အပြစ်ဆိုစရာ ရှိလာခဲ့ပါမူ စပါ ဤနည်း (အပိုင်း – ၁) ကယ်လဗင် ကူးလစ်သည် အမေရိကန်သမ္မတဖြစ်စဉ်က သူငယ်ချင်းတစ်ဦးသည် သမ္မတ၏ဧည့်သည်အဖြစ်ဖြင့် အိမ်တော်တွင် တနင်္ဂနွေတစ်ပတ်မျှ နေခဲ့ဖူးလေသည်။ တစ်နေ့တွင် သမ္မတ၏အလုပ်ခန်းဘက်သို့ အမှတ်တမဲ့ လျှောက်သွားစဉ် ‘ဒီနေ့မနက် ဝတ်လာတဲ့အဝတ်က တယ်လှပါကလားဟေ့၊ ဒီအဝတ်နဲ့ မင်းနဲ့ သိပ်ကြည့်ကောင်းတာပဲ’ ဟု သမ္မတသည် သူ၏အတွင်းရေးမှူး မိန်းကလေးတစ်ဦးအား ပြောဆိုနေသံကို ကျွန်ုပ်၏သူငယ်ချင်းသည် ကြားရလေသည်။
အလွန်စကားနည်းသော သမ္မတကူးလစ်သည် သူ၏ အတွင်းရေးမှူးတစ်ဦးကို ဤသို့ချီးကျူးလိုက်ခြင်းမှာ အများဆုံးချီးကျူးလိုက်ခြင်းမှာ အများဆုံးချီးကျူးခြင်းပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ ပြောပုံမျိုးသည် မကြားစဖူး အလွန်ထူးခြားလှသောကြောင့် သူ၏ အတွင်းရေးမှူးသည် ရှက်ကိုးရှက်ကန်းဖြစ်ပြီးလျှင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလေသည်။ ထိုအခါမှ ‘ကိုင်းလေ၊ ကြောင်တောင်တောင် ဖြစ်မနေနဲ့တော့၊ မင်းစိတ်ရွှင်လာအောင်လို့ ဒီလိုပြောလိုက်တာ၊ မင်းပြောချင်တာကတော့ ဒီနေ့ကစပြီး နောက်ကို စာအရေးအသားမှာ အဖြတ်အတောက်ကို ဂရုစိုက်စမ်းပါကွယ်’ ဟု ကူးလစ်သည် ဆက်ပြောလေသည်။
သူ့နည်းမှာကား ရှင်းလွန်းအားကြီးသည်။ သို့ရာတွင် တစ်ဖက်သား၏ စိတ်ကိုမူကား အတော်ထိခိုက်သောနည်း ဖြစ်လေသည်။ ကျွန်ုပ်တို့၏ ကောင်းကြောင်း ချီးကျူးသံများကို ကြားရပြီးနောက် ကျွန်ုပ်တို့၏အပြစ်များကို ဖော်ပြလျှင် နားထောင်ရသည်မှာ စိတ်သက်သာရာ ရပေမည်ဖြစ်၏။
ဆတ္တာသည်တစ်ဦးသည် လူတစ်ယောက်အား မုတ်ဆိတ်မွေးမရိတ်မီ မုတ်ဆိတ်မွေးများကို ဆပ်ပြာဖြင့် ပွတ်ပေး၏။ ၁၈၆၉ ခုနှစ်က မက်ကင်လေးသည် သမ္မတရာထူးအတွက် ယှဉ်ပြိုင်အရွေးခံစဉ် ဤနည်းကိုပင် အသုံးပြုခဲ့လေသည်။ ထိုအချိန်အခါက သမ္မတဂိုဏ်းသား နာမည်ကြီးတစ်ဦးသည် ရွေးကောက်ပွဲတွင် စကားပြောရန်အတွက် စာတစ်ပုဒ်ကို ရေးသားထားလေသည်။ သူ ရေးထားသောစာကို ဆစ်ဆီရို၊ ပက်ထရစ် ဟင်နရီ၊ ဒယ်နီ ယယ်ဝက်ဘစတား စသော ကမ္ဘာပေါ်ရှိ စကားပြောကောင်းသူများ၏ စကားများအားလုံး ပေါင်းထားခြင်းထက် အနည်းငယ် ပို၍ကောင်းသေးသည်ဟု သူထင်၏။ ထို့ကြောင့် အလွန်ရွှင်လန်းဝမ်းမြောက်စွာဖြင့် သူရေးထားသောစကားကို မက်ကင်လေးသို့ ဖတ်ပြ၏။ သူ့စကားထဲတွင် ပွဲကျလောက်သော အချက်များပါ၏။ သို့ရာတွင် ထိုလောက်နဲ့မရသေး။ ထိုစကားကိုသာ ပြောချလိုက်လျှင် အတော်ဆူပွက်လာဦးမည် ဖြစ်၏။ ထို့ကြောင့် ထိုစကားကိုလည်း ပြောခွင့်မပေးချင်။ မပေးဘဲနေချေက ထိုလူ၏ အလွန်တက်ကြွနေသော စိတ်ဓာတ်များကို ချိုးနှိမ်လိုက်သလို ဖြစ်မည်ကို စိုးရသေး၏။ မက်ကင်လေး လုပ်ပုံနည်းကို ကြည့်ကြဦးစို့။
‘သူငယ်ချင်းရေ သိပ်ကောင်းတာပဲဟေ့၊ ဒါထက် ကောင်းအောင် ဘယ်သူထပ်ပြီး ရေးနိုင်ဦးမလဲ၊ ဒီစကားမျိုးကို ပြောဖို့အချိန်အခါတွေ အများကြီးရှိတယ်၊ အခုလိုအခါမျိုးနဲ့တော့ မတော်သေးဘူးထင်တယ်၊ မင့်ဘက်ကနေ ကြည့်တော့ ဒီအချက်တွေဟာ အကုန်မှန်တာပဲ၊ သို့ပေမယ့် ဒီလိုပြောလိုက်ရင် ဘယ့်နှယ်ဖြစ်လာမယ်ဆိုတာ ပါတီဘက်ကနေပြီးတော့လည်း ကြည့်ရဦးမယ်၊ ကဲ အိမ်ပြန်ပြီးတော့ ငါ ရေးပေးလိုက်တဲ့အချက်တွေပါအောင် အသစ်တစ်ပုဒ် ပြင်ရေးခဲ့ကွာ’ ဟု မက်ကင်လေးသည် ပြောပြီးလျှင် ထိုလူကို ပြန်လွှတ်လိုက်၏။
ထိုလူသည် မက်ကင်လေး ပြောသည့်အတိုင်း အသစ်ပြန်ရေး၏။ ထိုအချိန်မှ အစပြု၍ ထိုသူမှာ ရွေးကောက်ပွဲတွင် စကားပြောအကောင်းဆုံး လူတစ်ယောက် ဖြစ်လာခဲ့လေသည်။
အပြစ်ဆိုစရာ ရှိလာခဲ့ပါမူ စပါ ဤနည်း (အပိုင်း – ၁)