ဘဝနေနည်း

အိပ်ရာမှ စောစောထချင်သူတို့ ရှောင်ကြဉ်သင့်သည့် အမူအကျင့်များ

By Hnin Oo Wai

July 24, 2020

အိပ်ရာမှ စောစောထချင်သူတို့ ရှောင်ကြဉ်သင့်သည့် အမူအကျင့်များ

စောစောအိပ်ရာဝင်ပြီး အိပ်ရာကနေ စောစောနိုးထတာက ကျန်းမာရေးကောင်းမွန်နိုင်ပြီး အလုပ်တွင်တွင်ကျယ်ကျယ် ပြီးမြောက်နိုင်တယ်ဆိုတာ သိရှိနေကြပေမယ့် အိပ်ရာကနေစောစောထဖို့ အခက်အခဲဖြစ်နေပါသလား။ မနက်စောစောအိပ်ရာက မထနိုင်တဲ့အတွက် ထမင်းဘူးအတွက် အချိန်မီမပြင်ဆင်နိုင်တာတွေအပြင် ရုံးကို ကပျာကယာ အပြေးအလွှားသွားရတာကြောင့် ရုံးနောက်ကျလို့ လခအဖြတ်ခံရတာနဲ့ ထမင်းစားဖို့အတွက်လည်း ငွေကုန်ကြေးကျများရတတ်ပါတယ်။ ဒီလိုငွေကုန်ကြေးကျများတဲ့ဒဏ်ကို မခံနိုင်တော့လို့ စောစောထဖို့ ကြိုးစားပေမယ့် အခုအထိ အရာမရောက်ဖြစ်နေသူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သင့်အိပ်ခန်းကို မီးထွန်းထားခြင်းမနက်အိပ်ရာက စောစောထလိုသူတွေအနေနဲ့ မိမိအိပ်ခန်းကို အမှောင်ချပြီး အိပ်သင့်ပါတယ်။ သင့်အခန်းကို အမှောင်ချထားပါမှ မနက်ခင်းမှာ မြင်ရတဲ့ အလင်းရောင်ကို နေရောင်ခြည်အလင်းမှန်း သဲသဲကွဲကွဲ သိရှိနိုင်မှာပါ။ ဒါ့အပြင် သင့်ရဲ့ မျက်လုံးက ရောင်ခြည်တန်းနဲ့ မထိတွေ့တော့မှသာ အိပ်စက်မှု ဟော်မုန်းတွေ ထွက်ရှိလာတဲ့အတွက် အခန်းက မှောင်နေရင် သင့်ဦးနှောက်က အိပ်စက်ဖို့ အချိန်ကျလာပြီဆိုတာကို သိရှိသွားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်ပါတယ်။ဖြေရှင်းနည်းသင့်ရဲ့ လက်ကိုင်ဖုန်း၊ တက်ဘလက်နဲ့ အီလက်ထရွန်နစ်ပစ္စည်းအားလုံးကို အိပ်ရာမဝင် တစ်နာရီလောက်အလိုမှာ သင်နဲ့ ဝေးတဲ့နေရာမှာ ထားလိုက်ပါ။

နှိုးစက် အကြိမ်ကြိမ်းပေးထားခြင်းမနက်အိပ်ရာက စောစောထနိုင်ဖို့အတွက် နှိုးစက်ကို အနည်းဆုံး သုံးကြိမ်လောက်ပေးထားလေ့ရှိပါတယ်။ ငါးမိနစ်လောက် နှပ်ဦးမယ်၊ ၁၀ မိနစ်လောက် နှပ်ဦးမယ်ဆိုပြီး နှိုးစက်ပြန်ပိတ်ကာ ပြန်လည်အိပ်တာက ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ၁၅ မိနစ်လောက် အိပ်ပျော်တာက နှစ်ခြိုက်မှုမရှိတဲ့အတွက် အိပ်ရာက ပြန်လည်ထဖို့ ခဲယဉ်းနိုင်ပါတယ်။ဖြေရှင်းနည်းဒီလိုလုပ်မယ့်အစား သင်ထနိုင်မယ့် အချိန်တစ်ခုတည်းကိုသာ နှိုးစက်ပေးထားလိုက်ပါ။ ကြာလာရင် ခန္ဓာကိုယ်က ကျင့်သားရပြီး မနက်အချိန်မှန်အိပ်ရာထတဲ့အကျင့် ရရှိသွားပါလိမ့်မယ်။

