အိမ်သာသွားရာတွင် ပြုပြင်သင့်သော အမူအကျင့်များ

အိမ်သာသွားရာတွင် ပြုပြင်သင့်သော အမူအကျင့်များ

အိမ်သာသွားရာတွင် ပြုပြင်သင့်သော အမူအကျင့်များ

ကျွန်မတို့တစ်တွေဟာ လမ်းလျှောက်တတ်တဲ့ အရွယ်ကတည်းက စတင်ပြီး အိမ်သာ သွားတတ်တဲ့ အလေ့အကျင့်ကို သင်ကြားခံခဲ့ရပါတယ်။ ဒါပေမယ့် အိမ်သာ သွားတဲ့အခါမှ ပြုလုပ်ရမယ့် အလေ့အကျင့်ကောင်းတွေကိုတော့ အခုထိ မလေ့လာမိခဲ့ကြပါဘူး။ အိမ်သာနဲ့ ရေချိုးခန်းတွဲနေတဲ့ အိမ်တွေမှာဆိုရင် အိမ်သာခန်းက တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းနေတာကြောင့် တချို့ဆို အိမ်သာထဲမှာ အလုပ်လုပ်ကြတာ၊ သတင်းစာ / ဂျာနယ်တွေ ဖတ်ကြတာ၊ ဖုန်းအသုံးပြုကြတာတွေကို အချိန်အကြာကြီး ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ ဒီလိုပြုလုပ်တာကြောင့် ဝမ်းချုပ်တာ၊ ရောဂါပိုးဝင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အိမ်သာတက်ရာမှာ ပြုလုပ်ရမယ့် အမူအကျင့်ကောင်းတွေကို သိထားသင့်တယ်လို့ ယူဆထာကြောင့် ပြုပြင်သင့်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်သာပေါ်တွင် အကြာကြီးထိုင်ခြင်း
အိမ်သာပေါ်မှာ အကြာကြီးထိုင်နေတာကြောင့် စဆိုအောက်ပိုင်းမှာ ရှိတဲ့ သွေးပြန်ကြောတွေက အချိန်အကြာကြီး ဆွဲဆန့်ဒဏ်ကိုခံရနိုင်ပါတယ်။ ဒီပြဿနာဟာ တစ်ပတ်အတွင်း အလိုလိုပြန်လည်ပျောက်ကင်းသွားတတ်ပေမယ့် နေ့စဉ်ရက်ဆက် အိမ်သာပေါ်မှာ အကြာကြီးထိုင်တဲ့အကျင့်ကြောင့် ရောဂါဝေဒနာက မပျောက်ကင်းတော့ဘဲ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ လိပ်ခေါင်းဖြစ်နေရင် ဆရာဝန်နဲ့ပြသပြီး သေချာကုသဖို့ လိုအပ်ပါတယ်။ မကုသဘဲ လျစ်လျူရှုထားခဲ့မယ်ဆိုရင် အူမကြီးကင်ဆာလိုမျိုး ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဝမ်းကို အားစိုက်ညှစ်ထုတ်ခြင်း
ဝမ်းချုပ်နေတာကြောင့် ဝမ်းကို အားစိုက်ပြီး အတင်းညှစ်ထုတ်လိုက်ရင် စအိုဝကွဲနိုင်တဲ့အပြင် လိပ်ခေါင်းရောဂါပါ ရရှိနိုင်ပါတယ်။ ဝမ်းချုပ်တာက စမြင်းတုံးခံနေတာကြောင့်ဖြစ်ပြီး သင့်အနေနဲ့ အရည်ဓာတ် လုံလုံလောက်လောက် မရရှိတာ၊ အမျှင်ဓာတ်ပြည့်ပြည့်ဝဝ မစားသုံးတာတွေကြောင့် ဖြစ်တာပါ။ ဝမ်းချုပ်နေရင် အိမ်သာအိုးပေါ် မထိုင်ခင်မှာ ကြမ်းပြင်ပေါ်မှာ မကြာခဏ ဆောင့်ကြောင့်ထိုင်ပေးပါ။ အိမ်သာတက်ချင်စိတ်ပေါ်လာပြီဆိုမှ အိမ်သာအိုးပေါ် တက်ထိုင်ပါ။ ဒီလိုပြုလုပ်တာကြောင့် အူလမ်းကြောင်းက သဘာဝပုံစံအတိုင်းဖြစ်သွားပြီး အားမစိုက်ထုတ်ရဘဲ ဝမ်းထွက်နိုင်သွားပါတယ်။

