ကျောက်ကပ်ကို ပျက်စီးစေနိုင်သည့် သင် အမှတ်မထင် ပြုလုပ်တတ်သော အကျင့်ဆိုးများ

ကျောက်ကပ်ကို ပျက်စီးစေနိုင်သည့် သင် အမှတ်မထင် ပြုလုပ်တတ်သော အကျင့်ဆိုးများ

ကျောက်ကပ်ကို ပျက်စီးစေနိုင်သည့် သင် အမှတ်မထင် ပြုလုပ်တတ်သော အကျင့်ဆိုးများ

ကျောက်ကပ်ဟာ ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုဖြစ်ပါတယ်။ သူဟာ သွေးသန့်စင်အောင် အညစ်အကြေးတွေကို စစ်ထုတ်ပေးတာ၊ ဟော်မုန်းထုတ်လုပ်ပေးတာ၊ သတ္တုအာဟာရဓာတ်တွေကို စုပ်ယူပေးတာ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ၊ အက်စစ်ဓာတ်တွေကို အားပျော့စေတာ၊ ဆီးထုတ်လုပ်တာနဲ့ ခန္ဓာကိုယ်မှ ပိုလျှံတဲ့အရည်တွေကို ဖယ်ရှားပေးတာ စတဲ့အလုပ်တွေ ပြုလုပ်ပေးပါတယ်။ သွေးထဲမှာ ပျော်ဝင်နေတဲ့ အဆိပ်အတောက်တွေကို ဖျက်ဆီးပေးပြီး ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို စစ်ထုတ်ကာ ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းဖို့ရာ ကျောက်ကပ်က ကောင်းမွန်စွာ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ သင့်‌ ကျောက်ကပ်ပျက်စီးစေနိုင်တဲ့အကျင့်ဆိုးတွေ ရှိတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရေလုံလုံလောက်လောက် မသောက်ခြင်း
ကျောက်ကပ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းဆောင်တာဟာ သွေးကို သန့်စင်ပေးပြီး အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာ ဖြစ်ပါတယ်။ ရေလုံလုံလောက်လောက် မသောက်တဲ့နေ့တွေမှာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်နဲ့ အညစ်အကြေးတွေ စုဆောင်းမှုများလာပြီး ခန္ဓာကိုယ် အလွန်အမင်း ထိခိုက်ပျက်စီးနိုင်ပါတယ်။

ဆီးအောင့်ထားခြင်း
ဆီးသွားချင်နေတာကို မသွားဘဲ အောင့်ထားတာက ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ဆီးအိတ်ထဲမှာ ဆီးတွေ အကြာကြီးကျန်ရှိနေတာကြောင့် ဆီးထဲမှာ ဘက်တီးရီးယားတွေက အလွယ်တကူ ပွားများနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် ကျောက်ကပ်တွင်း ရောဂါပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီးကျန်တွေက ကျောက်ကပ်ပေါ် ဖိအားပေးနိုင်ပြီး ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ ဆီးသွားချင်လာရင် ဆီးမအောင့်ထားဘဲ ချက်ချင်း ဆီးသွားလိုက်ပါ။

