အတွေးအခေါ်

အပြစ်ဆိုစရာ ရှိလာခဲ့ပါမူ စပါ ဤနည်း (အပိုင်း – ၂)

By HapEye.net

February 21, 2020

အပြစ်ဆိုစရာ ရှိလာခဲ့ပါမူ စပါ ဤနည်း (အပိုင်း – ၂) ~~~~ အောက်တွင် ဖော်ပြလတ္တံ့သောစာသည် သမ္မတမင်း အေဗရာဟယ်လင်ကွန်း ရေးခဲ့သော ဒုတိယအကျော်ကြားဆုံး စာတစ်စောင်ဖြစ်လေသည်။ (သူ၏ ပထမအကျော်ကြားဆုံးစာသည် စစ်ပွဲတွင် သားငါးယောက်စလုံး ကျဆုံးသွားသောကြောင့် ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြင့် သူတို့၏ မိခင်ဖြစ်သော မစ္စက်ဗစ်ကဇ်ဗီ ထံသို့ ရေးလိုက်သည့်စာ ဖြစ်လေသည်။ အေဗရာဟယ်လင်ကွန်းသည် ထိုစာကိုရေးသည်မှာ ငါးမိနစ်လောက်သာ ကြာကောင်းကြာပေလိမ့်မည်။ သို့ရာတွင် ၁၉၆၂ ခုနှစ် လေလံပွဲတစ်ခုတွင် ထိုစာကို လေလံတင်၍ရောင်းရာ ဒေါ်လာပေါင်း တစ်သောင်းနှစ်ထောင် ရရှိဖူးလေသည်။ အေဗရာဟယ်လင်ကွန်းသည် အလုပ်ပင်ပန်းစွာလုပ်ပြီးနောက် အနှစ် ၅၀ စုသည့်တိုင်အောင် ထိုလောက်ငွေကို ရလိမ့်မည်မဟုတ်ပေ။)

ယခု ဖော်ပြမည်ဖြစ်သော သူ၏ ဒုတိယအကျော်ကြားဆုံးစာကို အမေရိကန်ပြည်တွင်းစစ် သဲသဲမဲမဲ တိုက်ခိုက်နေရစဉ် ၁၈၆၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ရေးထားခဲ့လေသည်။ စစ်ဖြစ်၍ ၁၈ လပတ်လုံးလုံး လင်ကွန်း၏ စစ်ဗိုလ်ချုပ်များသည် တစ်ပွဲပြီးတစ်ပွဲ စစ်ရှုံးလျက်ရှိကြ၏။ စစ်သားများလည်း အလွန်ကျဆုံးလေသည်။ တစ်နိုင်ငံလုံးသည် အလွန်တုပ်လှုပ်ချောက်ချားလျက် ရှိ၏။ စစ်သားများသည် စစ်တပ်များမှ ထွက်ပြေးကြရုံသာမက လင်ကွန်းကို ထောက်ခံလျက်ရှိကြသော ရိပတ်ဗလင် ဂိုဏ်းသား အထက်လွှတ်တော်အမတ်များသည် ထ၍ဆူပူကြပြီးလျှင် လင်ကွန်းကို သမ္မတရာထူးမှ ဖြုတ်ပစ်ချင်ကြ၏။

‘ကျွန်ုပ်တို့သည် ယခုအခါ အကြီးအကျယ် ပျက်စီးလုမတတ် ဖြစ်နေသည်၊ ဘုရားသခင်ကိုယ်တိုင် ကျွန်ုပ်တို့ဘက်တွင် မရှိတော့ဟု ကျွန်ုပ်ထင်မိ၏။ မျှော်လင့်ချက်လုံးလုံး မရှိသလောက် ဖြစ်မိပါသည်’ ဟူ၍ပင် လင်ကွန်းသည် ပြောဆိုဖူးလေသည်။ ထိုအချိန်အခါက သူရေးသောစာကို အဘယ့်ကြောင့် ဖော်ပြရသနည်းဆိုသော် တစ်တိုင်းပြည်လုံး၏ နောင်ရေးသည် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ လုပ်ရည်ကိုင်ရည်ပေါ်တွင် အမှီသဟဲပြုနေရသည့်အချိန်အခါတွင် အလွန်ခေါင်းမာသော ထို စစ်ဗိုလ်ချုပ်ကြီးကို စိတ်ပြောင်းသွားအောင် ထိုစာသည် တတ်စွမ်းနိုင်သောကြောင့်ပင် ဖြစ်လေသည်။

