ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ (ဇာတ်သိမ်းပိုင်း)

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို့ အပိုင်း (၂) “ဆရာတော် တပည့်တော်သားလေးနှစ်ယောက်ကို ဆရာတော့်ကျောင်းမှာ ရှင်ပြုပေးချင်လို့ပါဘုရား” “ရှင်ပြုတာက ဟုတ်ပါပြီ။ ဒကာကြီးသားတွေရဲ့ အသက်ကိုလည်း ပြောပါဦး”

“အငယ်က ငါးနှစ်၊ အကြီးက ခုနှစ်နှစ်ပါ ဘုရား” “အင်း – အကြီးကတော့ သရဏဂုံလည်း ပီမယ်။ သင်္ကန်းလည်း နိုင်မယ်။ အငယ်ကတော့ သရဏဂုံလည်းပီမှာ မဟုတ်သလို သင်္ကန်းလည်း နို်ငမှာ မဟုတ်ဘူး။ ဒီတော့ အကြီးကောင်ဘဲ သင်္ကန်းဝတ်လို့ဖြစ်မယ်။ အငယ်ကောင်ကတော့ နောက်နှစ်နှစ်လောက် စောင့်လိုက်ပါဦး” “ဟာ အဲဒီလို ခွဲရှင်ပြုလို့တော့ မဖြစ်ဘူးဘုရား။ တပည့်တော် နောက်ထပ်လှူနိုင်ဖို့ လွယ်မှာမဟုတ်ဘူး ဘုရား” “ဒါဆိုလည်း နှစ်နှစ်လောက်စောင့်ပြီးမှ ညီအစ်ကိုနှစ်ယောက်စလုံး ရှင်ပြုတာပေါ့”

ဦးညွန့်မောင်တစ်ယောက် တော်တော်စိတ်ဓာတ်ကျသွားရှာသည်။ ဒီသားနှစ်ယောက်ရှင်ပြုနိုင်ရန် လက်လုပ်လက်စားဖြစ်သော သူ့အဖို့ ခြစ်ခြစ်ကုတ်ကုတ်ဖြင့် နှစ်နှင့်ချီကာ စုဆောင်းခဲ့ရသည်။ ပန်းရန်ဆရာတစ်ယောက် တစ်နေ့ငါးရာရသဖြင့် အကြောင်းမသိသော အစိုးရလခစားတို့က ခေါင်းထောင်ကြည့်ကြသည်။ အလုပ်ပြတ်သွား၍ မဆင်းရသည့်အခါ၊ နေထိုင်မကောင်းသဖြင့် မဆင်းနိုင်သောအခါများမှာ သူတို့လခစားများကဲ့သို့ ခွင့်ယူ၍မရသည်ကိုမူ သတိထားမိကြဟန် မတူပါ။ သားနှစ်ယောက်အထက်က သမီး (၃) ယောက်ကလည်း အထက်တန်းကျောင်းသူချည်းဖြစ်၍ တစ်နှစ်တစ်နှစ် သူတို့ကျောင်းလခကိုက နည်းသည်မဟုတ်။

ဇနီးသည်၏ စက်ချုပ်ခနှင့် စိုက်ထားသော ကီလိုမာလကာဆယ်ပင်တို့၏ အထောက်အပံ့ကြောင့်သာ ငွေလေးငါးသောင်းကျော် မနည်းရအောင် စုပြီး ရှင်ပြုပေးနိုင်ခြင်းပါ။ သားနှစ်ယောက် ရှင်ပြုဖို့ စုဆောင်းနေရသည်နှင့် အိမ်ကလေးတောင် သွပ်မမိုးနိုင်သေး။ ဓနိမိုးနှင့် စခန်းသွားနေရသည်မှာ အတော်ကြာပေပြီ။ ယခု ငွေကြေးလေး ပြည့်စုံပြန်တော့ သားတွေက အသက်ငယ်လွန်းနေပြန်သည်တဲ့။ စိတ်ထဲက အဖုအထစ်ကြောင့် စောဒကတက်မိပြန်သည်။ “ဆရာတော် တစ်ခုလောက် မသိလို့ မေးပါရစေဘုရား။ တချို့ကျောင်းတွေမှာ အသက်လေးငါးနှစ်လောက် အရွယ်ရှိတဲ့ကလေးတွေ ကိုရင်ဝတ်ထားတာ တွေ့သလားလို့ပါဘုရား” “ဟုတ်တယ် ဒကာကြီး။ အဲဒါဆရာနဲ့ ဒကာပေါင်းပြီး ကလေးကို အပါယ်ကျအောင် လုပ်ထားတာပေါ့” “ဘာဖြစ်လို့ပါလဲဘုရား” “ဘာဖြစ်ရမလဲ ဒကာရဲ့။ ကလေးက ငယ်လွန်းတော့ သရဏဂုံ မပီသဘူး။ သရဏဂုံ မပီသတော့ ကိုရင်မဖြစ်ဘူး။ ကိုရင်မဖြစ်ဘဲနဲ့ ဒကာ၊ ဒကာမတွေရဲ့ ပစ္စည်းလေးပါးတွေ သုံးဆောင်မိတော့ အကြွေးယူရာ၊ ခိုးယူစားရာ ရောက်တယ်။ အဲဒီ ပစ္စည်းလေးပါးအကြွေးတွေကို နောက်ဘဝကျတော့ ခန္ဓာနဲ့ ရင်းပြီး အကြွေးဆပ်ကြရတယ်။ မြင်းတို့၊ နွားတို့၊ ကျွဲတို့ သွားဖြစ်ရတာ အဲဒီအကြွေးတွေပေါ့”

