တွေးမိသည်နှင့် ဆရာတော်ထံ ဝေယျာဝစ္စအတွက် ကပ်လှူရန် ဆောင်ထားသော မိမိထံမှ ငွေနှစ်ထောင်နှင့် အရေးပေါ်ရှိလျှင် သုံးရန် အသင့်ထားသော ဇနီးသည်ထံမှ တစ်ထောင်တို့ကို ယူ၍ ရှင်လောင်း ပြန်ပေးသမားတို့အား ပေးလိုက်ရတော့သည်။

ငွေသုံးထောင်ကို ရသည်နှင့် မောင်နီက မပြေးရုံတမယ် ထွက်ခွာသွားသည်။ ခဏအကြာမှာပင် မောင်နီနှင့် အပေါင်းပါသုံးယောက်တို့ ရှင်လောင်းနှစ်ပါးကို ပွေ့ချီလာသည်ကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်နေရသည်။ ဦးညွန့်မောင်စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသည်က ရှင်လောင်းနှစ်ပါးကို ပခုံးပေါ် ထမ်းမလာဘဲ အဘယ့်ကြောင့် ပွေ့ချီလာကြသနည်း။ မကိုဋ်တွေ၊ စလွယ်တွေတော့ ကျိုးကြေကုန်တော့မှာပဲ။ ရှင်လောင်းနှစ်ပါးလုံးရဲ့ ခေါင်းတွေကလည်း ဘာကြောင့် နောက်ကိုလန်ကျနေရတာလဲ။ လက်တွေကလည်း တွဲလောင်းကြီးဖြစ်လို့။ ဦးညွန့်မောင်၏ သံသယကား သိပ်မကြာလိုက်ရပါ။ ရှင်လောင်းတွေ အနားမရောက်မီမှာပင် သားနှစ်ယောက်၏ ကျောင်းနေဖက်သူငယ်ချင်း မောင်ဇင်မင်း ဦးညွန့်မောင်အနားသို့ မျက်လုံးပြုးမျက်ဆံပြူးနှင့် အရေးတကြီး ပြေးကပ်လာကာ- “ဦးလေး-ဦးလေး ကျော်ဦးနဲ့ သော်ဦး အသက်ရှူကျပ်ပြီး သေသွားပြီ” “ဟ-ဘာ ဘာပြောတယ်ကွ” “ဦးလေးသားနှစ်ယောက်လုံး သေသွားပြီ။ ဟိုလူကြီးတွေက ဦးလေးရဲ့ သားနှစ်ယောက်စလုံးကို ပီပါထဲထည့် အဖုံးပိတ်ပြီး အပေါ်က ကျောက်တုံးကြီးနဲ့ ဖိထားတယ်။ ကျော်ဦးနဲ့သော်ဦးက မွန်းလို့ အော်ကြတာကိုလည်း ဘယ်သူမှလာပြီး ပီပါအဖုံးကို ဖွင့်မပေးကြဘူး။ ကျွန်တော့်ကိုလည်း ဦးလေးတို့ကို သွားပြောမှာစိုးလို့ ဆိုပြီး အိမ်ထဲကနေ ဘယ်မှမသွားရဘူး။ အခုမှ လွှတ်ပေးလိုက်လို့ လာပြောတာ။ ဟိုမှာ ကျော်ဦးနဲ့ သော်ဦးတို့ရဲ့ အလောင်းတွေကို သယ်လာပြီ”

