ဘဝနေနည်း

အရိုးကျန်းမာရေးအတွက် ရှောင်ရှားသင့်သည့် အမူအကျင့်များ

By Hnin Oo Wai

August 14, 2020

အရိုးကျန်းမာရေးအတွက် ရှောင်ရှားသင့်သည့် အမူအကျင့်များ

အသက်ကြီးလာတဲ့အခါမှာ အနည်းငယ်လိမ့်ကျလိုက်ရုံနဲ့ အရိုးကျိုးလွယ်တယ်ဆိုတာက သင့်အရိုးတွေရဲ့ သိပ်သည်းဆ နည်းနေပြီး ကြွပ်ဆတ်လွယ်နေတာကြောင့်ပါ။ အမျိုးသမီးတွေအနေနဲ့ အသက် ၃၀ အရွယ်နောက်ပိုင်းမှာ အရိုးသိပ်သည်းဆတွေ တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါဟာ မိသားစုမျိုးရိုးရာဇဝင်၊ အသက်အရွယ်၊ လူမျိုးစုအလိုက် ဖြစ်နိုင်ခြေ အနည်းအများ ကွာခြားသွားပါတယ်။ ဒီပြဿနာတွေကို ရှောင်ရှားလို့မရပေမယ့် အရိုးကျန်းမာရေးကောင်းမွန်ဖို့အတွက် ရှောင်ရှားသင့်တဲ့ ဘဝနေထိုင်မှုပုံစံတွေ ရှိတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

ဆားအစားများလွန်းခြင်းဆားများများစားလေလေ၊ အရိုးအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ရရှိနိုင်မှု နည်းလေလေပါ။ ဆားဟာ ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်တွေကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ထုတ်ပစ်ဖို့ ကူညီနိုင်တာကြောင့်ပါ။ တစ်နေ့ကို ဆားအပို တစ်ဂရမ်လောက် စားသုံးရုံနဲ့ အရိုးသိပ်သည်းဆက နှစ်စဉ် တစ်ရာနှုန်းလျော့ကျသွားတယ်လို့ သိရပါတယ်။ ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဆားတင်မကပါဘူး၊ ပေါင်မုန့်၊ ဒိန်ခဲ၊ အာလူးကြော်နဲ့ အရန်သင့်အစားအစာတွေမှာလည်း ဆားများစွာ ပါဝင်ပါတယ်။ အမေရိကန်နှလုံးရောဂါအဖွဲ့ရဲ့ အဆိုအရ လူတစ်ယောက်ဟာ နေ့စဉ် ဆားရရှိမှုဟာ ၁၅၀၀ မီလီဂရမ်ထက် နည်းပါးရပါမယ်။

အချိန်ပြည့် တီဗီကြည့်နေခြင်းသင်က တီဗီကြည့်ရတာ ဝါသနာပါပြီး တီဗီရှေ့မှာ အချိန်ပြည့်ထိုင်နေတာက အရိုးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဆိုဖာပေါ်ထိုင်နေတဲ့အချိန်တွေမှာ အရိုးသန်မာနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိမှာ မဟုတ်ပါဘူး။ အရိုးဟာ ကြွက်သားတွေလိုပါပဲ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ (အထူးသဖြင့် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး အလုပ်လုပ်ရတဲ့ လမ်းလျှောက်တာလိုမျိုး) မှာ သင့်ခန္ဓာကိုယ်က သင့်ခြေချောင်းတွေကို သယ်ဆောင်ထားရတဲ့အတွက် သင့်ရဲ့ နောက်ကျောအရိုးကျန်းမာရေးက အလွန်ကောင်းမွန်သွားပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်အနေအထား၊ ကွေးနိုင်ဆန့်နိုင်မှုနဲ့ ဟန်ချက်တွေကို ပိုမိုထိန်းညှိနိုင်သွားတဲ့အတွက် လိမ့်ကျနိုင်ခြေလည်း လျော့နည်းသွားပါတယ်။

ထိုင်နည်းပုံစံ မမှန်ကန်ခြင်းကြမ်းပြင်ပေါ်မှာ အချိန်ကြာမြင့်စွာ ထိုင်တာက ခြေထောက်အဆစ်ပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်ပြီး မကြာခဏ အရွတ်စုတ်ပြဲတာလိုမျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

