သုတ

အပြောင်းအလဲကို လက်မခံရင် နောက်ကျန်ခဲ့မယ်

By Hnin Oo Wai

August 08, 2020

၁၉၉၀ ခုနှစ်လောက်က ရုံးတွေ၊ ကုမ္ပဏီတွေမှာ ကွန်ပျူတာတွေကို စပြီးသုံးလာတယ်။ အရင်က စာရိုက်တဲ့ လက်နှိပ်စက်စရာမတွေကို ကွန်ပျူတာနဲ့ စာရိုက်တတ်အောင် သင်ကြားပေးကြတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေက တစ်သက်လုံး လက်နှိပ်စက်သုံးလာတာမို့ ကွန်ပျူတာနဲ့ စာမရိုက်ချင်ဘူးဆိုပြီး သင်တန်းတက်ဖို့ ငြင်းဆန်ကြတယ်။ ဒီတော့ သူတို့ ဘာဖြစ်သွားကြသလဲ။ အလုပ်ပြုတ်သွားကြတာပေါ့။ ခေတ်ပြောင်းနေတဲ့ရေစီးကြောင်းမှာ လိုက်ပြီး မမျောပါနိုင်ရင်တော့ ကျန်ရစ်ခဲ့မှာပါပဲ။

အခု အင်တာနက်ခေတ်ဖြစ်နေပြီ။ နေရာတကာမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီ။ စင်ကာပူက Shopping Mall ပစ္စည်းရောင်းတဲ့ ကုန်တိုက်ကြီးတွေ အင်တာနက်ခေတ်ကြီးမှာ ရုန်းကန်နေကြရပြီ။ အရင်ကလူတွေက တရုန်းရုန်းနဲ့ စည်ကားနေကြတဲ့ ကုန်တိုက်ကြီးတွေမှာ ပစ္စည်းဝယ်သူတွေ နည်းလာကြပြီ။ ဘာဖြစ်လို့လဲ။ လူတွေဟာ ကုန်တိုက်ကြီးတွေမှာ ပစ္စည်းမဝယ်ကြတော့ဘဲ eBay, Taobao စတဲ့ အင်တာနက်ကနေ ပစ္စည်းဝယ်နေကြပြီ။ အင်တာနက်မှာ ပစ္စည်းဝယ်ရတာဟာ ဈေးပိုသက်သာသလို ပစ္စည်းကို အိမ်တိုင်ရာရောက် လာပို့ပေးတယ်။ ကုန်တိုက်ကြီးတွေကတော့ ဆိုင်နေရာငှားခဈေးကြီးတာ၊ ပစ္စည်းထားတဲ့ သိုလှောင်ရုံ ငှားစရိတ်ဈေးကြီးတာ၊ ဝန်ထမ်းစရိတ်တွေကြောင့် ရောင်းတဲ့ပစ္စည်းဟာ ဈေးကြီးတယ်။ ကုန်တိုက်မှာ ပစ္စည်းလာဝယ်သူတွေအတွက် ကားပါကင်နေရာ ရှာရခက်တဲ့ ဒုက္ခတစ်ခုလည်း ပါဝင်တယ်။

ဒါကြောင့် ကုန်တိုက်ကြီးတွေဟာ အင်တာနက်က ပစ္စည်းရောင်းတာတွေကို ယှဉ်ပြိုင်နိုင်ဖို့ ပစ္စည်းတွေကို ဈေးလျှော့ရောင်းနေရတယ်။ ပစ္စည်းဝယ်ရင် လက်ဆောင်ပေးတာတွေ လုပ်နေရတယ်။ အဲဒီလိုမလုပ်နိုင်ကြတဲ့ ကုန်တိုက်ကြီးတွေကတော့ မျက်စိအောက်မှာတင်ပဲ တစ်တိုက်ပြီးတစ်တိုက် ပိတ်သွားနေကြရပါပြီ။

ပြောင်းလဲမှု (Change) ဆိုတာကို လက်မခံဘဲ ခေါင်းမာနေရင်တော့ နောက်မှာကျန်ခဲ့မယ်ဆိုတာကို သတိပြုကြစေချင်ပါတယ်။

ခေတ်ပြောင်းတာကို လက်မခံဘဲ အကျင့်မပြောင်းနိုင်တဲ့ ဝန်ထမ်းတွေလည်း သတိပြုစေချင်ပါတယ်။

ဗန်းမော် သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူရေးသားဖော်ပြထားပါသည်။

OpenYourBusinessOnline

ဘဝနေနည်း