မက်ဒမ် ရှုမန်ဟိန့်လည်း ကျွန်ုပ်ကို ထိုကဲ့သို့ပင် ပြောပြဖူး၏။ သူ၏ကလေးများနှင့် သူ့ကိုယ်သူသတ်၍ သေကြရန်ကိုပင် ကြံစည်မိသည်အထိ အသည်းကြေကွဲစရာများနှင့် ငတ်မွတ်ခေါင်းပါးခြင်းဒုက္ခများကို တွေ့လာခဲ့ရသော်လည်း ဂီတဆရာကြီး ဝက်ဂနားရေးသော သီချင်းများကို သီဆိုသူူများထဲတွင် အကောင်းဆုံးဖြစ်၍ နားထောင်သူ ပရိသတ်များ၏ စိတ်ကိုချောက်ချားအောင် စွမ်းသူတစ်ဦးအခြေသို့ရောက်ရန် ကြိုးစားလာခဲ့ဖူး၏။ သူ၏အောင်မြင်ကြောင်း နည်းကောင်းတစ်ခုသည် လူများ၏အပေါ်တွင် စိတ်ဝင်စားခြင်းပင်ဖြစ်သည်ဟု သူက ဝန်ခံ၏။
သီအိုဒိုရုစဗဲ့၏ အံ့သြလောက်အောင် လူချစ်လူခင်ပေါများကျော်ကြားခြင်း နည်းကောင်းတစ်ခုသည်လည်း လူများတွင် စိတ်ဝင်စားခြင်းပင် ဖြစ်လေသည်။ သူ၏အစေခံများကပင်လျှင် သူ့ကိုချစ်ခင်ကြ၏။ သူ၏ကပ္ပလီအစေခံ ဂျိမ်းအီသာမိုး သည် ‘တကယ့်လူတော် ရုစဗဲ့’ စာအုပ်တစ်အုပ်ကို ရေးသားဖူး၏။ ထိုစာအုပ်ထဲတွင် အောက်ပါမှတ်သားဖွယ် အဖြစ်အပျက်တစ်ခုကို ရေးသားထားလေသည်။
‘ကျွန်ုပ်၏မိန်းမသည် တစ်နေ့တွင် သမ္မတမင်းအား ဘော့ဝှိုက် ခေါ် ငုံးတစ်မျိုးအကြောင်းကို မေးလေသည်။ ကျွန်ုပ်၏မိန်းမမှာ ထိုငုံးမျိုးကို တစ်ခါမျှ မမြင်ဖူးသောကြောင့် သမ္မတမင်းသည် ထိုငုံးမျိုးအကြောင်းကို ပုံသဏ္ဍာန်နှင့်တကွ လုံးစေ့ပတ်စေ့ ပြောပြ၏။ ရက်အနည်းငယ် ကြာသောအခါ ကျွန်ုပ်တို့နေသည့် တဲအတွင်းရှိ တယ်လီဖုန်းခေါင်းလောင်းမြည်သံကို ကြားရ၏။ အာမိုးနှင့် သူ၏မိန်းမတို့သည် အွိုင်းစတားဘေးရှိ ရုစဗဲ့၏ ခြံမြေတွင် တဲငယ်တစ်ခုဆောက်၍ နေလေသည်။ ကျွန်ုပ်၏ မိန်းမသည် တယ်လီဖုန်းကိုသွား၍ နားထောင်သောအခါ တစ်ဖက်မှ စကားပြောသူသည် မစ္စတာရုစဗဲ့ကိုယ်တိုင် ဖြစ်နေကြောင်း သိရ၏။ ကျွန်ုပ်၏ မိန်းမ သိလိုသော ဘော့ဝှိုက်ခေါ် ငုံးငှက်သည် ကျွန်ုပ်တို့ အိမ်ပြတင်းပေါက်ဝတွင် နားနေ၍ ထွက်ကြည့်လျှင် မြင်နိုင်ကြောင်းကို ပြောပြချင်သောကြောင့် တယ်လီဖုန်း ဆက်လိုက်သည်ဟု မစ္စတာရုစဗဲ့က ပြောပြ၏။ ထိုမျှ အသေးအဖွဲကလေးများတွင်ပင် စိတ်ဝင်စားခြင်းသည် သူ၏ ထူးခြားချက်ဖြစ်၏။ ကျွန်ုပ်တို့၏ တဲနားကို ဖြတ်သွားတိုင်း ကျွန်ုပ်တို့ကိုမမြင်လျှင် ‘အို အင်နီတို့၊ အိုဂျိမ်းတို့’ စသည်ဖြင့် ဟစ်သွားသည်ကို ကျွန်ုပ်တို့ ကြားရ၏။ တဲနားကို ဖြတ်သွားစဉ် ထိုသို့ ဟစ်ခြင်းသည် ကျွန်ုပ်တို့အား ချစ်ခင်ယုယစွာ နှုတ်ခွန်းဆက်ခြင်းပင် ဖြစ်လေသည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးအား သူ၏ အစေခံများသည် အဘယ်ကြောင့် မေတ္တာသက်ဝင် မချစ်ခင်ဘဲ ရှိအံ့နည်း။
အာခီဘတ်ကလည်း အောက်ပါအတိုင်း ရေးသားထားလေသည်။ သမ္မတမင်း တပ်ဖထနှင့် သမ္မတကတော်တို့ မရှိခိုက် တစ်နေ့သတွင် ရုစဗဲ့သည် အိမ်ဖြူတော်သို့ အလည်သွားလေသည်။ စားဖိုဆောင် လုံမငယ်များမှအစ အိမ်ဖြူတော်ရှိ အစေခံအားလုံးအား သူတို့၏နာမည်ရင်းများကို ခေါ်၍ နှုတ်ဆက်ခြင်းအားဖြင့် သူသည် အတန်းအစားမခွဲခြားဘဲ မေတ္တာအစစ်ရှိကြောင်းကို ပြလေသည်။
