သုတ

အမေ့ခံ အကျဉ်းသားများ (အပိုင်း – ၂)

By HapEye.net

March 06, 2020

အမေ့ခံ အကျဉ်းသားများ (အပိုင်း – ၂) ~~~~ စစ်ပွဲကို အဆုံးသတ်ပေးပါမည် ဟူသော ကတိများဖြင့် ရစ်ချပ် နစ်ဆင်သည် ၁၉၆၉ ခုနှစ်တွင် သမ္မတ တက်ဖြစ်လာသည်။ သို့သော် စစ်ပွဲက မဆုံး။ နစ်ဆင်က ဗီယက်နမ်မြောက်ပိုင်းကိုသာမက လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကိုပါ ဗုံးတွေ တဝုန်းဝုန်း သွားကြဲနေတော့သည်။ လေယာဉ်မောင်းသမားတွေလည်း များစွာ အဖမ်းခံခဲ့ရရှာသည်။ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို တိုက်ခိုက်ခြင်းသည် တရားမဝင် အရေးယူတိုက်ခိုက်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အမေရိကန် အကျဉ်းသားများ ရှိနေသည်ဆိုလျှင် အစိုးရအနေဖြင့် မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်ပေ။ မြေပြင်ထိုးစစ်များကို လာအိုနှင့် ကမ္ဘောဒီးယားတို့တွင် မပြတ် ဆင်နွှဲနေကြဆဲ ဖြစ်သည်။ အမေရိကန်ပြည်သူတွေအတွက် ပေးဆပ်ရမှုတွေက များလှသည်။ ကျောင်းသားနှင့် အခြားဆန္ဒပြသူတွေက စစ်ပွဲကို လုံးဝရပ်ပစ်ရန် ရာဇသံတွေ ပေးနေပြီ။ ကွန်ဂရက်အနေဖြင့် တုံကင်း ပင်လယ်ကွေ့ အရေးယူမှုကို ရုပ်သိမ်းရန် တောင်းဆိုနေကြသည်။ အမေရိကန်တို့ စစ်ဆင်ခြင်းသည် ငွေကြေးရလိုမှုအတွက် အကြံအဖန်လုပ်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်ပြစ်တင်ကြသည်။

နစ်ဆင်၏ အစိုးရအဖွဲ့သည် စကားလှလှ သုံးကာ ‘ဂုဏ်သိက္ခာရှိရှိ ငြိမ်းချမ်းရေး’ ကို အမြန်ဆုံး အရေးယူပေးမည်ဟု ပြောခဲ့သည်။ ၁၉၇၂ ခုနှစ် ခရစ္စမတ်ထိုးစစ်တွင် အမြန်ဆုံး အရယူပေးမည်ဟု ပြောခဲ့သည်။ ၁၉၇၂ ခုနှစ် ခရစ္စမတ်ထိုးစစ်တွင် နစ်ဆင်အစိုးရသည် ခရစ္စမတ်လက်ဆောင်အဖြစ် ဟနွိုင်ကို ဗုံးတွေ တဝုန်းဝုန်း သွားကြဲတော့သည်။ ဗီယက်နမ်များကို အနုနည်းဖြင့် မရ၊ အကြမ်းနည်းဖြင့် ပြေလည်အောင် ဖြေရှင်းပြီး စားပွဲဝိုင်းကို အရောက်ခေါ်ရန် ဆိုသည့် သမ္မတ၏ ထူးခြားသော စီမံချက် ဖြစ်သည်။

ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက်သည် အမေရိကန်တို့ စစ်ပွဲဖြင့် ကျူးကျော်ဝင်ရောက်မှုကို အဆုံးသတ်စေခဲ့သည်။ ထိုသဘောတူညီချက်ကို ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဆွေးနွေးပွဲတွင် စစ်အကျဉ်းသားများ လဲလှယ်ရေးကိုလည်း သတ်မှတ်ခဲ့ကြသည်။ သို့သော် ပြဿနာက အမေရိကန်တို့ ကျူးကျော်စစ်သည် မကြေညာဘဲ ဖြစ်သည့် စစ်ပွဲဖြစ်သည်။ အမေရိကန်တို့က စစ်ကြေညာခြင်း တစ်ကြိမ်မျှ မပြုခဲ့။ အမေရိကန်သည် အရှေ့တောင်အာရှတွင် ပါဝင်ပက်သက်ခဲ့မှုသည် ရဲအရေးပိုင်သည့် အမှုမျိုးကို ဝင်ရောက်ဆောင်ရွက်သည့် သဘောမျိုး သက်ရောက်နေသည်။ ဂျနီဗာ ညီလာခံ ဆုံးဖြတ်ချက်အရ နှစ်ဖက် ရန်လိုနေသည့် ကာလအတွင်း ကြေညာစစ် မဟုတ်သည့်အတွက် စစ်အကျဉ်းသားများကို စောင့်ကြည့်ပြီး မှတ်တမ်းတင်မှုမျိုးကိုလည်း မလုပ်နိုင်ခဲ့ပေ။

