ဂျပန်ကလည်း ငဘကို တစ်ခါထုတ်၍ စစ်ပြန်သည်။
“စိန်နားကပ် ပေး” ဟု ဆို၏။ “ဘယ်မှာထားသလဲ” ဟု မေး၏။
“ဘယ်က စိန်နားကပ်လဲ” ဟု ငဘက ကြောင်တက်တက်နှင့် စောဒက တက်၏။
ငဘ၏ ကျောပြင်ကြီးကို ဂျပန်တစ်ယောက်က ကျိုက်ကျိုက်ဆူသော လက်ဖက်ရည်နှင့် ပက်လိုက်၏။
ငဘက ‘စိန်နားကပ်တော့ မဟုတ်ပါ။ သူ့အိမ်မှာ တိုက်ရာပါပစ္စည်းဆိုပြီး ဦးသာဂေါင့် ပန်းကန်များ၊ ဒယ်အိုးများကို ပုလိပ်က သိမ်းသွားပါပြီ’ ဟု ဆို၏။
ငဘ၏ ခြေဖဝါးကို ဂျပန်တစ်ယောက်က စီးကရက်မီးနှင့် တို့၏။ မှန်မှန်မပြောဘူးဆို၍ လက်ပြန်ကြိုးတုပ်ပြီးလျှင် လက်ကောက်ဝတ်ကို ကြိုးနှင့်ချည်၍ ငဘကို ထုပ်ပေါ်ဆွဲသွား၏။
စိန်နားကပ်ရှိတယ်ပြောလျှင် ထုတ်ပေးစရာ စိန်နားကပ်ရှိပါက တော်ပါ၏။ သို့သော် စိန်နားကပ်မပြောနှင့် ပုလဲတနားကိုမှပင်လျှင် မမြင်ဖူးသောကြောင့် ငဘမှာ ဘာပြောရမည်မသိ။ ရမ်းသမ်း၍သာ ‘ကျွန်တော်မှန်တာပြောပါမယ်’ ဟု အော်၏။
ဂျပန်တစ်ဦးက ကြိုးဖြေ၍ ငဘကို အောက်ချသည်။ ငဘက နားကပ်ကို ဆိတ်ကြီးကုန်းရွာ ဦးသာဂေါင့်ဆီမှာ အပ်ထားသည်ဟု ပြောပြသည်။ ပြောပြီးမှ ကျေးဇူးရှင် ဦးသာဂေါင်ကြီးကို ဤသို့ မဆီမဆိုင် ဆွဲထည့်ကာ လွှတ်ခနဲ ပြောမိသော မိမိ၏ပါးစပ်ကို စိတ်ထဲက အပြစ်တင်၏။ လက်ပြန်ကြိုး ချည်မထားလျှင် သူ့ပါးကို သူ ပြန်ရိုက်မိပေလိမ့်မည်။
ဂျပန်စစ်ပုလိပ်တို့က စိတ်ဆိုးမာန်ဆိုးဖြင့် ငဘကို ထုတ်ပေါ်ပြန်ဆွဲ၍ တင်ထားပြီးလျှင် အခြားအခန်းဘက်သို့ ကူးပြောင်းသွားကြပြန်၏။
ထိုတစ်နေ့နှင့် ထိုတစ်ညမှာ ငဘသည် ထုပ်ပေါ်ဆွဲထားသော ရုပ်သေးပမာ လိမ်ဖည်ဖည်နှင့် တဝဲလည်လည် အချိန်ကုန်ရလေသတည်း။
နံနက်မိုးသောက်သော် စစ်ပုလိပ်သားနှင့် စစ်ဗိုလ်ကြီးဆိုသူ ပြန်လာကြ၏။
“မင်း မှန်မှန်ပြောရင် လွှတ်မယ်။ မင်းနေတဲ့ အရပ် ကပတ္တော်ရွာ ဓားပြတိုက်တာက အဲဒီရွာအနီးအနားပဲ။ မင့်ကို မိတော့လဲ တိုက်ပြီး ဆယ့်ရှစ်နာရီအကြာ ပတ္ထော်ရွာမှာ မိတယ်။ ပတ္ထော်နဲ့ ဆိတ်ကြီးကုန်းဆိုတာက သုံးဆယ့်ခြောက်နာရီ လှေနဲ့သွားမှ ရောက်နိုင်တယ်။ ဒီတော့ မင်းပြောတာ မဖြစ်နိုင်ဘူး”
