သုတ

အရည်အသွေး တည်ဆောက်မှု နှင့် စိတ်ဓာတ်

By HapEye.net

May 31, 2020

ကျွန်မတို့ အရည်အသွေးတစ်ရပ်ကို ထူထောင်တော့မယ်၊ ထုတ်လုပ်တော့မယ်ဆိုရင် ထုတ်လုပ်သူချည်း အရည်အသွေးကိစ္စကို စဉ်းစားလို့မဖြစ်ဘူး။ ထုတ်လုပ်မှုကိစ္စကို လုပ်ဆောင်မယ့် အဖွဲ့အစည်းတစ်ခုလုံးသာမက ထုတ်လုပ်မှုနဲ့ ဆက်စပ်နေသူတွေကိုပါ အရည်အသွေး တည်ဆောက်မှု ဘောင်ထဲမှာ ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ရပါမယ်။

ဘာဆိုလိုတာလဲဆိုတော့ ကျွန်မတို့အဖွဲ့အစည်းက အရည်အသွေးကိစ္စကို ထူထောင်မယ်ဆိုရင် –၁။  အရည်အသွေးကို ထူထောင်မယ့် အဖွဲ့အစည်းတစ်ခုလုံး (ဥက္ကဋ္ဌကနေ ညစောင့်အထိ)၂။  အဖွဲ့အစည်းကို ကုန်ကြမ်းတင်သွင်းတဲ့သူ၃။  ကုန်ချောဝယ်သူ စားသုံးမယ့်သူ

အဲ့ဒီသူတွေကိုပါ အရည်အသွေးဘောင်ထဲကို ထည့်ပြီး အရည်အသွေး တည်ဆောက်ရပါမယ်။

ကျွန်မတို့က အရည်အသွေးပစ္စည်းကို ထုတ်လုပ်မှာ။ ဒါပေမယ့် ကျွန်မတို့ကို ကုန်ကြမ်းပေးသွင်းတဲ့ ကျွန်မတို့ဖောက်သည်တွေဆီက ရတဲ့ ကုန်ကြမ်းတွေညံ့နေရင် ကျွန်မတို့ အရည်အသွေးရှိတဲ့ ကုန်ချောကို ဘယ်လို ထုတ်နိုင်ပါ့မလဲ။ ကျွန်မတို့ ထုတ်လုပ်တဲ့ပစ္စည်းကို ဝယ်ယူသုံးစွဲမှာက စားသုံးသူ၊ စားသုံးသူက သူကြိုက်မှဝယ်မှာလေ။ သူမကြိုက်ရင် မဝယ်ဘူး။ ဒါကြောင့် စားသုံးသူအကြိုက်ကိုလည်း ထည့်စဉ်းစားရပါမယ်။ စားသုံးသူတွေကိုလည်း သုတေသနလုပ်ကြရမယ်။ ထုတ်လုပ်သူတစ်ဦးတည်းအမြင်နဲ့ လုပ်လို့မရပါဘူး။

အခု ကျွန်မတို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) က ရန်ကုန်ခရီးသွားကဏ္ဍကို အရည်အသွေးမြှင့်တင်ချင်တယ်။ ဒါပေမယ့် ဒီကိစ္စကို မထသ တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ ဒီကိစ္စမှာ မထသဥက္ကဋ္ဌကြီးမှအစ ဌာနခွဲ၊ ဌာနစိတ်၊ ဌာနစုအသီးသီးမှာ ရှိတဲ့ ဝန်ထမ်းတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေ၊ သူတို့ရဲ့မိသားစုတွေ၊ ခရီးသွားပြည်သူတွေ၊ လမ်းပေါ်ကလူတွေ၊ လမ်းဘေးဈေးသည်တွေ၊ လမ်းပေါ်မှာပြေးနေတဲ့ အနှေးယာဉ်တွေ၊ ဆိုက်ကား၊ မြင်းလှည်း၊ မော်တော်ဆိုင်ကယ်၊ လမ်းပြုပြင်တဲ့သူ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းတဲ့ရဲ စသည်ဖြင့် အားလုံးပါဝင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ခရီးသည်တင် ဘတ်စ်ပြေးဆွဲမှုလုပ်ငန်းကို (မထသ) တစ်ဖွဲ့တည်းက လုပ်နေတာမဟုတ်ပါဘူး။ အခြားယာဉ်လိုင်းတွေကလည်း ခရီးသွားလုပ်ငန်းကို ပါဝင်လုပ်ဆောင်နေကြတာဖြစ်လို့ အဲဒီအခြားအဖွဲ့အစည်းတွေလည်း ပါဝင်ဖို့လိုပါတယ်။

