နေပူမိုးရွာ (ဇာတ်သိမ်းပိုင်း)

နေပူမိုးရွာ အပိုင်း (၈)

နေပူမိုးရွာ အပိုင်း (၈) – အုန်းဆံနီကလည်း သူ့အတွေ့အကြုံကို ပြောပြပြန်သည်။ သူသည် အုန်းဆံမွေးများကဲ့သို့ နီကျင်ကျင် ရှုပ်ထွေးထွေး ဖြစ်နေသော ဆံပင်များကို တဗျစ်ဗျစ် ကုတ်ဖွရင်း “ငါ့အလုပ်က ဟန်တယ်ကွ၊ သိပ်ဝေးဝေးလံလံ သွားနေစရာ မလိုဘူး၊ ကိုယ့်ရပ်ကွက်ထဲ လှည့်ပြီး အလုပ်ဖြစ်နေတာကွ …”

“လူတွေက မရိပ်မိဘူးလား” “ဘယ်ရိပ်မိမလဲ … ငါက တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်၊ စကားနည်းတယ်၊ နားအေးပါးအေး နေတတ်တယ်ပေါ့ကွာ … ကျန်းမာရေးကြောင့် ဆေးပင်စင်ယူပြီး အငြိမ်းစားလုပ်နေတယ်ပေါ့၊ တစ်ခါတလေကျမှ ရွှေပွဲစား၊ စိန်ပွဲစားအဖြစ် ကြုံသလို လုပ်တယ်ပေါ့” “မင်းပုံစံကို ယုံကော ယုံကြရဲ့လားကွာ” “ယုံတာပေါ့ကွ … ငါက အဲဒီတုန်းက ခုလိုပုံမှမဟုတ်ဘဲ၊ သားသားနားနားကွ … ရပ်ကွက်ထဲက ငါ့ကို လူကြီးလူကောင်းဆိုပြီး လေးစားကြတယ်၊ ငါက ဘယ်လောက် ပိရိသလဲဆိုရင် တစ်ဘက်အိမ်မှာနေတဲ့လူတောင် မရိပ်မိဘူး … ဟဲ ဟဲ … ရယ်စရာတော့ အကောင်းသား၊ ငါ့ကို ဘယ်လောက်တောင်ယုံကြည်ကြသလဲဆိုတော့ ရပ်ကွက် သာရေးနာရေးအသင်း အမှုဆောင်ထဲမှာတောင် ထည့်မလို့ ပြောကြသေးတယ် … အမယ် ဒါတောင် ငါက ရပ်ကွက်ထဲရောက်တာ သိပ်မကြာသေးလို့တဲ့ … သူတို့က အသင်းရဲ့ အရေးပါတဲ့နေရာ ပေးချင်တာဆိုပဲ”

“ဟား ဟား …” “အေးကွ … ငါလည်း ကျန်းမာရေးမကောင်းလို့ပါဆိုပြီး တော်တော် ငြင်းယူရတယ် … ငါက လူခြေတိတ်မှ ရုပ်ဖျက်ပြီး ထွက်တာကိုး၊ ကိုယ့်ရပ်ကွက်ထဲက အိမ်တွေဆိုတော့ ဘယ်လိုဝင်ရင် ရမယ်ဆိုတာ ကြိုသိနေပြီးသားပေါ့ … အတော်ဟန်ကျတယ်ဟေ့၊ ခဏခဏတော့ လုပ်လို့မဖြစ်ဘူးပေါ့ … တစ်လတစ်ခါ၊ နှစ်လတစ်ခါလောက် တစ်ချီကောင်းလေးတွေ ဆော်ရတာပေါ့၊ အဲ … တစ်နေ့တော့” “ဖြစ်ရမယ်လေ … ငါတို့တွေဟာ တစ်နေ့တော့ ဆိုတာမျိုးနဲ့ ကြုံရတာချည်းပါပဲ၊ မင်း အလိမ်ပေါ်သွားရော ဆိုပါတော့” “ဘယ်ဟုတ်မလဲ … ငါက ည လူခြေတိတ်တဲ့အချိန် အလုပ်လုပ်ဖို့ အသာကလေးထွက်လာခဲ့ရော၊ အဲဒီနေ့က အလုပ်မဖြစ်ဘူးကွ … ရပ်ကွက်ထဲမှာ အသုဘတစ်ခုရှိတော့ လူက သိပ်မပြတ်ချင်ဘူး၊ ဒါနဲ့ ငါလည်း လက်လျှော့ပြီး အိမ်ပြန်လာတော့ လားလား ငါ့အိမ်ထဲက ပစ္စည်းတွေကို တစ်ကောင်က ဝင်ပြီး အကုန် မ သွားတာပဲ”

“ဟေ … ဘယ်သူလဲ” “ဟိုဘက်အိမ်က ကောင်ပေါ့ကွ၊ သူကလည်း ငါ့လို ကောင်မျိုးပဲ … ငါ့အိမ်ကို ဒီကောင် ချောင်းနေတာ ကြာပြီထင်တယ်၊ ငါ့အကြောင်းကိုလည်း သိနေဟန်တူတယ် … ဒါကြောင့် တစ်ချီကောင်း ကြံသွားတာပေါ့” “မင်း ခံလိုက်ရတာ နာသကွာ …” “နာတာမှ မခံချိ မခံသာကို နာတာ … ဒီကောင်က ဟိုဘက်အိမ်ကနေ ငါ့ကို အမျိုးမျိုး မခံချင်အောင်စတယ်ကွ၊ အဆိုးဆုံးကတော့ ငါ့ဆီက ခိုးသွားတဲ့ ရေဒီယိုကြီးကို အကျယ်ကြီး ဖွင့်ဖွင့်ပြတာပဲကွာ” “ဟာ … ဒါဆို မင်းဆီက ခိုးရာပါပစ္စည်း ဒီကောင့်ဆီမှာ သက်သေခံ ရှိတာပဲ၊ ရပ်ကွက်ကောင်စီ လူကြီးတွေ ခေါ်ပြီး ဝင်ဖမ်းပေါ့ကွ … ရပ်ကွက်က မင်းကို ယုံပြီးသားပဲ” “ဘယ်ဖြစ်မလဲကွ … အဲဒီရေဒီယိုဆိုတာလည်း ငါ တခြားအိမ်က ခိုးထားတာကွ … အပြင်ထုတ်ရောင်းဖို့ဟာ အခွင့်မသာသေးလို့ဘဲ … အဲဒါ သွားဖော်လိုက်ရင် မီးခိုးကြွက်လျှောက်လိုက်ပြီး ငါပါ ခံရမှာပေါ့”

“အဲဒါပဲကွ … ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ” တစ်ကိုယ်တော်ဘကြိုင်က ဝင်ပြောသည်။ ထိုအခါ ကြွက်စုတ်က “ကျုပ်ကတော့ဗျာ … ကိုယ်ကကျူးရင် ကိုယ့်လက်တောင် မယုံရဘူးလို့သာ ပြောချင်တော့တာပဲ” ဟု ဆိုလိုက်လေသည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenMoreBusinessOnline

ရသ

Related Posts