သမ္မတဖြစ်ပြီးနောက် အေဗရာလင်ကွန်းရေးသော စာများထဲတွင် ဤစာသည် အပြင်းအထန်ဆုံးသော စာဖြစ်လေသည်။ သို့ပင်ဖြစ်သော်လည်း ထိုစာထဲတွင် အပြစ်ကြီးများကို ဖော်မပြမီ စစ်ဗိုလ်ချုပ်၏ ကောင်းကြောင်းများကို ချီးကျူးထားကြောင်း သင်သည် တွေ့ရပေလိမ့်မည်။

စစ်ဗိုလ်ချုပ်တွင် အပြစ်ကြီးများ ရှိသည်ကားမှန်၏။ သို့ရာတွင် ထိုအပြစ်ကြီးများကို အပြစ်ကြီးများဟူ၍ လင်ကွန်းသည် ထုတ်ဖော်မရေးချေ။ အပြစ်ကြီးများဟူ၍ ဆိုရမည့်အစား ‘အသင့်အပေါ်တွင် ကျွန်ုပ်ကိုယ်တိုင် လုံးဝ ကျေနပ်ခြင်း မရှိနိုင်သော အချက်အချို့ရှိကြောင်း’ ဟူ၍သာ ရေးသားလေသည်။ စကားသုံးပုံနှင့် ပရိယာယ်ကို ဂရုပြုပါ။

စစ်ဗိုလ်ချုပ် မေဂျာ ဂျင်နရယ်ဟုကားထံသို့ အေဗရာဟယ်လင်ကွန်း ရေးပေးလိုက်သောစာကို အောက်တွင် ဖော်ပြလိုက်ပါသည်။

ပိုတိုမက်စစ်တပ်ကို အုပ်ချုပ်ရန် သင့်ကို ခန့်ထားသော သူသည် ကျွန်ုပ်ပင် ဖြစ်သည်။ အမှန်ပြောရလျှင် ဤကဲ့သို့ ခန့်ထားခြင်းအတွက် ကျွန်ုပ်တွင် လုံလောက်သော အကြောင်းများဟု ထင်မှတ်နိုင်သော အချက်များရှိလေသည်။ သို့ရာတွင် အသင့်အပေါ်တွင် ကျွန်ုပ်ကိုယ်တိုင် လုံးဝကျေနပ်ခြင်းမရှိနိုင်သော အချက်အချို့ရှိကြောင်း သင်သိလျှင် ကောင်းလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။

သင်သည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသော စစ်သားတစ်ယောက် ဖြစ်ကြောင်းကို ကျွန်ုပ်ယုံကြည်၏။ အမှန်ပြောရလျှင် ထို့အတွက်ကြောင့်လည်း အသင့်ကို ကျွန်ုပ်ကို နှစ်သက်ပါ၏။ ထို့ပြင် သင်သည် သင်၏လုပ်ငန်းတွင် နိုင်ငံရေးကို အရောနှောမခံဟူ၍လည်း ကျွန်ုပ် ယုံကြည်ပါ၏။ ဤကဲ့သို့ ပြုလုပ်ခြင်းသည်လည်း မှန်သောလမ်းပင် ဖြစ်၏။ သင်သည် သင်၏အစွမ်းကို စိတ်ချယုံကြည်၏။ ထိုသို့ စိတ်ချယုံကြည်ခြင်းသည် စစ်သားတစ်ယောက်တွင် မရှိလျှင် အရေးမကြီးသော်လည်း အလွန်အဖိုးမတန်သည့် အရည်အချင်းတစ်ခု ဖြစ်လေသည်။

သင့်မှာ မာနရှိလေသည်။ ဤသို့ မာနရှိခြင်းသည် တော်ရုံတန်ရုံဆိုလျှင် အဆိုးထက် အကောင်းကို ဖြစ်နိုင်စေပါသည်။ သို့ရာတွင် စစ်တပ်ကို ဂျင်နရယ်ဗန်းဆိုက် အုပ်ချုပ်စဉ်က သင်၏မာန ဆွဲဆောင်ရာသို့ အသင်လိုက်ပြီးလျှင် ဗန်းဆိုက် လက်နှင့်ရေးသမျှကို ခြေနှင့်ဖျက်သောကြောင့် သင်သည် တစ်တိုင်းပြည်လုံးကို နစ်နာအောင် ပြုလုပ်လိုက်ရုံမျှမက သင်နှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အလွန်မြင့်မြတ်၍ အလေးပြုထိုက်သော စစ်ဗိုလ်တစ်ဦးကိုလည်း အလွန်နစ်နာအောင် လုပ်လိုက်လေသည်။

