ဘဝနေနည်း

အချိန်အကြာကြီး ထိုင်ရခြင်းကြောင့် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများ

By Hnin Oo Wai

August 10, 2020

အချိန်အကြာကြီး ထိုင်ရခြင်းကြောင့် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများ

ယနေ့ခေတ်အခြေအနေအရ အလုပ်လုပ်နေသူအများစုဟာ တစ်နေ့ကို ရှစ်နာရီလောက် နေ့စဉ်ထိုင်ပြီး အလုပ်လုပ်နေကြရပါတယ်။ စားပွဲပေါ်မှာထိုင်ပြီး အလုပ်လုပ်ရတာ၊ ကားမောင်းရတာ၊ တီဗီကြည့်ချိန်တွေပါ အပါအဝင်ပေါ့။ နေ့စဉ်နေ့တိုင်း ထိုင်ရချိန်များတာက နာတာရှည် ခါးနောက်ကျောနာရောဂါ၊ ကိုယ်ဟန်အနေအထား ချို့ယွင်းတာအပါအဝင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေရရှိနိုင်တဲ့အပြင် အဝလွန်တာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်နိုင်ခြေများလာတတ်ပါတယ်။ ကျွမ်းကျင်သူတွေ တွေ့ရှိထားတဲ့ အထိုင်များတဲ့ပုံစံကြောင့် ဖြစ်ပေါ်နိုင်မယ့် ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မှန်ကန်စွာ ထိုင်နည်းသင်ဟာ မကြာခဏထိုင်ပြီး အလုပ်လုပ်ရသူ ဖြစ်ရင် ထိုင်နည်းမှန်ကန်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်း မတ်မတ်ထိုင်ရပါမယ်။ ပခုံးကို ဖြေလျှော့ ထားရပါမယ်။ ရှေ့သို့ မကုန်းရပါ။ လက်မောင်းက ခန္ဓာကိုယ်ဘေးနဲ့ ကပ်ထားရပါမယ်။ တံတောင်ဆစ်က ၉၀ ဒီဂရီ ကွေးထားရပါမယ်။ ခါးနောက်အောက်ပိုင်းအတွက် အထောက်အပံ့ ကောင်းကောင်းရှိရပါမယ်။ ခြေဖဝါးက ကြမ်းပြင်နဲ့ ထိနေရပါမယ်။

ပခုံး၊ ကုပ်နဲ့ ဦးနှောက်ပြဿနာ ဖြစ်ခြင်းသင့်ခန္ဓာကိုယ်က လှုပ်ရှားနေတဲ့အခါမှာ သင့်ဦးနှောက်ထဲကို သွေးစီးဆင်းမှုကောင်းမွန်လာပြီး အောက်ဆီဂျင်လည်း ပိုမိုရရှိနိုင်တဲ့အတွက် ဦးနှောက်က အမြဲတမ်းကြဉ်လင်နေပြီး ထက်မြက်နိုင်ပါတယ်။ ဒါပေမဲ့ အကြာကြီး ထိုင်နေတာကြောင့် ဦးနှောက်အတွင်း အောက်ဆီဂျင်ပြည့်ဝနေတဲ့သွေးတွေ ရောက်ရှိမှု နှေးကွေးသွားတဲ့အတွက် အရင်ကလောက် တွေးခေါ်နိုင်စွမ်းတွေက ထက်ထက်မြက်မြက် မရှိနိုင်တော့ပါဘူး။

ဒါ့အပြင် ကွန်ပျူတာကို ရှေ့ကုန်းပြီး နေ့စဉ်စိုက်ကြည့်နေရတဲ့အတွက် ကုပ်ကျောရိုးတွေပေါ်မှာ ဖိအားသက်ရောက်မှု များပြားလာနိုင်ကာ ဇက်ကြောတက်တဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ကီးဘုတ်ပေါ်မှာ ကုန်းပြီး စာရိုက်ရတဲ့အတွက် ရေရှည်မှာ ပခုံးနဲ့ နောက်ကျောရိုးကြွက်သားတွေ ပျက်စီးလာနိုင်ပါတယ်။

နောက်ကျောရိုးမှာ ပြဿနာဖြစ်ခြင်းအထိုင်များတဲ့ အခြေအနေကြောင့် သိသာတဲ့ ဆိုးကျိုးတစ်ခုကတော့ ခါးနောက်ကျောနာကျင်တဲ့ဝေဒနာရရှိတာပဲ ဖြစ်ပါတယ်။ အထိုင်များတဲ့သူတွေအနေနဲ့ အချိန်ကြာမြင့်လာတာနဲ့အမျှ ခါးရဲ့ ကွေးနိုင်ဆန့်နိုင်အားတွေ လျော့နည်းလာပါတယ်။ ဥပမာအားဖြင့် ရှူးဖိနပ်ကြိုးချည်တာနဲ့ ကော်ဖီခွက်ကို ကုန်းယူတာလိုမျိုး လှုပ်ရှားမှုတွေမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ အထိုင်များတဲ့သူတွေမှာ ခါးနောက်ကျောရိုး တစ်ခုနဲ့တစ်ခုကြားထဲက ချပ်ပြားတွေရဲ့ ကူရှင်လိုလုပ်နိုင်စွမ်းတွေ ကျဆင်းလာသလို နောက်ကျောရိုးကို ထောက်ပံ့ပေးတဲ့အရွတ်တွေ၊ အရိုးနုတွေမှာ ကော်လာဂျင်တွေ စုဆောင်းမှုဖြစ်လာပြီး ပျက်စီးလာတာကြောင့်ပါ။ ဒီလိုလူတွေမှာ ကျောရိုးကျွံကျတဲ့ ပြဿနာတွေဖြစ်နိုင်ခြေ မြင့်မားပါတယ်။ လှုပ်လှုပ်ရှားရှားနေတာကြောင့် နောက်ကျောရိုးကြွက်သားတွေမှာ သွေးလှည့်ပတ်မှုတွေ ကောင်းမွန်စွာရရှိလာပြီး ကြွက်သားကျုံ့နိုင်ဆံ့နိုင်စွမ်းတွေ ပိုမိုကောင်းမွန်လာပါတယ်။