သင် သွားပြီးသား ဝမ်း(မစင်) ကို ပြန်မကြည့်ခြင်း
သင်သွားထားတဲ့ ဝမ်း(မစင်)ကို ရေနဲ့ မဆွဲချခင်မှာ သင့်မျက်စိနဲ့ ဖျတ်ခနဲ ကြည့်လိုက်ပါ။ ဒီလိုကြည့်လိုက်လို့ ဝမ်းကို စစ်ဆေးလိုက်သလိုဖြစ်ပြီး ကျန်းမာရေးအခြေအနေကို သိရနိုင်ပါတယ်။

  • သင့်ရဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်ဆိုရင် သင်သွားတဲ့ဝမ်းက ဝက်အူချောင်းပုံသဏ္ဌာန် ချောမွေ့နေပါလိမ့်မယ်။
  • သင်သွားတဲ့ဝမ်းက မာကျောကျစ်လျစ်နေတာ၊ ဒါမှမဟုတ် စမြင်းတုံးလေးတွေ ဖြစ်နေတယ်ဆိုရင် သင့်အနေနဲ့ အရည်ဓာတ်နဲ့ အမျှင်ဓာတ်ကို ပိုမိုစားသုံးဖို့ လိုအပ်နေပါပြီ။
  • သင့်ဝမ်းက အရည်ခပ်ပျော့ပျော့ ဖြစ်နေတယ်ဆိုရင် အစာအဆိပ်အတောက်ဖြစ်တာ၊ အူလမ်းကြောင်းထဲ ပိုးဝင်တာ ဒါမှမဟုတ် အူရောဂါတွေ ဖြစ်နေနိုင်ပါတယ်။
  • သင့်ဝမ်းက ခဲတံပုံသဏ္ဌာန်ပိန်ရှည်ရှည်လေး ဖြစ်နေရင်တော့ အူမကြီးကင်ဆာ ဖြစ်နေတဲ့ လက္ခဏာပါ။

ဒါ့ကြောင့် သင့်အနေနဲ့ သင်သွားထားတဲ့ဝမ်းကို ဖျတ်ခနဲ ပြန်ကြည့်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားဖို့တော့လိုအပ်ပါတယ်။

ဆီးအနံ့နံတာကို လျစ်လျူရှုထားခြင်း
သင့်အနေနဲ့ ကညွတ်ဟင်းပါတဲ့ ညစာကို စားအပြီး နောက်တစ်နေ့မှာ ဆီးအနံ့နံတာက ပြဿနာမဟုတ်ပါဘူး။ ကညွတ်မှာ ပါဝင်တဲ့ တချို့အက်စစ်တွေက အစာခြေစနစ်ကြောင့် ဖြိုခွဲခံရတဲ့အခါမှာ အနံ့နံတဲ့ပစ္စည်းတွေ ထွက်လာတာကြောင့်ပါ။ တချို့ဆေးဝါး၊ ဗီတာမင်နဲ့ တညင်းသီးလိုမျိုး အစားအစာတွေကြောင့်လည်း ဆီးအနံ့က အလွန်အမင်း နံတတ်ပါတယ်။ ဒီလိုအကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ဆီးအနံ့နံနေရင်တော့ လျစ်လျူရှုထားလို့မရပါဘူး။ ဆီးအနံ့က အလွန်အမင်း အနံ့ထွက်နေပြီး ဆီးအရောင်ရင့်ကာ အနှစ်ဖြစ်နေခဲ့ရင် သင့်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အသည်းရောဂါပိုးဝင်တာ၊ ဆီးအိတ်ထဲ ရောဂါပိုးဝင်တာ ဒါမှမဟုတ် ဆီးချိုတက်လာတဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသဖို့တော့လိုအပ်ပါတယ်။

အိမ်သာအိုးအဖုံးကို မပိတ်ဘဲ ရေဆွဲချခြင်း
အိမ်သာသွားအပြီးမှာ အိမ်သာအိုးအဖုံးကို မပိတ်ဘဲ ရေဆွဲချလိုက်တာကြောင့် ပိုးမွှားတွေ လေထဲကို ပျံ့နှံ့သွားနိုင်ပါတယ်။ သင့်အိမ်သာက ရေချိုးခန်းထဲမှာရှိနေပြီး သင့်ရဲ့ သွားတိုက်တံတွေကလည်း စင်ပေါ်မှာ အလွယ်တကူရှိနေခဲ့ရင် အဲဒီပိုးမွှားတွေက သွားတိုက်တံလိုမျိုး အသုံးအဆောင် ပစ္စည်းတွေပေါ်မှာ ကပ်ငြိသွားတာကြောင့် သင့်ထံ ရောဂါပိုးအလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Share this post