သာယာသောနေ့တစ်နေ့ သာယာသောနေ့တစ်နေ့

သာယာသော နေ့တစ်နေ့

မျက်စိမမြင်တဲ့ ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ဟာ သူ့ရှေ့မှာ ဦးထုတ်လေးတစ်လုံး မှောက်ချလို့ ဆိုင်းဘုတ်တစ်ခုထောင်ပြီး လမ်းသွား လမ်းလာတွေကို တောင်းရမ်းနေပါတယ်။ ဆိုင်းဘုတ်ပေါ်မှာ ဘာရေးထားသလဲဆိုတော့ ‘ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်မို့ ပေးကမ်းစွန့်ကြဲကြပါ ခင်ဗျာ’ တဲ့။ သူ့ရှေ့ကဖြတ်သွားကြတဲ့ လူတစ်ချို့ကလဲ ငွေအကြွေ‌လေးတွေ ထည့်သွားကြလို့ ဦးထုတ်ထဲမှာ အကြွေစေ့အနည်းငယ် ရှိနေပါတယ်။ 

ခဏအကြာမှာ လူတစ်ယောက် သူ့ရှေ့နားရောက်လာတယ်။ အင်္ကျီအိတ်ကပ်ထဲက အကြွေစေ့လေးတွေနှိုက်ပြီး ဦးထုတ်ထဲ ထည့်ပေးလိုက်တယ်။ နောက်ပြီး ကောင်လေးချထားတဲ့ ဆိုင်းဘုတ်ကို ကောက်ယူလိုက်ပြီး ဆိုင်းဘုတ်နောက်ဘက်မှာ တစ်ခုခုရေးပေးလိုက်တယ်။ ဆိုင်းဘုတ်ကို သူရေးထားတဲ့ဘက် လှည့်ပေးပြီး ထွက်သွားပါတယ်။ သိပ်မကြာခင်မှာပဲ လမ်းသွားလမ်းလာတွေဟာ ဦးထုတ်ထဲကို ပိုက်ဆံတွေရော အကြွေစေ့တွေ ထည့်ပေးနေကြတာ ကောင်လေးကြားနေရတယ်။

တစ်နာရီကြာတော့ ဦးထုတ်တစ်လုံးလည်း ပိုက်ဆံတွေနဲ့ ပြည့်သွားတယ်။ စောစောက ဆိုင်းဘုတ်မှာ စာရေးသွားသူဟာ အခြေအနေ သိချင်လို့ အဲဒီနေရာကို ပြန်ရောက်လာတယ်။ ကောင်လေးဟာ အဲဒီလူရဲ့ ဖိနပ်သံကြားတာနဲ့ သူမျက်မှန်း တန်းမှတ်မိလိုက်တယ်။ ကောင်လေးက သူ့ကိုစောစောတုန်းက ဆိုင်းဘုတ်မှာ ဘာရေးသွားတာလဲလို့ မေးလိုက်တယ်။ ဘာလို့လဲဆိုတော့ လူတွေက ပိုက်ဆံအရမ်းပေးကြလို့ပါတဲ့။ 

ဟိုလူကပြန်ပြောပါတယ်။ သူမမှန်တာ မရေးခဲ့ပါဘူး။ ကောင်လေးမျက်စိမမြင်တဲ့ အကြောင်းကို တခြားနည်းနဲ့ ရေးပေးလိုက်တာပါတဲ့။ သူရေးလိုက်တာက ‘ဒီကနေ့ဟာ အရမ်းကို သာယာလှပတဲ့ နေ့တစ်နေ့ပါ။ ဒါပေမယ့် ဒီလိုသာယာလှပတဲ့နေ့ကို ကျွန်တော် မမြင်နိုင် မခံစားနိုင်ပါဘူး ခင်ဗျာ’ တဲ့။  

ခံစားမှုနဲ့ ဆွပေးလိုက်ရင် လူတွေရဲ့ သနားကြင်နာစိတ် တဖွားဖွား ပေါ်လာတတ်တာ ဓမ္မတာပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ် 

Related Posts