ရသ

အိုင်းရစ်နှင်းဆီ (အပိုင်း-၁)

By Hnin Oo Wai

September 08, 2020

အိုင်းရစ်နှင်းဆီ

ပြီးခဲ့သောနွေက ကျွန်တော် အိုင်ယာလန်သို့ ရောက်ခဲ့သည်။ စိမ်းမြသော၊ ချစ်စရာကောင်းသော တိုင်းပြည်။ ကျွန်တော် အမြဲရင်ခုန်ရသော အရပ်ဒေသ။ တာဝန်တစ်ဖက်၊ ချစ်မြတ်နိုးစိတ် တစ်ဖက်နှင့် သည်ပြည်ကို နောက်တစ်ကြိမ် လွမ်းမောစွာ လည်ပတ်ခဲ့ရပြန်ပါပြီ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော် ဆရာဝန်ပေါက်စဘဝနှင့် အိုင်ယာလန်မြို့တော် ဒပ်ဗလင်သို့ရောက်ရှိကာ ရိုတန်ဒါဆေးရုံကြီးတွင် ဘွဲ့လွန်သင်တန်းတစ်ခု တက်ခဲ့ဖူးသည်။ အဲသည်တုန်းက ကျွန်တော့်အတွက် ခွဲတန်းချပေးခဲ့သည့် လူနာတွေက မြို့တော်၏အဆင်းရဲဆုံး ရပ်ကွက်တစ်ခုမှာရှိသည်။ သူတို့နေထိုင်ကြသည့် စိတ်ညစ်စရာ ပတ်ဝန်းကျင်တစ်ဝိုက်မှာ လူနာတွေ လိုက်ကြည့်ရင်း ရို့စ်ဒိုနီဂန်နှင့် ကျွန်တော် စတွေ့ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်း၌ လောက်ရန်လမ်းရှိ အများသုံးရေတိုင်မှာ ရေခပ်နေသော သူ့ကို မကြာခဏ တွေ့မိရသည်။ သေးကွေးသော ခန္ဓာကိုယ်ပေါ်မှာ ကလေးတစ်ယောက်ကို စောင်တဘက်စုတ်ကလေးတစ်ထည်နှင့် သိုင်းချီလျက်။ ကလေးက ကိုးလသား၊ ပေါ့ပါးလှသည် မဟုတ်။ ရို့စ်က ဆယ့်လေးနှစ်ပဲ ရှိသေးသည်။ မျက်လုံးပြာတစ်စုံက အမြဲလေးနက်သော သူ့မျက်နှာလေး သေးသေးအတွက်တော့ ကြီးထွားဝိုင်းစက်လွန်းနေသည်။ သူ့အနီးမှာ ငါးနှစ်နှင့်ကိုးနှစ်အကြား နောက်ထပ်ကလေးသုံးယောက်က သူ့ဂါဝန်စကို မှီတွယ်ပြီး လိုက်ပါနေသည်။ မျက်လုံးလေးတွေက ခပ်ဆင်ဆင်၊ ဆ့ပင်တွေကလည်း အားလုံး အနီရောင်ချည်းဖြစ်ရာ ဒိုနီဂန်မောင်နှမတွေ ဆိုတာ ကြေညာပေးနေသလိုပင်။

ကျောထောက်နောက်ခံ အနေအထားဆိုးလှသည့်ကြားက ရိုစ့်၏ မျက်လုံးလေးများက ဝံ့စားတောက်ပလှသည်ကို ကြည့်ကာ သူ့အား အံ့သြစရာ သတ္တဝါလေးတစ်ဦးအဖြစ် ကျွန်တော် စိတ်ဝင်စားခဲ့မိသည်။ မနက်ဘက် သူ့ကိုတွေ့တိုင်း ကျွန်တော် နှုတ်ဆက်သည်။ သုံးလေးကြိမ်လောက် နှုတ်ဆက်ပြီးတော့မှ သူက ရှိုးတိုးရှန့်တန့် အပြုံးလေးနှင့် တုံ့ပြန်သည်။ အတော်ဣန္ဒြေကြီးသူလေး။ ဖြည်းဖြည်းချင်းသာ သူနှင့်ကျွန်တော် ရင်းနှီးခင်မင်သည့် အဆင့်သို့ တက်လာနိုင်ခဲ့သည်။