အစိုးရအဖွဲ့နှင့် စစ်တပ်နှစ်ခုစလုံးတွင် အာဏာရှင်တစ်ဦး လိုသည်ဟူ၍ များမကြာမီက သင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုသည်ဟု ယုံကြည်လောက်သောဌာနမှ ကျွန်ုပ် ကြားသိရသည်။ အမှန်ပြောရလျှင် သင်ပြောသည့်အတိုင်း အာဏာရှင်တစ်ဦး လို၍မဟုတ်။ မလိုသောကြောင့်သာလျှင် စစ်တပ်ကိုအုပ်ချုပ်ရန် သင့်အား ခန့်ထားလိုက်ခြင်း ဖြစ်ပေမည်။

စစ်နိုင်သော စစ်ဗိုလ်ချုပ်များသာလျှင် အာဏာရှင်များအဖြစ် အုပ်စိုးနိုင်လေသည်။ သင့်ထံမှ ကျွန်ုပ်မျှော်လင့်သည်မှာ အသင်စစ်ပွဲနိုင်ရန်ပင် ဖြစ်လေသည်။ စစ်နိုင်သောကြောင့် သင်အာဏာရှင်ဖြစ်လာလျှင် ဖြစ်ပါစေ။ ကျွန်ုပ်တွင်ရှိသော အာဏာကို အဆုံးခံရဲပါသည်။

အခြားစစ်ဗိုလ်ချုပ်များကို ထောက်ခံအားပေးသည့်ထက် လျှော့လည်းမလျှော့ ပိုလည်းမပိုစေဘဲ သင့်ကိုအားပေးရန် အစိုးရအဖွဲ့သည် အစွမ်းကုန်ကြိုးစားမည်ဖြစ်၏။ သင် စစ်ဗိုလ်ချုပ်မဖြစ်မီက စစ်ဗိုလ်ချုပ်များကို လက်အောက်ခံအရာရှိများက အယုံအကြည်ကင်းမဲ့အောင် သင်ကိုယ်တိုင် လှုံ့ဆော်ပေးသော စိတ်ဓာတ်သည် သင် စစ်ဗိုလ်ချုပ်ဖြစ်လာသောအခါ သင့်ကိုပင် ပြန်၍ ဒုက္ခပေးတော့မည်ဟု ကျွန်ုပ် စိုးရိမ်မိ၏။ ဤစိတ်ဓာတ်မျိုး လုံးဝပျောက်ကွယ်သွားအောင် နှိမ်နင်းရာတွင် သင့်ကို ကျွန်ုပ် တတ်အားရှိသရွေ့ ကူညီမည်။

စစ်တပ်ထဲတွင် ဤလိုစိတ်ဓာတ်မျိုးရှိနေသရွေ့ ကာလပတ်လုံး သင်ဖြစ်စေ နပိုလီယန် အသက်ရှင်နေသေးလျှင်လည်း နပိုလီယန်ပင် ဖြစ်စေကာမူ ဤစစ်တပ်မျိုးမှ မည်သည့်အကောင်းကိုမျှ ရအောင်လုပ်နိုင်မည် မဟုတ်ပေ။ စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းကို ကြပ်ကြပ်သတိထားပါ။ သို့ရာတွင် မလျှော့သော လုံ့လဝီရိယဖြင့် ရှေ့သို့ချီတက်ပြီးလျှင် ကျွန်ုပ်တို့အား အောင်မြင်ခြင်းကို ပေးပါလေ့။

သင်သည်လည်း ကူးလစ်မဟုတ်၊ မက်ကင်လီလည်း မဟုတ်၊ လင်ကွန်းလည်းမဟုတ်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း လုပ်နေရသော သင်၏အလုပ်များတွင် ဤနည်းမျိုးကို စမ်း၍ ရမရကို သင်သိချင်ပေလိမ့်မည်။ ကဲ ကြည့်ကြရအောင်။ ရှေးဦးစွာ ဖီလဒယ်ဖီးယားမြို့ရှိ ဝပ်ကုမ္ပဏီ၏ ကိုယ်စားလှယ် ဒဗလျူပီဂေါ၏ အကြောင်းကို ကြည့်ကြစို့။ မစ္စတာ ဂေါသည် သင်နှင့် ကျွန်ုပ်တို့ကဲ့သို့ ရိုးရိုးအရပ်သား ဖြစ်လေသည်။ ဖီလဒယ်ဖီးယားတွင် ကျွန်ုပ်၏အတန်းများကို ဖွင့်လှစ်စဉ်က မစ္စတာဂေါလည်း လာရောက်သင်ကြားဖူး၏။ အောက်ပါအကြောင်းများကို အတန်းသားများအား ပြောပြဖူးလေသည်။