စက်ဘီးဖြင့် ခရီးသွားခြင်းစက်ဘီးနဲ့ နာရီပေါင်းများစွာ ခရီးသွားတာက နှလုံးနဲ့အဆုတ် သန်မာနိုင်ပါတယ်။ ဒါပေမဲ့ အရိုးကျန်းမာရေးအတွက်တော့ မကောင်းမွန်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ စက်ဘီးစီးတာက ခန္ဓာကိုယ်က အလေးသယ်ဆောင်ရတဲ့လုပ်ငန်း မဟုတ်တာကြောင့်ပါ။ စက်ဘီးစီးတာကြောင့် လမ်းလျှောက်တာ၊ ပြေးတာနဲ့ တောင်တက်တာလိုမျိုး အရိုးသိပ်သည်းဆမြင့်မားနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ စက်ဘီးစီးတာကို နှစ်ခြိုက်သူဖြစ်နေရင် အလေးမလေ့ကျင့်ခန်းပြုလုပ်တာ၊ တင်းနစ်ကစားတာ၊ တောင်တက်တာ၊ ရေကူးတာနဲ့ကခုန်တာလိုမျိုး အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်တဲ့ အားကစားတွေပါတွဲဖက်ပြီး ပြုလုပ်သင့်ပါတယ်။

အိမ်တွင်း အနေများခြင်းခန္ဓာကိုယ်က ဗီတာမင် ဒီ ထုတ်လုပ်ဖို့အတွက် နေရောင်ခြည်လိုအပ်ပါတယ်။ အရိုးပါးရောဂါမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် ကယ်လ်စီယမ်အပြင် ဗီတာမင် ဒီလည်း လိုအပ်တာကြောင့် နေ့စဉ် ၁၀-၁၅ မိနစ်ခန့် မနက်ခင်းနေရောင်ခြည်နုနု ရရှိသင့်ပါတယ်။ သင့်အနေနဲ့ နေ့စဉ် ဗီတာမင် ဒီ ရရှိဖို့ အိမ်ပြင်မထွက်နိုင်ခဲ့ရင် ဗီတာမင် ဒီ ပါဝင်မှု မြင့်မားတဲ့အစားအစာတွေဖြစ်တဲ့ ကြက်ဥအနှစ်၊ ဗီတာမင် ဒီ အားဖြည့်အစားအစာနဲ့ ဆယ်လ်မွန်ငါးလိုမျိုး အစားအစာတွေကို စားသုံးပေးရပါမယ်။

စိတ်ဖိစီးမှု များလွန်းခြင်းစိတ်ဖိစီးမှု များလွန်းတာကလည်း အရိုးနဲ့အဆစ် အားနည်းသွားနိုင်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် ကယ်လ်စီယမ်တွေကို အစာအိမ်နဲ့ အူလမ်းကြောင်းက သွေးထဲရောက်အောင် စုပ်ယူနိုင်စွမ်းမရှိတော့တဲ့အတွက် အရိုးအားနည်းလာရတာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းဆေးလိပ်သောက်သူတွေက အရိုးသိပ်သည်းဆ အလွန်နည်းပါးနိုင်တယ်လို့ အရိုးပါးရောဂါနဲ့ ပက်သက်တဲ့ အမျိုးသားကျန်းမာရေးဌာနက ဖော်ထုတ်ထားပါတယ်။ ဆေးလိပ်က ထွက်လာတဲ့ ဓာတ်တိုးပစ္စည်းတွေက အရိုးတည်ဆောက်နိုင်တဲ့ ဆဲလ်တွေကို သတ်ပစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။ သင်ဟာ ပုံမှန်ဆေးလိပ်သောက်နေသူဖြစ်နေရင် သင့်ခန္ဓာကိုယ်က ကျန်းမာတဲ့ အရိုးသစ်တွေကို အလွယ်တကူထုတ်လုပ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဆေးလိပ်သောက်တာကြောင့်လည်း စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောတွေ ထွက်ရှိမှုများလာပြီး အရိုးအားနည်းနိုင်ပါတယ်။ ဒါ့အပြင် အရိုးတည်ဆောက်မှုကို ကူညီနိုင်တဲ့ ကယ်လ်စီတိုနင်ဟော်မုန်း ထုတ်လုပ်မှုလည်း လျော့နည်းသွားနိုင်ပါတယ်။ သင် ဆေးလိပ်သောက်တဲ့နှစ်ကြာလေလေ၊ အခြေအနေ ပိုဆိုးလေလေပါ။ ဆေးလိပ်သောက်သူတွေက အရိုးကျိုးနိုင်ခြေမြင့်မားပြီး အရိုးကျိုးခဲ့ရင်လည်း ပြန်ဆက်နိုင်ဖို့ အချိန်ကြာကြာယူရပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာကြောင့် ဒီပြဿနာဖြစ်နိုင်ခြေ လျော့နည်းသွားနိုင်ပါတယ်။