ကြွက်သားပျက်စီးနိုင်ခြင်းသင်ထိုင်တဲ့အခါမှာ သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို အသုံးမပြုရပါဘူး။ ဝမ်းဗိုက်ကြွက်သားတွေကို အသုံးမပြုဖန်များလာတဲ့အခါမှာ နောက်ကျောရိုးက ပိုမိုပြီး ကောက်ကွေးသွားပါတယ်။ ဒါ့အပြင် အချိန်အကြာကြီး ထိုင်တာကြောင့် နောက်ကျောရိုးနဲ့ တင်ပဆုံရဲ့ ကွေးနိုင်ဆန့်နိုင်အားတွေ လျော့သွားပါတယ်။ တင်ပဆုံကြွက်သားတွေ ကွေးနိုင်ဆန့်နိုင်အား လျော့သွားတဲ့အတွက် ကြွက်သားတွေက တောင့်တင်းပြီး တိုဝင်သွားတတ်ပါတယ်။ အချိန်အကြာကြီးထိုင်ရတာကြောင့် တင်ပဆုံကြွက်သားတွေလည်း ထိခိုက်နိုင်ပါတယ်။

ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်ခြင်းအချိန်အကြာကြီးထိုင်နေရပြီး လှုပ်လှုပ်ရှားရှားမနေရတာကြောင့် ခန္ဓာကိုယ်အတွင်း အင်ဆူလင်ထုတ်လုပ်မှုတွေများလာပြီး ကိုယ်တွင်းအင်္ဂါအတွင်း သွေးရောက်ရှိမှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံရှိသူတွေမှာ အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါနဲ့ နှလုံးရောဂါတွေ ဖြစ်တတ်ကြပါတယ်။

အထိုင်များတတ်သူတွေရဲ့ ကြွက်သားတွေဟာ အဆီလောင်ကျွမ်းနိုင်စွမ်း လျော့နည်းသွားတဲ့အပြင် သွေးလည်ပတ်မှုလည်း လျော့နည်းတဲ့အတွက် နှလုံးအတွင်း သွေးခဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထိုင်များသူတွေဟာ သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စထရောမြင့်မားတာတွေနဲ့ ဆက်စပ်မှုရှိတတ်တဲ့အတွက် သူတို့တစ်တွေက လှုပ်လှုပ်ရှားရှားနေသူတွေထက် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနှစ်ဆခန့် ပိုမိုမြင့်မားလာပါတယ်။

အထိုင်များသူတွေရဲ့ မုန့်ချိုအိတ်ကလည်း အင်ဆူလင်ထုတ်လုပ်မှုတွေ ပိုမိုများပြားလာတဲ့အတွက် ဆီးချိုရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ လေ့လာမှုအရ အချိန်အကြာကြီး ထိုင်နေတဲ့ရက်ဟာ တစ်ရက်တည်းဖြစ်နေရင်တောင်မှ အင်ဆူလင်ကို တုံ့ပြန်နိုင်အားကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုအများအပြားအရ အချိန်အကြာကြီး ထိုင်သူတွေက အူမကြီး၊ သားမြတ်နဲ့ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။

လှုပ်လှုပ်ရှားရှားနေသူတွေမှာတော့ ခန္ဓာကိုယ်အတွင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့ စွမ်းအင်တွေ ပိုမိုထက်မြက်လာနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ ကင်ဆာလိုမျိုးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ခြေထောက် ပြဿနာဖြစ်ခြင်းခြေထောက်အတွင်း သွေးရောက်ရှိမှု နည်းသွားတဲ့အတွက် ခြေထောက်မှာလည်း ပြဿနာဖြစ်လာနိုင်ပါတယ်။ သွေးလှည့်ပတ်မှုမကောင်းတာကြောင့် ခြေချင်းဝတ်တစ်ဝိုက်မှာ သွေးတွေ စုဆောင်းပြီး ရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။ ခြေထောက်အတွင်း သွေးခဲမှုတွေနဲ့ သွေးပြန်ကြောဖောင်းကားမှုတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုမရှိတော့တာကြောင့် ခြေထောက်အရိုးတွေကလည်း မြန်မြန်ပျက်စီးသွားနိုင်ပါတယ်။

သေနှုန်း မြင့်တက်ခြင်းတီဗီကြည့်ချိန်များသူတွေကို ရှစ်နှစ်ခွဲလေ့လာမှုအရ သူတို့တစ်တွေဟာ တစ်နေ့ကို တစ်နာရီသာ တီဗီကြည့်သူတွေထက် သေဆုံးနိုင်ခြေ ၆၁ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Tips!

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။