အတွေးအခေါ်

အနုပညာနှင့် စာပေ (ပလေးတိုးနိဒါန်း)

By HapEye.net

February 20, 2020

အနုပညာနှင့် စာပေ (ပလေးတိုးနိဒါန်း) ~~~~ ရှေးခေတ်ဂရိ အနုပညာနှင့်စာပေတို့သည် ဘီစီ ၅ ရာစုမတိုင်မီကပင် ထွန်းကားခဲ့သည်။ ဘီစီငါးရာနောက်ပိုင်းတွင် ပါရှင်စစ်သည်တို့ ဖျက်ဆီးကြသည်ဟု ဆိုသည်။ ဘီစီငါးရာနောက်ပိုင်းတွင် ပါရှင်စစ်သည်တို့ ဖျက်ဆီးကြသည်ဟု ဆိုသည်။ အထူးသဖြင့် အက်သင်းမြို့နိုင်ငံတွင် ပရီကလိမင်းလက်ထက်တွင် အနုပညာလက်ရာနှင့် စာပေတို့သည် ရှေးကထက်သာ၍ ဆန်းကြယ်လာသည်ဟု ဆိုသည်။

ဗိသုကာလက်ရာ

ဂရိအနုပညာများအနက် ဗိသုကာနှင့် ကျောက်ဆတ်တမော့ ပညာနှစ်ရပ်သည် အကျော်စောဆုံး ဖြစ်သည်။ ထိုပညာတို့ကို အီဂျစ်ပြည်မှ ရလာကြသော်လည်း ဂရိတို့လက်တွင် ထူးကဲပြောင်မြောက်လာသည်ဟု ဆိုသည်။ ဂရိတို့သည် နတ်ဒေဝါ ကိုးကွယ်ကြသူများဖြစ်ရာ နတ်ကွန်းတို့ကို ဆောက်ကြသည်။ နတ်ရုပ်တို့ကို ထုကြသည်။ ဆောက်ကြသော နတ်ကွန်းများသည် ကျောက်ဖြင့်ပြီး၍ အလွန်ခံ့ညားတင့်တယ်သည်။ အသန့်အခန့်ကို ပိုကြိုက်သော ရှေးခေတ်ဂရိတို့သည် အဆောက်အအုံ၏ အုတ်ခုံပတ်လည်တွင် တိုင်လုံးတို့ကို ညီညီညာညာစီ၍ ထူကြသည်။ မုခ်မျက်နှာစာ တိုင်လုံးများအထက်တွင် အချိုးကျသော မုခ်ဒုရင်ကို တင်ကြသည်။ မုခ်ဒုရင်အတွင်းတွင် နှစ်သက်ရာ နတ်သား၊ နတ်သမီးဇာတ်ကို ထုကြ၊ ဆတ်ကြသည်။ အိုလံပီယာမြို့၊ ဒယ်လဖီမြို့၊ အက်သင်းမြို့တို့ရှိ နတ်ကွန်းကြီးများသည် ထင်ရှားကျော်စောကြသည်။ အက်သင်းမြို့ရှိ ပါသီနွန်နတ်ကွန်းသည် အထူးကျော်စောသည်။

ပန်းတမော့လက်ရာ

ကျောက်ဆတ်တမော့ ပညာအရာတွင်လည်း ဂရိတို့သည် အလွန်ထူးချွန်သည်။ ဇုနတ်ရုပ်၊ အပေါ်လိုနတ်ရုပ်၊ အာသီနနတ်သမီးရုပ်တို့သည် ကျော်စောသည်။ ဂရိတမော့ဆရာတို့သည် နတ်ရုပ်များကိုသာမက အားကစားတွင် အောင်ပန်းပန်ကြသူများကိုလည်းကောင်း၊ စစ်အောင်သော ဗိုလ်ချုပ်၊ ဗိုလ်မှူးများကိုလည်းကောင်း၊ ပညာရှိများကိုလည်းကောင်း၊ ကဗျာဆရာ၊ ပြဇာတ်ဆရာများကိုလည်းကောင်း ချီးကျူးလိုသဖြင့် တမော့ရုပ် အများအပြားထုကြသည်။ ထိုမျှသာမက ဂရိတို့ဓလေ့ဘာသာအလိုက် နေထိုင်ကြပုံ၊ အလုပ်လုပ်ကိုင်ကြပုံတို့ကိုလည်း တမော့ရုပ်ထုကြသည်။ ဂရိတမော့ပညာ၏ ထူးခြားချက်တစ်ခုသည် မျက်မြင်သဘာဝကို ဦးစားပေးလျက် မျက်မြင်ဘက်သို့လှည့်၍ သရုပ်ဖော်တတ်ခြင်း ဖြစ်သည်။ ပါရှင်စစ်သည်တို့ကို အောင်နိုင်ရာဖြစ်သော မာရသွန်တိုက်ပွဲအကြောင်းကို ပန်းချီဖြင့် သရုပ်ဖော်ထားပုံသည် ထိုခေတ်ဂရိတို့အဖို့ တိုင်းချစ်ပြည်ချစ်စိတ် တက်ကြွစရာ အနုပညာဖြစ်သည်ဟု ဆိုကြသည်။