ဒါကြောင့် အရည်အသွေးတည်ဆောက်ရာမှာ အားလုံးပါရပါမယ်။ ဒါကို အရင်ကလည်း ကျွန်မ ပြောခဲ့ပြီးပါပြီ။

နောက် ဒုတိယ ထပ်ပြောချင်တဲ့ကိစ္စ။ အရည်အသွေး တည်ဆောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် –– အဆက်မပြတ် လှုံ့ဆော်မှု– အဆက်မပြတ် တွန်းအားပေးမှု– အဆက်မပြတ် လုပ်ဆောင်မှုတွေ ဆောင်ရွက်ဖို့လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ အဆက်မပြတ် မလုပ်ဆောင်ရင် မလုပ်ဆောင်တဲ့နေ့မှာ အရည်အသွေးလည်း မရှိတော့တဲ့ ဘဝကို ရောက်မှာပါပဲ။

အရည်အသွေးတည်ဆောက်ရာမှာ မထသဥက္ကဋ္ဌကြီးပြောတုန်းတော့ လိုက်လုပ်ကြပြီး ဥက္ကဋ္ဌကွယ်ရာကျတော့ သွေးအေးသွားတာမျိုး၊ ပြောတုန်းပဲ လှုပ်လှုပ်ရှားရှားဖြစ်ပြီး နည်းနည်းကြာတော့ သွေးအေးသွားတာမျိုး မဟုတ်ဘဲ အရည်အသွေးတည်ဆောက်ပြီဆိုတာနဲ့– စဉ်ဆက်မပြတ် လှုံ့ဆော်မှု– စဉ်ဆက်မပြတ် လုပ်ဆောင်မှု– စဉ်ဆက်မပြတ် တွန်းအားပေးမှု ဆိုတဲ့‘Continuous Improvement’ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ အရည်အသွေး တည်ဆောက်မှုလုပ်ငန်းဆိုတာ –– တစ်ဝက်တစ်ပျက် လုပ်လို့မရပါဘူး။– တစ်စိတ်တစ်ပိုင်းပဲလည်း လုပ်လို့မရပါဘူး။– တစ်ခါတစ်ရံလောက် လုပ်လို့လည်းမရပါဘူး။

အရည်အသွေးတည်ဆောက်မှုလုပ်ငန်းဟာ ငါးရစ်တက်သလိုလုပ်ရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ စိတ်ရှိတဲ့အချိန် ထလုပ်တာမျိုးလည်း လုပ်လို့မရပါဘူး။ ဒါကြောင့် ကျွန်မပြောခဲ့ရာမှာ အရည်အသွေး တည်ဆောက်တယ်ဆိုရင် နေရာတကာမှာ လူတကာပါဝင်ပြီး တည်ဆောက်ရမယ်လို့ ပြောတာပါ။

ဟုတ်ပြီ။ ကျွန်မတို့အရည်အသွေးကိစ္စကို အားလုံးလည်း ပါဝင်လုပ်ဆောင်မယ်၊ အဆက်မပြတ်လည်း လုပ်ဆောင်ကြမယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုပါစို့။ ဒါဆိုရင် …– ဘာကနေ စလုပ်ကြမလဲ။– ဘာလုပ်ကြမလဲ။  ‘ What to do ‘– ဘယ်လိုလုပ်ကြမလဲ။  ‘ How to do’ဆိုတာ လိုလာပါတယ်။ အဲဒီကိစ္စထက် အရေးကြီးတဲ့ကိစ္စတစ်ခုကနေ ရှိနေပြန်သေးတယ်။ ဒါကဘာလဲဆိုတော့ ပါဝင်လုပ်ဆောင်တဲ့သူတွေအားလုံးက ဖြစ်အောင်လုပ်မယ်၊ အရည်အသွေးကို တည်ဆောက်မယ်ဆိုတဲ့ စိတ်ဓာတ် Attitude ခံယူချက်စိတ်ထားရှိဖို့လည်း လိုတယ်။ ခံယူချက်က အရေးကြီးပါတယ်။ ပါဝင်လုပ်ဆောင်တဲ့သူတွေရဲ့ ခံယူချက် မမြင့်မားဘဲနဲ့လည်း အရည်အသွေးတည်ဆောက်လို့ မရပါဘူး။ ခံယူချက်ရှိဖို့၊ ခံယူချက်မြင့်မားဖို့ကိစ္စဟာ ထိပ်တန်းက အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