အရက်သောက်လွန်းခြင်းအမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို အရက် တစ်ယူနစ်နှုန်းနဲ့ အမျိုးသားတစ်ယောက်အနေနဲ့ နှစ်ယူနစ်ထက် ပိုမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်က ကယ်လ်စီယမ် စုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်တာကြာင့်ပါ။ အရက်သောက်တာကလည်း ဆေးလိပ်သောက်သလိုမျိုးပဲ ကော်တီစောတွေ ပိုမိုထွက်ရှိလာပြီး တက်စထရိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေ လျော့နည်းသွားနိုင်ပါတယ်။ ဒါတွေ အားလုံးက အရိုးအားနည်းသွားနိုင်ပါတယ်။ အရက်သောက်တာကြောင့် အရိုးသိပ်သည်းဆနည်းစေနိုင်တဲ့အပြင် လိမ့်ကျနိုင်ခြေနဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရနိုင်ခြေမြင့်မားပြီး အရိုးကျိုးလွယ်နိုင်ပါတယ်။

အချိုရည် သောက်လွန်းခြင်းကိုလာလိုမျိုး ဂက်စ်ပါဝင်တဲ့ ဖျော်ရည်တွေက အရိုးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အဲဒီဖျော်ရည်တွေမှာ ပါဝင်တဲ့ ကဖင်းနဲ့ ဖော့စ်ပရပ်စ်ကြောင့်ပါ။ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်အသောက်များတာကလည်း ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်တွေ ဆုံးရှုံးနိုင်ပါတယ်။

ဆေးဝါးမှီဝဲရခြင်းတချို့ဆေးဝါး (ဥပမာအားဖြင့် အတက်ရောဂါကုဆေး၊ စတီးရွိုက်ပါဝင်တဲ့ဆေးဝါး) တွေကို နှစ်ရှည်လများ သုံးစွဲရပါက အရိုးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်အလုပ်မလုပ်တဲ့ရောဂါကြောင့် သိုင်းရွိုက်ဆေးဝါးမှီဝဲရသူတွေအနေနဲ့လည်း အရိုးအားပျော့နိုင်ပါတယ်။ ဒီသိုင်းရွိုက်ဆေးဝါးတွေက အရိုးထဲက ကယ်လ်စီယမ်တွေကို ဖယ်ရှားနိုင်တဲ့ဆိုးကျိုးရှိတာကြောင့်ပါ။ ဒါကြောင့် သိုင်းရွိုက်ဆေးဝါးမှီဝဲအပြီး ငါးနာရီအကြာမှာ ကယ်လ်စီယမ်အားဖြည့်ဆေးကို မှီဝဲပေးရပါမယ်။

ပိန်လွန်းခြင်းခန္ဓာကိုယ်အလေးချိန် စံမမီတာ၊ BMI ၁၈ ဒသမ ၅ ထက်လျော့နည်းနေတာတွေက အရိုးကျိုးနိုင်ခြေ မြင့်မားပါတယ်။ အရိုးသေးသူတွေက အလေးမလေ့ကျင့်ခန်းပြုလုပ်ဖို့နဲ့ ကယ်လ်စီယမ်ပါဝင်မှုများတဲ့အစာ ပိုစားဖို့ လိုအပ်ပါတယ်။