မဟာကဗျာ

ဂရိစာပေသည် ဆော့ခရတ္တိတို့ခေတ် မတိုင်မီကပင် ထွန်းကားခဲ့သည်။ အထူးသဖြင့် စာဆိုဟိုးမား၏ ‘အိလိယက်’ နှင့် ‘အော့ဒီဆီ’ မဟာကဗျာနှစ်ပုဒ်သည် ကျော်စောသည်။ ထိုမဟာကဗျာနှစ်ပုဒ်ကို ရှေးခေတ် အိန္ဒိယ၊ မဇ္ဇျိမဒေသတွင် ရာမာယဏကဗျာနှင့် မဟာဘာရတကဗျာ နှစ်ပုဒ်ကို ကြည်ညိုလေးစားကြသကဲ့သို့ ဂရိဒေသတို့တွင် လေးစားကြည်ညိုကြသည်။ အိလိယက်ကဗျာသည် နတ်မျိုးနွယ် အာဇာနည် အာခိလိ၏ သတ္တိဗျတ္တိကို ချီးကျူးသောကဗျာ ဖြစ်သည်။ ဇာတ်လမ်းတွင် လူ့ကိစ္စ အမှားအမှန် အကောင်းအဆိုး အမျိုးမျိုးနှင့် ကြုံကြရသဖြင့် တုံ့ပြန်ဖြစ်ပေါ်လာတတ်ကြသော မင်း၊ မိဘ၊ သားသမီး၊ အဆွေခင်ပွန်း၊ ရဲဘော်ကောင်း စသည်တို့၏ ကံသုံးပါးအမူအရာတို့ကို နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့ထားသည်။ နိဂုံးတွင် အာခိလိ၏မာနကြောင့် အာခိလိပျက်စီးရပုံကို နောင်တသံဝေဂရစရာဖြစ်အောင် ဖွဲ့ခဲ့သည်။ အော့ဒီဆီကဗျာသည် တစ်ပြည်ရပ်ခြား တိုင်းတစ်ပါးသို့ ရောက်နေသော အာဇာနည် အော့ဒီဆိယ၏ သတ္တိဗျတ္တိကို ချီးကျူးသောကဗျာ ဖြစ်သည်။ မိမိ၏ တိုင်းပြည်သို့ ပြန်လာရာလမ်းတွင် ဘေးရန်အမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် ကာယဗလ၊ ဉာဏဗလ အသုံးပြု၍ လွတ်မြောက်အောင် အားထုတ်ခဲ့ရပုံတို့ကို နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့ထားသည်။ နိဂုံးတွင် အော့ဒိဆိယ၏မိဖုရားကြီး သစ္စာစောင့်ပုံ၊ မင်း မိဖုရား ပြန်တွေ့ကြပုံတို့ကို ဝမ်းမြောက်အားတက်စရာ ဖြစ်အောင် ဖွဲ့ထားသည်။

ထို့နောက် စာဆို ဟိဆိအော့ ၏ အနုသာသန မဟာကဗျာ ရှိသေးသည်။ ထိုကဗျာသည် သာမန်ဆင်းရဲသား လယ်သမားတို့အကြောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးနည်းနာများကိုလည်းကောင်း၊ အဆုံးအမသြဝါဒတို့ကိုလည်းကောင်း ဖွဲ့သည်ဟု ဆိုသည်။ ဘီစီ ၅ ရာစုပိုင်းတွင် အမျိုးသမီး စာဆိုဆက်ဖိုး၏ တေးကဗျာများသည် ကျော်စောသည်။ အားကစားပွဲများတွင် အောင်ပွဲရကြသူများကို ချီးကျူးဖွဲ့ဆိုလေ့ရှိသော စာဆို ပင်ဒါ၏ ကဗျာများလည်း ကျော်စောသည်။

