အဆုတ်ကျန်းမာရေးကို ထိခိုက်စေသည့် နေ့စဉ် အမူအကျင့်များ

အဆုတ်ကျန်းမာရေးကို ထိခိုက်စေသည့် နေ့စဉ် အမူအကျင့်များ

အဆုတ်ကျန်းမာရေးကို ထိခိုက်စေသည့် နေ့စဉ် အမူအကျင့်များ

အဆုတ် ဟာ အသက်ရှူလမ်းကြောင်းစနစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက အဆုတ် ကျန်းမာရေးကို သိပ်ဂရုစိုက်လေ့မရှိကြပါဘူး။ အဆုတ်ကျန်းမာရေးကောင်းမွန်ပါမှ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်အပြည့်အဝ ရောက်ရှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါရဲ့ လုပ်ဆောင်ချက်တွေ ထိထိရောက်ရောက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆုတ်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

လေထုညစ်ညမ်းမှုနှင့် ထိတွေ့ခြင်း
အဆိပ်အတောက်၊ ဖုန်မှုန့်နဲ့ လေထုညစ်ညမ်းစေနိုင်တဲ့ အခိုးအငွေ့တွေက နေရာတကာမှာ ရှိပါတယ်။ ဒီလေထုညစ်ညမ်းမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ သင့်အိမ်တွင်းမှာ ဖုန်မှုန့်တွေ ဖုဆောင်းမှုမရှိအောင် နေ့စဉ် ဖုန်သန့်စင်ပေးဖို့ လိုအပ်သလို သင့်ကားတွေကိုလည်း နေ့စဉ် သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဖုန်ထူထပ်တဲ့နေရာကို သွားမယ်ဆိုရင် mask တပ်သွားပါ။ ဖုန်များမယ့် နေရာတစ်ဝိုက်မှာ ဘယ်တော့မှ လေ့ကျင့်ခန်းမပြုလုပ်ပါနဲ့။ ဒီလိုပြုလုပ်ခဲ့မိရင် ဒီညစ်ညမ်းနေတဲ့ လေတွေကို အဆုတ်အတွင်း ရှူမိသွားနိုင်တာကြောင့်ပါ။

လေ့ကျင့်ခန်း မပြုလုပ်ခြင်း
လေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ်ကို တင်းအားကောင်းပြီး ကြွက်သားတွေသန်မာနိုင်သလို အဆုတ်ကျန်းမာရေးအတွက်လည်း များစွာ အကျိုးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က အောက်ဆီဂျင်တွေကို ပိုမိုလိုအပ်တဲ့အတွက် အဆုတ်က ပိုမိုအလုပ်လုပ်ရပါတယ်။ သူက အဆုတ်လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်မှုပေးပါတယ်။ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လေ့ကျင့်ခန်းတွေကို နေ့စဉ် ထည့်သွင်း လေ့ကျင့်ပေးပါ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက အဆုတ်ကျန်းမာရေးအတွက် အဆိုးရွားဆုံးဖြစ်ပြီး အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ ဒါ့အပြင် ရင်ကျပ်ပန်းနာ၊ နာတာရှည်အဆုတ်ပွရောဂါနဲ့ လေဖြတ်နိုင်ခြေလည်း မြင့်မားပါတယ်။ ဆေးလိပ်သောက်လိုက်တဲ့အခါမှာ အဆိပ်အတောက်တွေက အဆုတ်ထဲကို တိုက်ရိုက်ရောက်ရှိသွားပါတယ်။ ကာဗွန်မိုနော့ဆိုက်၊ နီကိုကင်းနဲ့ ကတ္တရာစေးတွေက ဆေးလိပ်ထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေ ဖြစ်ပါတယ်။ ဆေးလိပ်ကြောင့် နာတာရှည်အဆုတ်ရောင်ရောဂါ ရရှိနိုင်ပါတယ်။ လေပြွန်ကျဉ်းသွားပြီး အသက်ရှူရခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးသွေးကြော ကျန်းမာရေး ဖြစ်နိုင်ခြေများလာပါတယ်။ သွေးဖိအား မြင့်တက်လာပြီး အာရုံကြောစနစ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အတွက် အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေက ၈၀-၉၀ ရာခိုင်နှုန်း၊ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေက ၃၀ ရာခိုင်နှုန်း၊ ကင်ဆာကြောင့် သေဆုံးနိုင်ခြေက ၃၀ ရာခိုင်နှုန်းရှိပြီး ခံတွင်း၊ လည်ချောင်းနဲ့ ဆီးအိတ်ကင်ဆာတွေလည်း ဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ချက်ချင်းကျန်းမာရေး အကျိုးကျေးဇူးတွေ ပြန်လည်ရရှိနိုင်ပါတယ်။ ဆေးလိပ်ဖြတ်အပြီး မိနစ်ပိုင်းအတွင်းမှာပဲ အဆုတ်နဲ့ နှလုံးသွေးကြောစနစ်တွေကို သူ့ဘာသာသူ ပြန်လည်ပြုပြင်လိုက်တာကြောင့်ပါ။ ဆေးလိပ်ဖြတ်ပြီး တစ်လအတွင်းမှာ အဆုတ်လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်လာပြီး ချောင်းဆိုးတာ သက်သာသွားကာ စွမ်းအင် ပြန်လည်ပြည့်ဝသွားနိုင်ပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေလည်း လျော့ကျသွားပြီး အရသာနဲ့ အနံ့ခံအာရုံလည်း ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ဒါ့အပြင် လေကောင်းလေသန့်ရရှိသွားတဲ့အတွက် အသားအရေ ကြည်လင်တောက်ပသွားနိုင်ပါတယ်။