ဆိုဒီယမ်ပါဝင်မှု မြင့်မားသော အစာစားခြင်း
လေ့လာမှုတွေအရ ဆားစားသုံးမှုများတာက ဆီးအတွင်း ပရိုတင်းပါဝင်မှု လေး၊ ငါးဆလောက် မြင့်မားနိုင်တယ်လို့ သိရပါတယ်။ နေ့စဉ် ဆား၊ ငါးဂရမ်ထက် ပိုမစားမိအောင် ဂရုစိုက်ပါ။ ဆားစားတာကြောင့် သွေးပေါင်ချိန်မြင့်မားပြီး ကျောက်ကပ်ဒဏ်မိနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး အသုံးပြုမှုများခြင်း
နာကျင်မှုဝေဒနာ သက်သာဖို့၊ အပူချိန်နဲ့ ရောင်ရမ်းမှုတွေ ကျဆင်းဖို့အတွက် အကိုက်အခဲပျောက်ဆေးကို မကြာခဏ အသုံးပြုတတ်ကြပါတယ်။ အကိုက်အခဲပျောက်ဆေးကို ရေရှည်အသုံးပြုပါက ကျောက်ကပ်နဲ့ တခြားကိုယ်တွင်းအင်္ဂါတွေ ပျက်စီးစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ကျောက်ကပ်အတွင်း သွေးစီးဆင်းမှုလျော့နည်းစေနိုင်တဲ့အတွက် ကျောက်ကပ်လုပ်ငန်းဆောင်တာလည်း ယိုယွင်းသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ သင့်ရဲ့ ကျောက်ကပ်က အလုပ်သိပ်မလုပ်ရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်မရရှိဘဲနဲ့ အကိုက်အခဲပျောက်ဆေး မမှီဝဲပါနဲ့။

ကော်ဖီအလွန်အကျွံ သောက်ခြင်း
ကော်ဖီအသောက်များတာက ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေနဲ့ ဆက်စပ်မှုရှိပါတယ်။ ကယ်လ်စီယမ်နဲ့ အော်ဇဲလိတ်ပေါင်းစပ်ထားတဲ့ ကယ်လ်စိယမ်အော်ဇဲလိတ်အမျိုးအစားဟာ ကျောက်ကပ်အတွင်းမှာ အများဆုံးကျောက်တည်တဲ့ အမျိုးအစားပါ။ လေ့လာမှုတွေအရ ကဖင်းက ဆီးအတွင်း ကယ်လ်စီယမ်အဆင့်တွေကို မြင့်မားစေတာကြောင့် ကော်ဖီအသောက်များပြီး ကျောက်ကပ်အတွင်း ကယ်လ်စီယမ် ကျောက်တည်နိုင်တယ်လို့ သိရပါတယ်။ ကော်ဖီတစ်နေ့ကို သုံးခွက်ထက်ပိုမသောက်ပါနဲ့။ ကဖင်းအသောက်များတာကြောင့် သွေးဖိအားလည်း မြင့်တက်နိုင်ပြီး ကျောက်ကပ်ပေါ် ဒဏ်ပိကာ ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။

ပရိုတင်းပါဝင်မှု မြင့်မားသော အစာစားသုံးခြင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတစ်ခုက ပရိုတင်းကို ချေဖျက်လို့ထွက်လာတဲ့ နိုက်ထရိုဂျင် ဒြပ်ပေါင်းတွေကို ဓာတ်ပြုပြီး စွန့်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ ပရိုတင်းဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် အနီရောင်အသားစားလွန်းတာကြောင့် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။ ပရိုတင်းပါဝင်မှုများတဲ့ အစာစားတာဟာ ကျောက်ကပ်အပေါ် ဒဏ်ပိစေနိုင်ပြီး ကျောက်ကပ်ပြဿနာ ဖြစ်စေနိုင်ပါတယ်။
အယ်လ်ကိုဟော အလွန်အကျွံသောက်ခြင်း
အရက်ကြိုက်နှစ်သက်သူတွေက အရက်ကို အသင့်အတင့်သာ သောက်သုံးဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာနေတဲ့လူတစ်ယောက်တောင် အရက်အလွန်အကျွံသောက်မိရင် နှလုံးရောဂါ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်နဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတိုင်းအတွက် ဆိုးကျိုးရရှိစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာဟာ သွေးဖိအားမြင့်တက်တာအတွက် မှီဝဲရတဲ့ ဆေးဝါးတွေအပေါ်မှာ အနှောက်အယှက် ဖြစ်စေပါတယ်။ သွေးတိုးရောဂါကို မထိန်းချုပ်နိုင်တာကြောင့် ကျောက်ကပ်ရောဂါရရှိနိုင်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Share this post