‘ကျွန်တော် ပတ္တော်ရွာ မရောက်ဖူးပါဘူး’
စစ်ဗိုလ်ကြီးဆိုသူက ငဘ၏ ခြေသလုံးကို ဓားအိမ်စွပ်ထားသော ဓားလွယ်နှင့် ပြေး၍ရိုက်သည်။
‘ကျွန်တော့်ကို ရေကျော်ဝကွင်းထဲက ဖမ်းတာပါ။ မယုံရင် ဖမ်းလာတဲ့လူတွေ ဂတ်မှာ ရှိပါတယ်၊ မေးကြည့်ပါ’
‘ဟေ့ ကျားကြီး၊ မင်းခေါင်းပြတ်သွားချင်သလား’
‘ကျွန်တော် ကျားကြီး မဟုတ်ပါဘူး’
‘မင်း ပတ္တော်ရွာက ဘိုးမှန်ရဲ့သား ကျားကြီး မဟုတ်လား၊ ငမိုးအဖွဲ့က ဓားပြတစ်ဦးပဲ’
‘မဟုတ်ရပါဘူးဗျာ၊ ကျွန်တော် ငဘပါ’
‘ဘာ-ဂဘလဲ၊ ဘာဂဘလဲ၊ နင်-ဂဘ မဟုတ်ဘူး၊ ကျားကြီးပဲ’
‘ကျွန်တော် ငဘ ဖြစ်ကြောင်းကို ဂတ်တစ်ဂတ်လုံး သိပါတယ်။ စကားပြန်ကို မေးကြည့်ပါ’
ကြယ်နှစ်ပွင့်နှင့် ဂျပန်က စာရွက်တွေ လှန်လှောကြည့်သည်။ ‘ဂဘ’ နာမည် မတွေ့ဟု ဆိုသည်။
စစ်ဗိုလ်ကြီးက စကားပြန်ကို ခေါ်သည်။ စကားပြန်က ‘သူငဘဘဲ‘ ဟု ပြောသည်။ ဂတ်ကို တစ်ခါစုံစမ်းရန် အမြန် လွှတ်ပြန်သည်။ တအောင့်လောက် ကြာသော် ပုလိပ်သား တစ်ယောက် လိုက်လာပြီး၊ သူ ငဘဖြစ်ကြောင်း ထောက်ခံပြန်သည်။
ဂျပန်စစ်ဗိုလ်လည်း သူ့နောက်က ဂျပန်နှင့် အာပေါင်အာရင်းသန်သန် အပြန်အလှန် ပြောသည်။ ပြီးလျှင် ပြုံးတော်မူသည်။ သူ ပြုံးပုံမျိုးကို ရှင်ဥတ္တမကျော်က တောလားတစ်ခုတွင် စပ်ဆိုထားဖူးသည်။ ‘ဘီလူးသွားကို လဖြဲတည်း’ ဟူ၏။
ဂျပန်စစ်သားက ‘အား-အား ကျားကြီး မဟုတ်ဘူး၊ ဂဘ ဂဘ၊ ခင်ဗျား သွားနိုင်ပြီ။ အများ…ကြီး ဝမ်းနည်းတယ်။ ဒီမှာ ဘာဖြစ်၊ တဂါး အပြင်မှာ မပြောရဘူး’
ထို့ကြောင့် ငဘလည်း လက်ဆစ်ပြုတ်လုနီးပါးဖြင့် ရွာကို ပြန်ခဲ့ရ၏။
ရွာရောက်သော် သားသမီး မယားတို့နှင့် ဝိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါးကြီး အားရပါးရ ငိုကြွေးလိုက်ရသည်။