အဝလွန်ခြင်းအဝလွန်တာကြောင့် ကျန်းမာရေးပြဿနာ အများစုဖြစ်နိုင်သလိုမျိုး အရိုးမှာလည်း ဒဏ်ပိနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပိုလျှံနေတဲ့အလေးချိန်တွေကို သင့်ခြေထောက်က ထမ်းထားရတာကြောင့် အရိုးအားနည်းသွားပြီး အဆစ်ပျက်စီးနိုင်ပါတယ်။ အရိုးနဲ့ နှလုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။

အချိုစာ စားလွန်းခြင်းအချိုဓာတ် လွန်ကဲတာက ကယ်လ်စီယမ်စုပ်ယူမှုကို အနှောင့်အယှက်ပေးပြီး ကယ်လ်စီယမ်စုပ်ယူမှုအတွက် လိုအပ်တဲ့ ဖော့စ်ပရပ်စ်သတ္တုဓာတ်လည်း လျော့နည်းစေနိုင်ပါတယ်။

ပဲကို ရေမစိမ်ဘဲ ချက်ပြုတ်စားသုံးခြင်းပဲတွေမှာ ဖိုင်းလိတ်ခေါ်တဲ့ ဓာတုဓာတ်တွေ ပါဝင်ပါတယ်။ ဖိုင်းလိတ်က ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ပေးပါတယ်။ ဒါပေမဲ့ ပဲတွေမှာ များစွာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နဲ့ တခြားအာဟာရဓာတ်တွေက အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ပဲဟင်းစားသုံးတဲ့အခါမှာ ဖိုင်းလိတ်ဓာတ်တွေ လျော့နည်းသွားအောင် ပဲတွေကို နာရီအနည်းငယ်ခန့် ရေစိမ်ပြီးမှသာ ချက်ပြုတ်စားပါ။

အားဖြည့်ဆေး မမှီဝဲခြင်းအရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ လူကြီးအများစုက ကယ်လ်စီယမ်ပါဝင်မှုများတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို လုံလုံလောက်လောက် စားသုံးကြတာမဟုတ်ပါဘူး။ ဒါ့အပြင် ဗီတာမင် ဒီ ရရှိအောင် နေပူဆာလှုံရမှာကိုလည်း အရေပြားကင်ဆာဖြစ်မှာ စိုးရိမ်ကြတဲ့အတွက် မပြုလုပ်ချင်ကြပါဘူး။ ဒါကြောင့် ဒီအာဟာရဓာတ်နှစ်မျိုးကို ရရှိဖို့အတွက် အားဖြည့်ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး မှီဝဲရပါမယ်။

မြေအောင်းစာများ စားသုံးခြင်းခရမ်းချဉ်သီး၊ မှို၊ ငရုတ်ကောင်း၊ အာလူးနဲ့ ခရမ်းသီးလိုမျိုး မြေအောင်းစာတွေက အရိုးရောင်ရမ်းမှုကို ဖြစ်စေပြီး အရိုးပါးရောဂါ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်တဲ့အတွက် လုံးဝရှောင်ဖို့တော့ မလိုအပ်ပါဘူး။ သင်ဟာ ကယ်လ်စီယမ်ကို နေ့စဉ် ၁၂၀၀ မီလီဂရမ်ရရှိနေဖို့သာ လိုအပ်ပါတယ်။

ခန္ဓာကိုယ်၏ အချက်ပြ လက္ခဏာများကို လျစ်လျူရှုထားခြင်းအရိုးထဲမှာ ပြဿနာရှိနေရင် သင် လမ်းလျှောက်တဲ့အခါမှာ ဒူးခေါင်းနေရာအတွင်းကနေ မြည်သံတွေ ကြားရလာနိုင်ပါတယ်။ ဒါက ကယ်လ်စီယမ်ချို့တဲ့တဲ့ လက္ခဏာတွေ ပြနေတာပါ။ လမ်းလျှောက်အပြီးမှာ ခါးနောက်ကျောအောက်ပိုင်းမှာ နာကျင်နေတာကလည်း အရိုးအားနည်းတဲ့ လက္ခဏာပါ။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။