နံနက်စာမစားဘဲ နေခြင်းမနက်စာ စားသုံးတာနဲ့ အိပ်စက်မှု စက်ဝန်းဆက်စပ်မှု ရှိတယ်ဆိုတာ သင်သိရဲ့လား။ နံနက်စာ စားလိုက်တဲ့အချန်မှာ ခန္ဓာကိုယ်က ဇီဝနရီကို ပြန်လည်ပြင်ဆင်ပေးလိုက်ပါတယ်။ မနက်စာစားတဲ့အချိန်ကစပြီး အိပ်ချိန်ရောက်တဲ့အထိ ဇီဝနရီက ရေတွက်သွားတာပါ။ နံနက်စာ မစားဘဲနေပြီး နေ့လယ်စာ စားချိန်ကျမှသာ အစာစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဇီဝနရီရေတွက်တဲ့အိပ်ချိန်က အလိုလိုနောက်ကျသွားပါတယ်။ ဥပမာအားဖြင့် မနက် ၈ နာရီမှာ မနက်စာစားသူတွေရဲ့ အိပ်ငိုက်ချိန်က ည ၁၀ နာရီလောက် ဖြစ်ပြီး မနက်စာကို ၁၁ နာရီလောက်မှ စားသူတွေရဲ့ အိပ်ငိုက်ချိန်က ညသန်းခေါင် တစ်နာရီအချိန် ဖြစ်နေတာပါ။ ဒါ့အပြင် နံနက်စာမစားဘဲနေတာကြောင့် စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိလာပြီး မျက်စိကြောင်သွားနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိသော ညစာစားခြင်းညစာကို အဆီအစိမ့်များတဲ့ အစာစားသုံးပြီး ကိတ်မုန့်လိုမျိုး အချိုစာတွေကို အချိုတည်းတာက အိပ်စက်မှုစက်ဝန်းကို နောက်ကျသွားစေနိုင်ပါတယ်။ဖြေရှင်းနည်းအဆီများတဲ့အစာ၊ ဘူဖေးလိုမျိုး အစာတွေကို အိပ်ရာမဝင်ခင် ငါးနာရီအလိုကတည်းက စားပါ။

အချိန်ဇယား အတိအကျမရှိခြင်းသင့်အနေနဲ့ နေ့စဉ်လုပ်ရမယ့် အချိန်ဇယားကို သတ်သတ်မှတ်မှတ်ထားပြီး အိပ်ချိန်၊ စားချိန်၊ ထချိန်တွေကို တူညီစွာ ထားရပါမယ်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်က တစ်နေ့တစ်မျိုး ဖြစ်နေရင် မနက်အိပ်ရာက စောစောထနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်သလို ခံစားရနိုင်ပါတယ်။ဖြေရှင်းနည်းတူညီတဲ့ အိပ်စက်ချိန်ကို နေ့တိုင်းအတွက် တစ်ပြေးညီ သတ်မှတ်ထားပါ။

ရေနွေးဖြင့် ရေချိုးခြင်းသင့်ခန္ဓာကိုယ်ရဲ့ အပူချိန်က ည ၁၀ နာရီနောက်ပိုင်းမှာ အလိုလိုကျဆင်းလာပြီး အိပ်စက်ဖို့အတွက် အကောင်းဆုံးအပူချိန်ကို ထိန်းချုပ်ပေးထားပါတယ်။ ရေနွေးနဲ့ ရေချိုးလိုက်တဲ့အတွက် ခန္ဓာကိုယ်အတွင်း အပူချိန်တွေ မြင့်တက်လာတာကြောင့် တော်ရုံနဲ့ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ဖြေရှင်းနည်းအိပ်ရာဝင်ချိန်မှာ ကိုယ်အပူချိန် ပြန်လည်ကျဆင်းဖို့ လုံလောက်တဲ့အချိန်ရှိမှသာ ရေနွေးနဲ့ ရေချိုးသင့်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။