‘မိဖော့ရေ၊ ငါတော့ အဝီစိက ပြန်လာတာပဲကွဲ့’
မိဖော့က ရှိုက်ကြီးတငင်နှင့် နေရာမှ ‘ကဲ…ကဲ ပြီးတာပဲ ပြီးပြီပေါ့၊ ရှေ့ နေဖို့ထိုင်ဖို့ အရေးအတွက် စီစဉ်ဖို့ပဲရှိတယ်။ ဒီမှာ ကျွန်မတို့ လွတ်လပ်ရေး ရပြီဆိုပါကလား’
“လွတ်လပ်ရေး၊ အဲဒါက ဘာလုပ်ဖို့တုန်း”
“နို့ဗမာပြည်လွတ်လပ်ရေး ရပြီဆိုတာပဲ။ ကိုယ့်လူမျိုးထဲက ရှင်ဘုရင်ဖြစ်တာပေါ့တော့။ ဒေါက်တာဘမောင်က အဓိပတိ ဖြစ်ပြီတဲ့တော့”
“သူ အဓိပတိဖြစ်လဲ တို့လယ်သမား လယ်လုပ်မှ စားရမှာပဲကွဲ့။ တို့အနှိပ်စက်ခံရတော့လဲ သူလာကြည့်နိုင်တာ မဟုတ်ဘူး”
“သြော်…၊ ကိုယ့်အမျိုးနဲ့ကိုယ်၊ လွတ်လွတ်လပ်လပ် ဆိုတော့၊ နေရာတကာမှာ ဂျပန်တွေ ဝင်မစွက်တော့ဘူးပေါ့”
“အမယ်လေး…လေး။ မင်းက ဒါကို ယုံသလား”
တောသူတောင်သားလယ်သမားဆိုသဟာ ယုံကြည်လွယ်သော သတ္တဝါများ ဖြစ်ကြသည်။ ယခု ငဘက ယုံမှားတတ်လာသည်မှာ ဂျပန်တို့က လိမ်မာလာအောင် ဆုံးမပဲ့ပြင်လိုက်၍ ဟု ဆိုရပေမည်။
တစ်နေ့သော် ချက်ကြီးက လာ၍ အကျိုးအကြောင်း မေးသည်။ မိနီက ချက်ကြီးလာသည်ကို မြင်၍ နောက်ဖေးမီးဖိုချောင်ထဲ ဝင်သွားသည်။ ချက်ကြီးက လူကြီးများနှင့် ပြေပြစ်အောင် စကားဆိုပြီးလျှင် မီးတိတ်နေသော ဆေးပြင်းလိပ်တိုကို မီးညှိရန် မီးဖိုချောင်ထဲသို့ ဝင်လာသည်။
“မိနီရယ်၊ မင့်အဖေမြင်ရတာ စိတ်မကောင်းလိုက်ထာ”
“ကိုချက်ကြီးရေ့၊ ကျွန်မတို့အဖေတော့ ဝဋ်ကြွေးဆပ်ခဲ့တာပဲ။ ဒါလောက်နဲ့ ပြီးတန်ကောင်းရဲ့လို့ ထင်တာပဲ”
ချက်ကြီးက မျက်ရည်ဥနေသော မိနီ၏ မျက်လုံးကလေးကို ကြည့်ပြီး၊ အတော်ဝမ်းနည်းသွားသည်။
ဆယ့်ခြောက်နှစ် မပြည့်တတ်သေးဘူး ဆိုသာ ဆိုတယ်၊ မိနီဟာ အပျိုကြီးဖားဖား ဖြစ်နေပါရော့လား။ ကလေးစိတ်မကုန်သေးသော်လဲ၊ လူကြီးစိတ်ကို ဝင်လာပြီ၊ တောင်တွေးမြောက်တွေး တွေးတတ်ပြိ၊ စိုးရိမ်ပူပန်တတ်ပြီ။ အညှီရှိ ယင်အုံ ဆိုသလို မသမာတဲ့လူတွေ ဝိုင်းအုံမှဖြင့် ….