မြောက်ဗီယက်နမ်တို့ကသာ စာရင်းကို မကြာခဏ ထုတ်ပြန်ပေးနေခဲ့သည်။ သို့သော် အမေရိကန်တို့ မျှော်လင့်ထားသည့်စာရင်း၏ ထက်ဝက်ပင် မရှိဟု ဆိုသည်။ အမေရိကန်တို့က ဗီယက်နမ်တို့ ကိုင်ထားသည့် စစ်အကျဉ်းသားတွေ ရှိနေလိမ့်ဦးမည် ဟု ယုံကြည်နေကြသည်။ ကွန်မြူနစ်သတင်းစာများနှင့် ဝါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားများတွင် တွေ့နေရသူများသည် ထုတ်ပြန်သည့်စာရင်းတွင် မပါဝင်သည်ကို ကြည့်ပြီး ထိုသို့ ကောက်ချက်ချခြင်း ဖြစ်သည်။ အမေရိကန်တို့က ကွာဟချက် ရှိကြောင်းသာ အော်နေသည်။ ထိုကွာဟချက်တို့ ပက်သက်ပြီး ဘာတစ်ခုမျှ ဆက်လက်လှုပ်ရှားခြင်းလည်း မတွေ့ရပေ။ ပြည်သူက စစ်ကို ဆန့်ကျင်နေကြပြီ။ ပြင်သစ်ရောက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ဘာမျှလုပ်ဆောင်နိုင်စွမ်း မရှိ ဖြစ်နေသည်။

သိသာစွာ ပေါ်ထွက်လာသည့် အချက်မှာ လာအိုတွင် အမေရိကန် ၆၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း စာရင်းပေါ်ထွက်လာခြင်း ဖြစ်သည်။ အမေရိကန်ပြည်သူတွေက သူတို့ကို ဘာလုပ်မလဲ ဟု မေးကြရာတွင် ဗီယက်နမ်များက သိချင်လျှင် လာအိုတွေ သွားမေးကြည့် ဟု ပြန်ပြောလိုက်လေသည်။ အမေရိကန်တို့သည် တရားဝင် စစ်ကြေညာထားခြင်း မရှိသည့်အတွက် လာအိုတွင်ဖမ်းထားသည့် စစ်အကျဉ်းသားများအရေးသည် ရင်မအေးဖွယ်ရာ ဖြစ်သည်။

အမေရိကန်တို့သည် ဗီယက်နမ်မှ တပ်များ ရုပ်သိမ်းပြီး ထွက်သွားမည်ဆိုစေ လာအိုတို့သည် ပုံမှန်ဆက်ဆံ၍ ရမည်မဖြစ်ကြောင်း မြောက်ဗီယက်နမ်တို့က သဘောပေါက်ထားပြီး ဖြစ်သည်။ ဗီယက်နမ်တို့သည် လာအိုမှ လူကိုးယောက်ကို လွှတ်ပေးလိုက်သည်။ သူတို့ကို မြောက်ဗီယက်နမ်တို့က ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ‘ပသက်လာအို’ ဟု ခေါ်နေသည့် လာအိုကွန်မြူနစ်ပြောက်ကျားတို့ကို မည်သူမျှ စည်းရုံးသိမ်းသွင်းရန် မလွယ်ပေ။ သူတို့က အကျိုးမရှိလျှင် ဘာတစ်ခုမှ လုပ်ချင်ကြသည် မဟုတ်။