ဖီလဒယ်ဖီးယားတွင် အလုပ်တိုက်ကြီးတစ်တိုက်ကို ချိန်းသောနေ့တွင် အပြီးအပ်ရန် ဝပ်ကုမ္ပဏီသည် လက်ခံလိုက်၏။ အဆောက်အအုံတစ်ခုလုံး ချောချောမောမော ပြီးကာနီးမှ အဆောက်အအုံရှေ့တွင် အလှတပ်ဆင်ရန် ကြေးနီ တန်ဆာပလာကို သွင်းရမည်ဖြစ်သော ကန်ထရိုက်တာသည် ချိန်းထားသည့်အချိန်တွင် သူ့ပစ္စည်းများကို ရောက်အောင် မပို့နိုင်ဟူ၍ ရုတ်တရက် အကြောင်းကြားလေသည်။ သူတစ်ယောက်အတွက်နှင့် တစ်တိုက်လုံး အလုပ်ရပ်ထားရပေတော့မည်။ ဤသို့ ရပ်ထားရ၍ အချိန်နှင့်မပြီးလျှင် လျော်ကြေးငွေ အများကြီး လျော်ရပေတော့မည်။ ဤလိုသာ လျော်ရလျှင် အကြီးအကျယ် ရှုံးတော့မည်။

ထို့ကြောင့် ကျွန်ုပ်တို့ကုမ္ပဏီမှ အဝေးပြောစကားပြောကြေးနန်းဖြင့် ထိုလူ့ထံသို့ စကားပြောရ၏။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ငြင်းခုံကြ၏။ ဆူပူကြ၏။ သို့ရာတွင် ဘယ်နည်းနှင့်မျှ သူပစ္စည်းများကို အချိန်မီရရှိအောင် မကြိုးစားနိုင်ကြချေ။ ထို့ကြောင့် ထိုလူ့ခွစာကို ပျားရည်နှင့် ဝမ်းချရန်အတွက် မစ္စတာဂေါကို နယူးယောက်သို့ လွှတ်လိုက်၏။

‘ဦးလိုနာမည်မျိုး ဘရုကလင်မှာ ဦးတစ်ယောက်တည်းသာ ရှိတယ်ဆိုတာ ဦး သိပါရဲ့လား’ ဟူ၍ ထိုလူ့အခန်းထဲသို့ ဝင်လျှင်ဝင်ချင်း မစ္စတာဂေါသည် စကားစလေသည်။ ‘ဟင့်အင်း မသိဘူး’ ‘ဒီနေ့မနက် မီးရထားက အဆင်းမှာ ဦးရဲ့လိပ်စာကို သိချင်တာနဲ့ တယ်လီဖုန်းစာအုပ်ထဲမှာရှာတော့ ဦးလိုနာမည်မျိုး ဦးတစ်ယောက်တည်းသာ ရှိတဲ့အကြောင်း တွေ့ရပါတယ်’ ‘ဟင့်အင်း အမှတ်တမဲ့ပဲ၊ ဂရုမစိုက်မိဘူး’

ထို့နောက် ထိုလူသည် တယ်လီဖုန်းစာအုပ်ကို စိတ်ပါလက်ပါနှင့် ယူ၍ကြည့်၏။ ထို့နောက်မှ စကားကိုဆက်၍ ‘ဟုတ်တယ်၊ ကျုပ်ရဲ့နာမည်က တော်တော်ထူးတဲ့ နာမည်ဗျ၊ ကျုပ်တို့ဘိုးဘွားတွေဟာ နှစ်ပေါင်း ၂၀၀ ကျော်လောက်ကတည်းက နယူးယောက်ကို ဟော်လန်က ပြောင်းလာခဲ့ကြတာ’ ဟု သူ့အမျိုးပေါ်တွင် ဂုဏ်ယူသောလေသံနှင့် စကားချီပြီးနောက် ထိုဆွေစဉ်မျိုးဆက်တို့အကြောင်းကို အတော်ကြာအောင် ဆက်၍ပြောနေ၏။ သူပြော၍ ပြီးသောအခါ မစ္စတာဂေါသည် သူရောက်ခဲ့ဖူးသော အခြားစက်များနှင့်စာလျှင် ထိုလူ၏စက်သည် အလွန်ကြီးမားကြောင်း၊ ထို့ပြင်လည်း အသန့်ရှင်းဆုံး အသေသပ်ဆုံး ဖြစ်ကြောင်းတို့ကို ချီးကျူးလျက်ရှိ၏။