လက်ကို ပုံမှန်မဆေးကြောခြင်း
လက်ဆေးတာက ခန္ဓာကိုယ်ထဲကို ရောဂါပိုတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာမစားခင်နဲ့ အစာစားအပြီးမှာ လက်ဆေးတဲ့ အကျင့်ကို ပြုလုပ်ပေးပါ။ အအေးမိနှာစေးတုပ်ကွေးပေါများတဲ့ ရာသီတွေမှာ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ဒါမှမဟုတ် တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်ပြီးတိုင်းမှာ လက်ဆေးပါ။ လက်သန့်ရှင်းနေတဲ့အတွက် အဆုတ်ထဲကို ရောဂါပိုးဝင်ရောက်နိုင်ခြေ လျော့နည်းသွားနိုင်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းမထားခြင်း
ပိန်လွန်းတာက ကျန်းမာရေးအတွက် မကောင်းသလို ဝလွန်းတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ သင့်ခန္ဓာကိုယ်အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ စံအလေးချိန်ရှိမှသာ အဆုတ်ကျန်းမာရေးအတွက် အထောက်အကူပြုမှာပါ။ အဝလွန်တာကြောင့် နာတာရှည် အဆုတ်ရောဂါရရှိနိုင်သလို အာဟာရချို့တဲ့တာကြောင့်လည်း အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ရေပြည့်ပြည့်ဝဝ မသောက်ခြင်း
သင့်အနေနဲ့ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနေအောင် ရေကို လုံလုံလောက်လောက် သောက်ပေးရပါမယ်။ ရေဓာတ်ပြည့်ဝပါမှ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အတွင်းက အချွဲအမြှေးတွေ ပျော်ကျသွားမှာဖြစ်ပါတယ်။ ရေလုံလုံလောက်လောက် မသောက်ခဲ့ရင် ချွဲတွေထလာပြီး အဆုတ်အတွင်း ရောဂါပိုးဝင်ရောက်သွားနိုင်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်ခြင်း
သင့်အနေနဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထင်နေရရင်တောင်မှ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးဝင်ရောက်နေပြီးသား ဖြစ်နေနိုင်ပါတယ်။ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလေလေ အချိန်မီ ကုသနိုင်လေလေဖြစ်တာကြောင့် ဆိုးရွားတဲ့ အခြေအနေတွေအထိ ဖြစ်မလာနိုင်တော့ပါဘူး။

သွားလေရာတွင် လက်ကိုင်ပဝါ သို့မဟုတ် တစ်သျှူး ဆောင်မသွားခြင်း
လူထူထပ်တဲ့ နေရာတွေမှာ အဆုတ်အတွင်းရောဂါပိုးက အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေကို သွားမယ်ဆိုရင် သင့်နှာခေါင်းနဲ့ ပါးစပ်ကို တတ်နိုင်သမျှ အကာအကွယ်ရအောင် mask တပ်တာ၊ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ အုပ်ထားတာမျိုးတွေ ပြုလုပ်ရပါမယ်။

  • အဆုတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အထက်ပါအမူအကျင့်တွေကို ရှောင်ရှားရမယ့်အပြင် အဆုတ်အတွက် အကူအညီရရှိနိုင်မယ့် အစိမ်းရောင်ပန်းဂေါ်ဖီ၊ ပန်းသီး၊ ပဲအမျိုးမျိုး၊ အဆီများတဲ့ငါးနဲ့ သစ်ကြားသီးလိုမျိုး အစားအစာတွေကို စားသုံးပေးရပါမယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Share this post