ဦးညွန့်မောင်တစ်ယောက် ယခုမှပင် ဆရာတော်က အသက်ငယ်လွန်းသူများကို ရှင်ပြုမပေးခြင်းအကြောင်းကို သေချာကျနစွာ သိရှာလေတော့သည်။ မိမိသားများအတွက်လည်း တော်တော်ထိတ်လန့်သွားမိရှာသည်။ တော်ပါသေးရဲ့ ဆရာကောင်း၊ သမားကောင်းနဲ့ လာတွေ့ပေလို့။ ဘုရား မျက်နှာမကြည့်ဘဲ အများမျက်နှာကြည့်သည့် ဆရာတော်မျိုးဆိုရင် မိမိသားများ ကိုယ်ကျိုးနည်းရပေတော့မည်။ “ဒါနဲ့ ဘုရားသရဏဂုံကို ဆရာရော တပည့်ရောပီသမှ ကိုရင်ဖြစ်တယ်ဆိုတာကတော့ ရှင်းပါပြီဘုရား။ သင်္ကန်းနိုင်တယ်၊ မနိုင်ဘူးဆိုတာကရော ဘာကိုပြောတာပါလဲဘုရား။ တပည့်တော်အထင်ကတော့ ရှင်တွေ စောင့်ထိန်းရတဲ့ ဆယ်ပါးသီလကို စောင့်ထိန်းနိုင်ရင် သင်္ကန်းနိုင်တယ်၊ မစောင့်ထိန်းနိုင်ရင် သင်္ကန်းမနိုင်သေးဘူးလို့ ဆိုလိုတယ်ထင်တာပဲဘုရား” “ဟုတ်ပါတယ် ဒကာကြီး” “ဆယ်ပါးသီလလောက်ကတော့ စောင့်ထိန်းနိုင်လိမ့်မယ် ထင်ပါတယ်ဘုရား။ ဘာများတာမှတ်လို့”

“ဆယ်ပါး ဘယ်ကမလဲ ဒကာကြီး” “ဒါဆို ဘယ်လောက်များရှိပါသလဲ ဘုရား” “၁၀၉-ပါး တောင်ရှိတယ် ဒကာကြီး။ သေခိယသိက္ခာပုဒ်-၇၅ပါး၊ လိမ်-၁၀ပါး၊ ဒဏ်-၁၀ပါး၊ စုဒ္ဒသခန္ဓကဝတ်-၁၄ပါး၊ စုစုပေါင်း-၁၀၉ပါးပေါ့” “မနည်းပါ့လားဆရာတော်” “ဘယ်နည်းမလဲ။ ဒကာကြီးတို့သိထားတာက ရှောင်ကြဉ်ရတဲ့ ဝါရိတ္တသီလလောက် သိထားတာကိုး။ ကျင့်သုံးရမယ်ဆိုတဲ့ စာရိတ္တသီလက အများကြီးပဲ။ ဥပမာ မြို့ထဲသွားရင် သင်္ကန်းရုံရမယ်။ ရှေ့ကို လေးတောင်ခန့်သာ ကြည့်ပြီး သွားရမယ်။ ဒကာ၊ ဒကာမနဲ့ စကားပြောတဲ့အခါ တစ်ဖက်လူ ကြားနိုင်လောက်ရုံ အသံသာ ဖြစ်ရမယ် ဆိုတာမျိုးတွေပေါ့” “တပည့်တော် သဘောပေါက်နားလည်ပါပြီဘုရား။ ဒါကြောင့် နောက် (၂)နှစ် ပြည့်မှပဲ ရှင်ပြုပေးပါတော့မယ်ဘုရား”

မေတ္တာရှင် (ရွှေပြည်သာ) ရေးသားထားသော ဖယောင်းတိုင်တစ်တိုင်၏ အလင်းရောင်နှင့် ဒဿနရသဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

You May Also Like

စိတ်အခြေအနေဆိုင်ရာ ဒိုင်ယာရီတစ်ခု ထားရှိပါ။

လူများစွာတို့က ဒိုင်ယာရီထဲတွင် နေ့စဉ်ရေးမှတ်ခြင်းကို ရင်ဖွင့်ခြင်းတစ်ခုအဖြစ် တွေ့မြင်ကြသည်။ ဤဆောင်ရွက်ချက်ကို နောက်တစ်ဆင့်တက်နိုင်ပြီး . . .

Knowledge is Power ဆိုတာ ဟုတ်ပါ့မလား

Knowledge is Power လို့ ပြောတဲ့လူက ပြောတာပဲ။ ဒါကို အလွတ်ကျက်မှတ်ထားပြီး အခမ်းအနားတွေဘာတွေမှာ အမှာစကားပြောတဲ့ လူကြီးမင်းတွေကလည်း Knowledge is Power တို့ Knowledge ခေတ် ရောက်နေပြီတို့ လျှောက်ပြောတာပဲ။

သင့်ကိုယ်သင် နားလည်ခြင်း

သင့်ကိုယ်သင်ပိုမိုစိတ်ချမ်းသာစေရန်အလို့ငှာ ပထမဆုံး သင့်ကိုယ်သင်နားလည်ရန် အရေးကြီးသည်။ ကျွန်ုပ်တို့၏ အလုပ်ရှုပ်နေသောဘဝပုံစံက မိမိကိုယ်ကိုတွေးတောဆင်ခြင်ဖို့အတွက် . . .

ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် … ရောင်နီကို မြင်တွေ့ရဖို့ မနက်ခင်းတွေအတွက် ကိုယ်ရှိနေဖို့လိုတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်အတွက် ကိုယ်ရှိနေတာ သိဖို့လိုတယ်။