ရို့စ်ရယ်၊ သူ့နောက် တကောက်ကောက်လိုက်နေသည့် ကလေးသုံးယောက်ရယ်၊ သူ ချီပိုးထားရသည့် နို့စို့ကလေးလေး မိုက်ကယ်ရယ်မှာ ပြီးခဲ့သည့် ရှစ်လလောက်ကမှ အမေဆုံးသွားခဲ့တာ ဖြစ်ကြောင်း ကျွန်တော် သိလာရသည်။ သူတို့အဖေ ဒင်နီဒိုနီဂန်နှင့်အတူ လောက်ရန်လမ်း အဆောက်အဦတစ်ခု၏ အောက်ဆုံးမြေကြီးထပ်မှာ ကျဉ်းကျဉ်းကျပ်ကျပ် နေကြရသည်။

သူတို့အဖေ ဒင်နီက သင်္ဘောကျင်းမှာ ရံဖန်ရံခါ အလုပ်ဆင်းသည်။ လူက စိတ်ပျော့ပျော့၊ သဘောကောင်းလွန်းသည့် လူစားမျိုး။ စကားပြောလျှင် သာယာညင်းပျောင်း၊ စိတ်ကူးကောင်း အစီအစဉ်ကောင်းတွေ အပြည့်နှင့်။ သို့သော် သူမှာရှိသည့် ငွေနှင့် အချိန်ကို အနီးရှိ ရင်း(မ)ရော့ခ် ဘားဆိုင်တွင်ပဲ အမြဲလို သုံးဖြုန်းပစ်နေသည်။

သည်အခါ အိမ်ထောင့်ဝန်ထုပ်ဝန်ပိုးတွေ ထမ်းပိုးဖို့တာဝန်က ရို့စ်အပေါ် ပိကျလာသည်။ အခန်းလေးနှစ်ခန်းသာ ပါသည့် သူတို့နေအိမ်ကို သန့်ရှင်းသပ်ရပ်မှုရှိအောင် သူ လုပ်ရသည်။ ကိုယ့်ကိုယ်ကိုယ် မထိန်းကျောင်းနိုင်ဖြစ်နေသော ဖခင်ကို ကြိုးစားထိန်းကာ သူ့ဝင်ငွေအကြွင်းအကျန်လေးများကို ရတတ်သမျှ အဖတ်ဆယ်ပြီး သည်ဟာနှင့်ပင် မိသားစုကို ချက်ပြုတ်ကျွေးမွေးရသည်။ ကလေးတွေအတွက် ဝေယျာဝစ္စတွေလည်း အားလုံး သိမ်းကျုံးလုပ်ကိုင်ရသည်။

သူ့အောက်က မောင်ညီမတွေအားလုံးကို ရိုစ့်ချစ်သည်။ သို့သော် သူ အကြင်နာ အယုယဆုံးကတော့ မောင်အငယ်ဆုံးလေး မိုက်ကယ် ဖြစ်သည်။ နေသာသော ညနေခင်းများဆိုလျှင် သူက မိုက်ကယ်လေးကို ကျောပိုးကာ ဖီးနစ်ပန်းခြံအနီးတဝိုက် လမ်းလျှောက်ထွက်တတ်သည်။ ကလေးကလည်း အလေးစီးသားမို့ သူ သိပ်မနိုင်ချင်။ သို့သော် ရို့စ် မမှုပါ။ စင်စစ် သူက ဘာကိုမှ မမှုသူလေးဖြစ်သည်။

အသားဆိုင်မှာ ဝက်ပေါင်ခြောက် အပိုင်းအစလေးတစ်ခုကို ဈေးလျှော့ရောင်းဖို့ မရအရဆစ်မည်၊ မုန့်ဖုတ်သမားဆီမှာ နောက်ထပ် ပေါင်မုန့်တစ်လုံး အကြွေးရောင်းဖို့ တောင်းပန်မည်။ လူသူ ထူထပ်လှသည့် သူတို့ရပ်ကွက်ရှိ ညစ်ပတ်နံစော်သည့် လမ်းများမှာ လူးလားခေါက်တုံ့သွားလာရင်း အဲသည်လို အလုပ်တွေပဲ တစ်နေ့တစ်နေ့ လုပ်နေရသည့်အချိန် သူ့ရပ်သွင်က ညှိုးငယ်နေသည့် လက္ခဏာမရှိ။ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစူးစိုက် လုပ်ကိုင်နေသည့်ပုံမျိုး။

ဖေမြင့် ရေးသားသော (ဘဝဒဿန ရသစာများ) စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။