‘ဒီလိုအခြေအနေမျိုး ရောက်လာအောင် ကျုပ်တစ်သက်လုံး ကြိုးစားပြီး တည်ထောင်ခဲ့ရတာပဲ၊ ဒါကြောင့်မို့လို့ ကျုပ်အလုပ်ပေါ်မှာ ကျုပ်တော်တော်ဂုဏ်ယူပါတယ်၊ စက်ထဲကို လျှောက်ကြည့်ရအောင် လာလေ’ လျှောက်ကြည့်နေစဉ် စက်ဆောက်ထားပုံ သပ်ရပ်ကြောင်း၊ ဘာဖြစ်လို့ ဘယ့်နှယ်ကြောင့် သူစက်ကထွက်သော ပစ္စည်းများသည် အခြားစက်များကထွက်သော ပစ္စည်းများထက် တစ်မျိုးသာကြောင်း အစရှိသည်တို့ကို မစ္စတာဂေါလည်း ချီးကျူးလျက်ရှိ၏။ ထူးထူးခြားခြား ဆောက်လုပ်ထားသော  အချို့စက်များကို တွေ့ရ၍ မစ္စတာဂေါက ချီးမွမ်းသောအခါ ထိုစက်သည် သူကိုယ်တိုင်ထွင်ပြီး ဆောက်ထားတာဟု ထိုလူသည် ပြန်၍ဖြေ၏။ စက်လည်ပုံ အခြားစက်များထက် ပစ္စည်းကောင်းများ အဘယ့်ကြောင့် ထွက်ရပုံတို့ကို မစ္စတာဂေါအား အချိန်အတော်ယူ၍ ပြသလျက်ရှိ၏။ ထိုသို့ပြသပြီးနောက် မစ္စတာဂေါကို နေ့လယ်စာ သူနှင့်အတူစားရန် အတင်းဖိတ်ကြား၏။ ထိုအချိန်အခါထိအောင် လာရသည့်ကိစ္စအကြောင်းနှင့် စပ်လျဉ်း၍ မစ္စတာဂေါသည် တစ်လုံးတစ်ပါဒမျှ မပြောသေးကြောင်းကိုလည်း သတိပြုပါ။

နေ့လယ်စာစားပြီးသောအခါ ထိုလူကပင် စတင်၍ ‘ကဲ ကျုပ်တို့အလုပ်အကြောင်းနှင့် စပ်လျဉ်းပြီး စကားပြောကြရအောင်၊ ခင်ဗျား ဒီကိုဘာကိစ္စနဲ့ လာတယ်ဆိုတာ ကျုပ်သိပါတယ်၊ ခင်ဗျားနဲ့တွေ့စက တစ်ဦးနှင့်တစ်ဦး ဒီလိုအပေါက်အလမ်း တည့်သွားကြလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့ဘူး၊ ကောင်းပြီ၊ ခင်ဗျား ဖီလဒယ်ဖီးယားကို ပြန်သွားပေတော့၊ ကျုပ် ကတိပေးလိုက်မယ်၊ သည့်ပြင်အမှာစာတွေကို ဆိုင်းချင်ဆိုင်းထားပါရစေ၊ ခင်ဗျားတို့ ပစ္စည်းကိုတော့ ချိန်းထားတဲ့ရက်ကို ရောက်အောင် ကျုပ် ဆက်ဆက်ပို့လိုက်မယ်’ ဟု မစ္စတာဂေါကို ပြောလေသည်။

မပြောရဘဲနှင့် မစ္စတာဂေါသည် သူလိုသည့် အရာအားလုံးကို ရရှိ၏။ ပစ္စည်းများလည်း အချိန်မီရောက်လာ၍ အဆောက်အအုံသည်လည်း ရက်ချိန်းအတိုင်း ဆောက်၍ ပြီးစီးသွားလေသည်။

အကယ်၍သာ မစ္စတာဂေါသည် ဒီလိုကိစ္စမျိုးတွင် ခါတိုင်း အသုံးပြုလျက်ရှိကြသည့် တုတ်တစ်ပြက် ဓားတစ်ပြက်နည်းတို့ကို အသုံးပြုလျှင် သူလိုသည့်အမူအရာမျိုးကို ရနိုင်ပါမည်လား။

တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုလျှင် ချီးမွမ်းခြင်း၊ ရိုးသားစွာ ချီးကျူးခြင်းတို့ဖြင့် စပါ ။

အပြစ်ဆိုစရာ ရှိလာခဲ့ပါမူ စပါ ဤနည်း (အပိုင်း – ၂)

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online