သူသည် အဲလစ် အမည်ရှိသော မီးဖိုချောင် အစေခံမကလေးကို တွေ့သောအခါ ‘ပြောင်းဖူးမှုန့် ပေါင်မုန့်များကို လုပ်သေးသလား’ ဟုမေးရာ ‘အစေခံများအတွက်သာ တစ်ခါတစ်ရံ လုပ်ရပါသည်၊ အိမ်တော်ပေါ်က မည်သူမျှ ထိုပေါင်မုန့်များကို မစားပါ’ ဟု အဲလစ်က ပြန်ပြော၏။ ‘သိပ်ပြီး ရိုင်းတဲ့လူတွေပဲ၊ သမတ္တကြီးနဲ့တွေ့မှ ဒီအတိုင်း ငါပြန်ပြောရဦးမယ်’ ဟု ရုစဗဲ့က ကျယ်လောင်စွာ ပြန်ပြောလေသည်။
အဲလစ်သည် ပြောင်းဖူးမှုန့် ပေါင်မုန့်တစ်လုံးကို ပန်းကန်ပြားနှင့် တည်သောအခါ ရုစဗဲ့သည် သမ္မတမင်း၏ ရုံးခန်းသို့သွားရင်း ပေါင်မုန့်ကို လမ်းလျှောက်စားလာ၍ လမ်းတွင် တွေ့သမျှသော ဥယျာဉ်မှူးများ အလုပ်သမားများကို နှုတ်ဆက်၏။ နှုတ်ဆက်ခံရသူများကလည်း ထိုအကြောင်းကို တစ်ဦးနှင့်တစ်ဦး တီးတိုးပြောလျက် ရှိကြ၏။ အိုက်ဟူးဗားက မျက်ရည်ဥကာ ‘ခုနှစ်နှစ်လောက် အတောအတွင်းမှာ စိတ်ချမ်းသာတဲ့ နေ့ရယ်လို့ ဒီတစ်နေ့ပဲ ရှိသေးတယ်၊ ဒီလိုနေ့မျိုးကို ဒေါ်လာတစ်ရာနဲ့တောင် မလဲဘူးကွာ’ ဟူ၍ ပြောလေသည်။
ဒေါက်တာ ချား ဒဗလျူ အဲလီယော့ ကို ယူနီဗာစီတီကျောင်းကို အုပ်ချုပ်စီမံရသော ဥက္ကဌများထဲတွင် အအောင်မြင်ဆုံးသော ဥက္ကဌတစ်ဦးဖြစ်အောင် ပြုလုပ်ပေးသော အရာသည်လည်း တစ်ဖက်သားတို့၏ အရေးကိစ္စများတွင် စိတ်ဝင်စားခြင်းပင် ဖြစ်လေသည်။ အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် ၄ နှစ်အကြာမှ အစပြု၍ ကမ္ဘာစစ်ကြီးမဖြစ်မီ ၅ နှစ်တိုင်အောင် ဟားဗတ် ယူနီဗာစီတီကို သူသည် ဥက္ကဌအဖြစ်ဖြင့် အုပ်ချုပ်လာခဲ့သည်ကို သင် သတိရပေမည်။ ဒေါက်တာ အဲလီယော့၏ အုပ်ချုပ်ပုံသက်သေတစ်ခုကို အောက်တွင် ဖော်ပြပါအံ့။
တစ်နေ့တွင် ကျောင်းသားတစ်ဦးဖြစ်သူ အယ် အာဂျီ ကရင်ဒန်သည် ကျောင်းသားများ၏ ချေးငွေထဲမှ ဒေါ်လာငွေ ၅၀ ကို ချေးရန် ဥက္ကဌ၏ရုံးခန်းသို့ သွား၏။ ချေးလိုသည့် ငွေကို ရသောအခါ ကရင်ဒန်သည် ကျေးဇူးတင်စကားပြောပြီး နောက် ရုံးခန်းမှ ထွက်လာရန် ထလေသည်။ ထိုအခါ ဥက္ကဌ ဒေါက်တာအဲလီယော့က ‘ခေတ္တကလေး ထိုင်ပါဦး မောင်၊ မောင့်အခန်းထဲမှာ မောင်ကိုယ်တိုင် ထမင်းချက်စားတယ်လို့ ကျုပ် ကြားရတယ်၊ အစားကောင်းကိုလည်း ရမယ်၊ လုံလုံလောက်လောက်လည်း ရမယ်ဆိုရင် ဒီလိုချက်စားတာ အကောင်းသားပဲ၊ ကျုပ် ကောလိပ်ကျောင်းမှာ နေစဉ်ကလည်း ဒီလိုပဲ ချက်စားတာပဲ၊ ဒါနှင့် စကားမစပ် မောင် နွားကလေးသားပါတဲ့ မုန့်ကို လုပ်တတ်ရဲ့လား၊ အချိန်ယူပြီး နူးနေအောင် ချက်ထားတဲ့ နွားကလေးသားနဲ့ လုပ်ရင် အင်မတန် အရသာရှိတာပဲ၊ ဘာတစ်ခုမျှလည်း လွှင့်မပစ်ရဘူး၊ ကျုပ်ချက်တဲ့နည်းကတော့ ဒီလိုပဲ’ စသည်ဖြင့် နွားကလေးသားမုန့်အကြောင်းကို လုပ်ပုံလုပ်နည်းကစ၍ ဘယ်လိုစားရသည်အထိ ပြောပြလေသည်။