မထသရဲ့အရည်အသွေးကို တည်ဆောက်မယ်ဆိုရင် မထသအဖွဲ့အစည်းမှာပါဝင်တဲ့လူတွေက အရည်အသွေးမြင့်မားဖို့ လိုအပ်တယ်ဆိုတဲ့ ခံယူချက်ရှိဖို့လိုပါတယ်။ ခံယူချက်မရှိရင် စဉ်ဆက်မပြတ် အရည်အသွေးကို တည်ဆောက်လို့မရပါဘူး။ ရေတက်ငါးစင်ရိုင်းလို လုပ်လို့မရပါဘူး။

ရန်ကုန်ခရီးသွားလုပ်ငန်းရဲ့ အရည်အသွေးတို့ တည်ဆောက်ရာမှာ မထသဝန်ထမ်းများက ငါတို့လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ သူတို့ကိုယ်တိုင်ရဲ့ရင်ထဲမှာ ခံယူချက်ရှိရပါမယ်။

ခုန ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ စပယ်ယာတွေကလည်း ဒီကိစ္စကို ငါတို့ကိုယ်တိုင် ပါဝင်တည်ဆောက်မယ်ဆိုတဲ့ ခံယူချက်ရှိရပါမယ်။ မထသအဖွဲ့အစည်းရဲ့ ထိပ်ပိုင်းလောက်မှာပဲ ခံယူချက်ရှိလို့်မရပါဘူး။ ခံယူချက်ဆိုတာက အရင်ကမရှိခဲ့ပေမယ့် အခုမှ ခံယူချက်ရှိဖို့လိုအပ်တယ်ဆိုတာ ယုံကြည်လာရင် ခံယူချက်ကို တည်ဆောက်လို့ရပါတယ်။

ကျွန်မအတွေ့အကြုံတစ်ခုပြောရရင် ၂၀၀၂ ခုနှစ်က ဂျပန်တွေက ကျွန်မတို့နိုင်ငံက စက်ရုံနှစ်ခုမှာလာပြီး အရည်အသွေးတည်ဆောက်မှု ပြုပါတယ်။ ဂျပန်ပညာရှင်တွေက အဲဒီစက်ရုံတွေမှာ နှစ်ပေါက်သင်တန်းပေးပါတယ်။ ဒါလောက် သင်တန်းပေးပါလျက်နဲ့ ဒီစက်ရုံတွေမှာ အားရလောက်အောင် အရည်အသွေးက တက်မလာပါဘူး။ ဒါနဲ့ ဘာကြောင့် အားရလောက်အောင် မတိုးတက်တာလဲဆိုတာကို စက်ရုံက တာဝန်ရှိသူတွေနဲ့ ကျွန်မတို့ဆွေးနွေးကြပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း စက်ရုံထဲမှာ သုံးလလောက်ဆင်းပြီး လေ့လာပါတယ်။ ဒီတော့ ဘာသွားတွေ့လဲဆိုတော့ ပါဝင်ဆောင်ရွက်သူတွေရဲ့စိတ်ဓာတ် Mind-self အရည်အသွေးရှိအောင် တည်ဆောက်မှဖြစ်မယ်၊ တည်ဆောက်ကို တည်ဆောက်မယ်ဆိုတဲ့ ခံယူချက်က အားနည်းနေတော့ စက်ရုံထဲမှာ အရည်အသွေးဆိုတာ ပေါ်မလာဘူး။ အရည်အသွေး တည်ဆောက်ရာမှာ စိတ်ဓာတ်အရေးကြီးပါတယ်။ အရည်အသွေး တည်ဆောက်မှုစိတ်ဓာတ်မြင့်မားလာအောင် ကျွန်မတို့က အင်္ဂါခြောက်ရပ်ကို သွတ်သွင်းရပါတယ်။

ဒါဟာ ဘယ်လိုလုပ်ကြမလဲ၊ ဘာလုပ်ကြမလဲ How to do, What to do ဆိုတဲ့ အဖြေလည်းဖြစ်ပါတယ်။

အဲဒီကိစ္စခြောက်ရပ်ကို ဆက်ပြီးဆွေးနွေးကြတာပေါ့။     ။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။