ကမ္ဘောဒီးယားတွင် ဖမ်းဆီးရမိထားသူများစာရင်းကို အမြဲထုတ်ပြန်ပေးလေ့ ရှိသည်။ သို့သော် ပိုပေ့ါ၏ ခမာတပ်တွင် အသက်ရှင်ကျန်နေသည့် အမေရိကန်စစ်သား ဘယ်နှယောက် ရှိမှန်း မခန့်မှန်းနိုင်ပေ။ သို့သော် တောင်ဗီယက်နမ်သို့ အကျဉ်းသားများ ပြန်ပို့ရေးကတော့ ပြဿနာတစ်ခု ဖြစ်နေဆဲ။

ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက်တွင် အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရေးအတွက် သတ်မှတ်ချက်များ ပါဝင်သည်။ တောင်ဗီယက်နမ်မှ ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတို့သည် သူတို့ ဖမ်းထားသည့် အမေရိကန်စစ်သားများနှင့် အမေရိကန်တို့ ဖမ်းထားသော သူတို့ပြောက်ကျားများကို အပြန်အလှန် လဲလှယ်ရေးအတွက် စစ်သားများကို လိုက်လံစုဆောင်းနေကြသည်။ သို့သော် အမေရိကန်တွေ တစ်ယောက်မှ ပြန်ရောက်မလာပေ။ ကွန်မြူနစ်တို့ အဖမ်းခံရပြီး အသတ်ခံရနိုင်သလို တောင်ဗီယက်နမ် ကွန်မြူနစ် ဆန့်ကျင်ရေးသမားများလက်သို့ လွှဲပြောင်းပေးလိုက်သည်လည်း ဖြစ်နိုင်သည်။ သို့ဖြစ်ရာ ဗီယက်ကောင်းတို့သည် အမေရိကန် စစ်သားတို့ကို ရသလောက် ကိုင်တွယ်ထိန်းသိမ်းထားလေ့ရှိသည်။

ဟနွိုင်အစိုးရသည် စစ်ပွဲတွင် မအောင်နိုင်ကြောင်း သိမြင်ထားပြီး ဖြစ်သည်။ အမေရိကန်တို့သည် တီဗီပေါ်တွင်သာ အောင်ပွဲတွေ ဆင်ကောင်းဆင်နိုင်မည်။ မီးလောင်နေသည့် ကလေးငယ်များနှင့် နပန်းဗုံးများကြောင့် မီးတောက်လောင်နေသော ရွာများကို ကမ္ဘာ့အမြင်တွင် စစ်ဆိုသည့် အနဋ္ဌာရုံအဖြစ် စွဲကျန်ရစ်ခဲ့သည်။

ပြန်ရောက်လာသည့် အကျဉ်းသားများသည် အထူးကျွေးမွေးပြုစုစောင့်ရှောက်ခံထားရသဖြင့် အခြေအနေ အတော်လေး ကောင်းသူများ ဖြစ်နေသည်။ အမေရိကန်အာဏာပိုင်များက ပြန်ရောက်လာမည့် လေသူရဲများသည် မီးလောင်ခံထားရသူများ၊ ခြေပြတ်လက်ပြတ်များဖြစ်မည်ဟု ထင်ထားသဖြင့် အမေရိကန်ဆေးရုံများကို တပ်လှန့်ထားသည်။ သို့သော် ပြင်ထားသည့် ခုတင်များတွင် တက်မည့်လူနာ တစ်ယောက်မှ မရှိဖြစ်နေသည်။ အမေရိကန် စစ်အကျဉ်းသားများသည် အမေရိကန်နိုင်ငံသို့ အရောက် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ထင်သလို မဟုတ်၊ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေသဖြင့် မှန်းချက်နှင့် နှမ်းထွက် မကိုက် ဆိုသလို မကျေမနပ် ဖြစ်နေသူတွေက ဖြစ်နေကြသည်။

ပြန်ရောက်လာသူများကို ပြန်စစ်ဆေးကြည့်လိုက်သည့်အခါတွင် အထူးလေ့ကျင့်ပေးထားသည့် အကူလေယာဉ်စစ်သည်များကို မတွေ့ရပေ။ သူတို့ကိုယ်တိုင်ပင် သူတို့ရဲဘော်တွေ ဘယ်ရောက်နေမှန်း မသိ။ အစိုးရက သူတို့ကို လူမမာများအဖြစ် နေထိုင်ရန် ပြောထားရသည်။ ပြဿနာကို ကိုင်တွယ်နေကြောင်း ပြသရမည် မဟုတ်ပါလား။

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online