“မိနီရယ်၊ မင်းတို့ကလဲ မင့်အဖေကလွဲရင်၊ ရှေ့က မားမားမတ်မတ် ဝင်ရပ်နိုင်မယ့် ယောက်ျားသနာလဲ မရှိသေးဘူး။ မင့်ကို ငါ အများကြီး သနားမိပါတယ်”
“ဒါတော့ ကိုချက်ကြီးရဲ့ ကျွန်မသဘောကို အထူးပြောဖို့မလိုဘူး။ မိဘတွေကလဲ သဘောကျပြီးသားပဲ”
“ကိုချက်ကြီး အမေ့ကို အပြောခိုင်းပါလား”
“ဒီလိုဆိုရင် ဒီညပြောလိုက်မယ်လေ”
“သဘောပေါ့”
ချက်ကြီးက ဆေးလိပ်မီးညှိရင်း၊ မိနီကို ရွှန်းရွှန်းစားစားကြည့်သည်။
“နင်….အဟုတ်ပြောတာလား”
“အို….ကျွန်မ ဘယ်နှခါ ပြောနေရဦးမှာလဲတော့၊ ကာလက ကာလပျက်ကြီးမို့ ကျွန်မ တစ်စုံတစ်ခု ဖြစ်ရင်၊ ကိုချက်ကြီး စိတ်ပြောင်းသွားမှာသာ စိုးတာပဲ၊ ဒီလိုဆိုရင် ကိုချက်ကြီးရေ့ တစ်သက်လုံး အိမ်ထောင်မပြုတော့ဘူး”
‘အမယ် ဒီကောင်မလေးဟာ စကားတတ်လိုက်တာ လွန်လို့’ ဟု ပြောကာ ကိုချက်ကြီးက မိနီ၏ပါးကို လိမ်ဆွဲလိုက်ပြီး ကဗျာကသီ မီးဖိုချောင်ထဲမှ ထွက်လာသည်။ အိမ်ဦးခန်းတွင် ငဘနှင့် မိဖော့တို့ တိုးတိုး တိုးတိုးနှင့် ကြိတ်ပြီး တိုင်ပင်နေကြသည်ကို တွေ့၍ အိမ်ပေါ်မှ ဆင်းသွားသည်။
ချက်ကြီးကို ငဘက မျက်စိတစ်ဆုံး ကြည့်သည်၊ ချက်ကြီး ကွယ်သွားမှ ငဘက ‘အတော်သားပဲ’ ဟု ဆိုသည်။
‘တိုင်းပြည်လဲ အေးချမ်းပါပြီ။ သီတင်းကျွတ်ကျွတ်ခြင်း ပြီးစီးအောင် စီမံမှပဲ’ ဟု မိဖော့က ပြော၏။
လင်မယားနှစ်ယောက် သမက်ကလေးရလျှင် အဘယ်ပုံ လယ်ကွင်းထဲမှာ အသုံးချလိုက်မည်ဟု စိတ်ကူးကိုယ်စီနှင့် ငေးမောနေကြသည်။ ‘တဲကလေးတော့ ချဲ့ရမှာပဲ’ ဟု မိဖော့က တွေးသည်။ ‘လယ်အခွက် နှစ်ဆယ်တော့ ပြည့်အောင် စိုက်ဖြစ်မှာပဲ’ ဟု ငဘက တွေးသည်။
မီးဖိုချောင်ထဲက မိနီမှာမူ ဝမ်းသာသော မျက်ရည်ဥကြီးများ မျက်လုံးအိမ်မှ လိမ့်၍ ဆင်းကြသည်ကို အင်္ကျီလက်ဖျင်စဖြင့် ခဏခဏ တားဆီးရသောကြောင့်၊ မျက်လုံးကြီးမှာ ရွှဲလျက်ရှိသည်။
ထိုအတွင်း ဥယျာဉ်ထဲသို့ လူတစ်စုပြေးလာသည်။ တအုံးအုံးနှင့် မြည်လျက်ရှိသည်။ ‘ပြေးကြဟဲ့’ ဟူ၍လည်း ကြားလိုက်ရသည်။
ငဘက တဲပေါ်မှ မတ်တပ်ရပ်၍ မျှော်ကြည့်သည်။
‘ပုလိပ်တွေ၊ ဆယ်အိမ်ခေါင်းတွေ၊ ချွေးတပ်စုမလို့တဲ့ဟေ့’ ဟု တစ်ဦးက ညာသံပေး၏။
မိဖော့က ‘ခွေးတပ်လို့ ကြားတယ်။ အိမ်ပေါ်က မဆင်းနဲ့ဦး၊ ခွေးရူးထတာများလားမသိဘူး’ ဟု ဆို၏။
‘ဂျပန်ဟေ့….ဂျပန်’ ဟု တစ်စုက အော်ပြန်၏။
မိဖော့က ငဘ ထခုန်လိုက်သဖြင့် ဆွဲထားသည်။
သို့ပေမယ့် ဂျပန်သံကြားလျှင် မိဖော့ မပြောနှင့် သိကြားမင်းကြီး နားကင်းနှင့် ဆင်းတားတား မရနိုင်ပြီ။ ထို့ကြောင့် ငဘလည်း တဲပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်လေ၏။
ဤသို့ ငဘ ခုန်ဆင်းလိုက်ခြင်းကား အဝီစိငရဲမှ လွတ်အောင် မဟာအဝီစိငရဲသို့ လွှားခနဲ ဆင်းလိုက်ခြင်းသာလျှင် ဖြစ်ဘိ၏။