ပုလဲသီ၏ ရပ်တည်မှု

ဆေးစက်ကျရာ အပိုင်း (၁)

ဆေးစက်ကျရာ – အပိုင်း (၁)

တစ်ခါက “မီ” နှင့် “သီ” ဟူသော ငယ်သူငယ်ချင်းနှစ်ယောက် ရှိခဲ့လေသည်။ မီ့အမည်ရင်းမှာ “မီမီမင်း” ဖြစ်ပြီး သီ့အမည်ရင်းမှာ “ပုလဲသီ” ဖြစ်သော်လည်း “မီ” နဲ့ “သီ”ဟုသာ ကျော်ကြားခဲ့၏။ သိပ်ချစ်ကြသော မီနဲ့သီကို တက္ကသိုလ်တစ်ခွင်မှာ မသိသူ မရှိချေ။ သူမတို့ နှစ်ယောက်စလုံးမှာ အလှအပကြောင့် ကျော်ကြားရုံသာမက ထက်မြတ်မှုကြောင့် ပိုကျော်ကြားလေသည်။ မီက ဆယ်တန်းအောင်ချိန်မှာ အမှတ်ကောင်းသော်လည်း သူမ ဝါသနာပါသော မြန်မာစာမေဂျာကိုသာယူခဲ့၏။ ကျောင်းစာသာမက မြန်မာစာပေနှင့် ပတ်သက်သမျှ စာအုပ်စာတမ်းများကို လေ့လာရှာဖွေ ဖတ်ရှုတတ်သော မီသည် အတန်းတိုင်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဂုဏ်ထူးတန်းတက်ရရုံမက နောက်ဆုံးနှစ်တွင် ကွာလဖိုင်းဖြစ်ခဲ့၏။ ဤသို့ဖြင့် မဟာဝိဇ္ဇာတန်း ပြီးသောအခါ
မီသည် တက္ကသိုလ်တွင် နည်းပြဆရာမလေးဖြစ်၍ လာလေသည်။ ထိုအခါမှာလည်း မီက အသင်အပြ ကောင်းလှသော ဆရာမကလေးအဖြစ် ကျော်ကြားပြန်၏။ မီ့အတန်းချိန်ဆို တခြားသော အတန်းများက ကျောင်း
သားများပင် လာရောက်နားထောင်ကြရ၏။ ထို့နောက်မီသည် Ph. D အတွက် စာတမ်းတစ်စောင် ပြုစုရင်း မီ့အလုပ်နှင့် မီ့ပညာရပ်ထဲတွင် အလွန်ပျော်မွေ့နှစ်ခြိုက်စွာ ရှင်သန်ရပ်တည်နေခဲ့လေသည်။

သီကတော့ ကျောင်းစာတွင် မီ့လောက် မတော်ခဲ့သော်လည်း ပန်းချီအနုပညာတွင် အထုံပါရမီ ပါလာသူကလေး ဖြစ်လေသည်။ ငယ်ငယ်ကဆို ပန်းချီပြိုင်ပွဲတိုင်း ဝင်ပြိုင်ပြီး ပြိုင်တိုင်းလည်း ပထမဆုရ၏။
လူကြီးများကပင် သီ့ပန်းချီ လက်ရာကလေးတွေကို ကြည့်ကာ “ဟယ် ကလေးလေးက ဒီလောက်တောင် ဆွဲတတ်သလား။ မယုံနိုင်စရာပဲ” ဟုချီးမွမ်း ကြရ၏။ ကျောင်းတက်ရင်း ပန်းချီပညာကို လေ့လာသင်ယူခဲ့သော သီသည် ကျောင်းပြီးသောအခါ ကျော်ကြားသော ပန်းချီဆရာမလေး ဖြစ်လာလေသည်။

ပညာကိုယ်စီဖြင့် ကျော်ကြားလျက်ရှိသော မီတို့ သူငယ်ချင်းနှစ်ယောက်သည် တစ်နေ့သောအခါမှာ ဘဝလက်တွဲဖော် ချစ်သူကိုယ်စီရခဲ့ကြလေသည်။ မီ ရွေးချယ်သော ချစ်သူမှာ အင်ဂျင်နီယာ ပညာရှင်တစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အခြေချနေထိုင်သူဖြစ်၏။ မြန်မာနိုင်ငံသို့ ပြန်လာရင်း မီနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်သည်။ သီ ရွေးချယ်သော ချစ်သူကတော့ ရုန်းကန်ဆဲ သာမန် အသေးစားလုပ်ငန်းရှင် ကလေးတစ်ယောက်သာ ဖြစ်လေသည်။

ဤသို့ဖြင့် အချိန်တွေ ကုန်ဆုံးဖြတ်သန်းလာခဲ့ပြီး နောက်မှာတော့ မီနဲ့ သီတို့သည် ချစ်သူကိုယ်စီနှင့် လက်ထပ်ကြရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအချိန်မှစကာ သူငယ်ချင်း နှစ်ယောက်ရဲ့ ပဋိပက္ခ စတင်ခဲ့ကြတာဖြစ်သည်။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ဆေးစက်ကျရာ

ရသ

OpenMoreOnline

Related Posts