“ဟင် . . .” ဦးညွန့်မောင်၊ ဒေါ်မြင့်နှင့်တကွ အနားမှာရှိကြသည့် လူအားလုံး ကြက်သေသေသွားကြသည်။ ဦးညွန့်မောင် သည်းခံနိုင်သော အတိုင်းအတာကား လွန်သွားလေပြီ။ ငွေကိုမတန်မဆတောင်းစဉ်ကလည်း သည်းခံပြီး မရှိမဲ့ရှိမဲ့ ပေးခဲ့ရသည်။ ယခုတစ်ဖန် သားနှစ်ယောက်ကိုလည်း သတ်လိုက်ကြပြန်ပြီ။ “ငါ့သားနှစ်ယောက် ရှင်တောင် ဖြစ်ခွင့်မရဘဲ လူ့လောကထဲက ထွက်သွားခဲ့ရပြီ။ ဒင်းတို့တစ်တွေကို လူ့ပြည်မှာ မထားဘူး” “ဒေါသော အတ္ထံ နဇာနာတိ- ဒေါသဟူသည် အကျိုးကြောင်း အဆိုးအကောင်း ဘာမှမသိ” ထိုဒေါသကို မိမိသန္တာန်မှာ စက္ကန့်ပိုင်းလောက် လက်ခံမိလိုက်သည်နှင့် ဦးညွန့်မောင်တစ်ယောက် ဆံချမည့်နေရာ မီးဖိုချောင်အနီးမှ ထင်းခွဲသည့် ရဲတင်းတစ်ချောင်းကို ကောက်ကိုင်ပြီး မောင်နီတို့လူစုထဲသို့ အပြေး ထွက်သွားမိလေတော့သည်။ ဘယ်သူမှလည်း ဆွဲ၍ မမီလိုက်တော့ပါ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ ဦးညွန့်မောင်တစ်ယောက် သားနှစ်ယောက် ဆုံးရှုံးရသည့်အပြင် မောင်နီနှင့်တကွ အပေါင်းအပါသုံးဦးကို သတ်ဖြတ်မှုဖြင့် ဥပဒေ၏ အရေးယူမှုကို ခံခဲ့ရရှာပါတော့သည်။ ဤသည်ကား ယဉ်ကျေးမှုနေရာတွင် အစားထိုးဝင်ရောက်လာသော ရိုင်းစိုင်းမှု၏ ရလဒ်ပင် မဟုတ်ပါလော။

ဒေါသဖြစ်ခြင်းသည် သူတစ်ပါးအပြစ်ကို မိမိအပြစ်ဖြစ်အောင် လုပ်ခြင်းပင်ဖြစ်၏။ (ပုပ်)

မေတ္တာရှင် (ရွှေပြည်သာ) ရေးသားထားသော ဖယောင်းတိုင်တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

You May Also Like

စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

လူများစွာတို့က ဒိုင်ယာရီထဲတွင် နေ့စဉ်ရေးမှတ်ခြင်းကို ရင်ဖွင့်ခြင်းတစ်ခုအဖြစ် တွေ့မြင်ကြသည်။ ဤဆောင်ရွက်ချက်ကို နောက်တစ်ဆင့်တက်နိုင်ပြီး . . .

Knowledge is Power ဆိုတာ ဟုတ်ပါ့မလား

Knowledge is Power လို့ ပြောတဲ့လူက ပြောတာပဲ။ ဒါကို အလွတ်ကျက်မှတ်ထားပြီး အခမ်းအနားတွေဘာတွေမှာ အမှာစကားပြောတဲ့ လူကြီးမင်းတွေကလည်း Knowledge is Power တို့ Knowledge ခေတ် ရောက်နေပြီတို့ လျှောက်ပြောတာပဲ။

သင့်ကိုယ်သင် နားလည်ခြင်း

သင့်ကိုယ်သင်ပိုမိုစိတ်ချမ်းသာစေရန်အလို့ငှာ ပထမဆုံး သင့်ကိုယ်သင်နားလည်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့၏ အလုပ်ရှုပ်နေသောဘဝပုံစံက မိမိကိုယ်ကိုတွေးတောဆင်ခြင်ဖို့အတွက် . . .

ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် … ရောင်နီကို မြင်တွေ့ရဖို့ မနက်ခင်းတွေအတွက် ကိုယ်ရှိနေဖို့လိုတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။