ပြဇာတ်

၅ ရာစု၊ ၄ ရာစုခေတ်တွင် အကျော်စောဆုံးဖြစ်သော စာပေ သည် ပြဇာတ်နှင့် ရာဇဝင်စကားပြေတို့ ဖြစ်သည်။ ပြဇာတ်ကို နတ်ဒေဝါပူဇော်ပွဲများ ကျင်းပချိန်တွင် ခင်းကျင်းပြသလေ့ရှိသည်။ ပြဇာတ်ဆရာများသည် အများအားဖြင့် နတ်ဒေဝါများအကြောင်းသော်လည်းကောင်း၊ နတ်မျိုးနွယ်မင်းများအကြောင်းသော်လည်းကောင်း ဇာတ်ရေးလေ့ရှိကြသည်။ ဇာတ်လမ်းများတွင် ခေါင်းဆောင်ဇာတ်လိုက်သည် ရှေးဦးစွာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ပုံ၊ ထို့နောက် ထိုပြစ်မှုမှလွတ်အောင် ရုန်းကန်ပုံ၊ နောက်ဆုံးတွင် ထိုပြစ်မှုကို မရှောင်နိုင်ရှာဘဲ ဘေးဒဏ်သင့်ပုံတို့ကို သရုပ်ဖော်လေ့ရှိသည်။ ရည်ရွယ်ချက်မှာ ထိုသို့သော ပြဇာတ်မျိုးဖြင့် ပွဲကြည့်ပရိသတ်၏စိတ်တွင် ကရုဏာရသ အတွေ့အကြုံနှင့် ဘယာနကရသ အတွေ့အကြုံတို့ကို ဖြစ်စေပြီးလျှင် စိတ်ဆိုးစိတ်ညစ်တို့ကို ဆေးကြောသုတ်သင်ပေးရန် ဖြစ်သည်။ ခင်းကျင်းပြသပုံသည် ခပ်စောစောပိုင်းတွင် ကဗျာရွတ်ဆိုပွဲဆန်သည်ဟု ဆိုသည်။ ဂရိတို့၏ ဇာတ်စင်သည် လဟာပြင် မြေဝိုင်း ဖြစ်သည်။

ထိုခေတ်တွင် အစ္စခိလ၊ ဆော့ဖကလိ၊ ယူရိပိဒိ၊ အရစ္စတိုဖန္နိ တို့သည် ကျော်စောသော ပြဇာတ်ဆရာကြီးများလည်း ဖြစ်သည်။ ပထမသုံးဦးသည် အဆွေးဇာတ်ဆရာဖြစ်၍ အရစ္စတိုဖန္နိသည် အသောဇာတ်ဆရာ ဖြစ်သည်။ အရစ္စတိုဖန္နိသည် အက်သင်းနယ်ချဲ့ဝါဒကိုလည်းကောင်း၊ စစ်မက်လိုလားမှုကိုလည်းကောင်း၊ ဆိုဖီဆရာအချို့၏ ခေတ်ရှေ့ပြေး အတွေးအယူတို့ကိုလည်းကောင်း ပြက်ရယ်ပြု၍ အက်သင်းပြည်သူပြည်သား လူအများ၏ ဒုက္ခတို့ကို ကရုဏာဖြစ်ကြအောင် ဇာတ်ရေးတတ်သည်ဟု ဆိုသည်။

ရာဇဝင်

စကားပြေအရာတွင် ဟိရော့ဒတ္တ နှင့် သူစီဒိဒီ တို့သည် ထင်ရှားသူများ ဖြစ်သည်။ နှစ်ဦးစလုံးပင် ရာဇဝင်ကို ရေးကြသည်။ ဟိရော့ဒတ္တသည် ဂရိတို့ဒေသတွင်သာမက တိုင်းတစ်ပါးတို့တွင်လည်း ခရီးလှည့်လည်၍ မိမိတွေ့သမျှ၊ မြင်သမျှ၊ ကြားသမျှတို့ကို စုဆောင်း မှတ်သားခဲ့ပြီးနောက် ရာဇဝင်ရေးသည်။ ဂရိနှင့် ပါရှင်တို့ တိုက်ပွဲအကြောင်းအထိ ရေးသည်။ သူ စီဒိဒီသည် ဂရိအမျိုးသားချင်းတိုက်ခိုက်ကြသော ပဲလပါနိုဆ စစ်ပွဲများ အကြောင်းကို ရေးသည်။ သူစီဒိဒီ၏ ထူးခြားချက်သည် သမိုင်းကြောင်း အဖြစ်အပျက်တို့ကို တင်ပြရာတွင် အကြောင်းအကျိုးဆက်နေပုံကို အလေးပေး၍ ရေးတတ်ခြင်း ဖြစ်သည်။ ပရီကလိမင်း၏ နယ်ချဲ့မှုသည် အကြောင်းဖြစ်၍ အက်သင်းကျဆုံးရခြင်းသည် အကျိုးဖြစ်၏ဟူသော သဘောကို ပေါ်လွင်ထင်ရှားအောင် ရေးနိုင်သည်။

ပြဇာတ်ဆရာများဖြစ်သော ဆော့ဖကလိ၊ ယူရိပိဒိ၊ အရစ္စတိုဖန္နိတို့သည် လည်းကောင်း၊ ရာဇဝင်ဆရာကြီးများဖြစ်ကြသော ဟိရော့ဒတ္တနှင့် သူစီဒိဒီတို့သည်လည်းကောင်း ဆော့ခရတ္တိ၊ ပလေးတိုးနှင့် ခေတ်ပြိုင်ဖြစ်ကြသည်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online