စီးပွားရေး

အချင်းချင်းဆက်သွယ်ဆောင်ရွက်ရေးနဲ့ ကုမ္ပဏီတန်ဖိုးထားတဲ့ကိစ္စများကို အများသိအောင် ကြေညာပေးရေး

By HapEye.net

June 03, 2020

ကုမ္ပဏီရဲ့ လုပ်ငန်းဌာနအသီးသီးက အဓိကဝန်ထမ်းတွေနဲ့ အစည်းအဝေးတွေ ပုံမှန်ပြုလုပ်ပေးသင့်တယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် သိရှိသင်ကြားစရာတွေကို ပိုမိုသိရှိနားလည်လာနိုင်ကြမှာဖြစ်တယ်။ လုပ်ငန်းအောင်မြင်ဖို့ အတွက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေကို ချမှတ်လာနိုင်တယ်။ ကြားခံ နေတဲ့ အဟန့်အတားတွေလည်း ပပျောက်သွားနိုင်တယ်။ ဒါ့အပြင် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရာမှာလည်း အကျိုးရလဒ်တွေ ပိုရလာနိုင်ကြမှာ ဖြစ်တယ်။ အချင်းချင်းထိဝှက်ထားတာတွေမရှိဘဲ ” ပွင့်လင်း ” လာကြတဲ့ အတွက် ဘယ်နေရာမှာ ဘာတွေအားသာချက်ရှိနေတယ်၊ ဘယ်နေရာတွေ မှာတော့ အားနည်းချက်ရှိနေတယ်ဆိုတာ သိမြင်ဖို့ ပိုလွယ်ကူလာစေနိုင်ပါ တယ်။ 

အယူအဆ       GE ( General Electric ) ကုမ္ပဏီဟာ ၁၉၈၀ ပြည့်လွန် ဆယ်နှစ်တာမျှ ကာလတုန်းက လုပ်ငန်းတွေကျဆင်းသွားလို့ ကုမ္ပဏီရဲ့ဖွဲ့စည်းပုံကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ရတယ်။ သူ့ရဲ့လက်အောက်ခံ ကုမ္ပဏီနှစ်ရာကျော်ရှိ လုပ်ငန်းတွေကို စွန့်လွှတ်ပစ်ခဲ့ရတယ်။ ဝန်ထမ်းတွေ တစ်လှေကြီး ( ၁၃၅,၀၀၀ ) ခန့်ကို အလုပ်မှ ရပ်ဆိုင်းပစ်ခဲ့ရတယ်။ ဒီအခြေအနေမှာ GE ရဲ့ CEO ( Jack Welch ) ဟာ ကုမ္ပဏီရဲ့ ကောင်းကွက်တွေ၊ တန်ဖိုးထားရတဲ့ အချက်အလက်တွေကို ဝန်ထမ်းတွေသိအောင် ရှင်းရှင်းလင်းလင်း တင်ပြပေးတယ်။ အဲဒီလိုရှင်းရှင်းလင်းလင်း နားလည်အောင်တင်ပြပေးတဲ့စကားတွေကို ဝန်ထမ်းတွေက အခါတိုင်းထက်ပိုမိုစိတ်ဝင်စားနားထောင်လာကြတယ်။ အကျိုးဆက်အဖြစ် ကုမ္ပဏီဟာ ရုံးလုပ်ငန်းဆန်ဆန် စာအုပ်ကြီး အတိုင်း လုပ်တာမျိုးတွေ နည်းလာတယ်။ Jack Welch ပြောတဲ့ ကုမ္ပဏီမှာ ဝန်ထမ်းတွေအချင်းချင်း လုပ်ငန်းအရ ဆက်ဆံဆောင်ရွက်ရာမှာ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးရှင်းရှင်းရှိရေးဆိုတဲ့အချက်တွေကို အထူးအလေးထားဆောင်ရွက်လာကြတယ်။    Jack Welch ဟာ သူ့ရဲ့အယူအဆကို ပိုပြီးရှင်းသွားအောင် သူကိုယ်တိုင် ကုမ္ပဏီရဲ့လုပ်ငန်းတာဝန်အမျိုးမျိုးက အဓိကကျတဲ့ မန်နေဂျာတွေကိုခေါ်ပြီး ရပ်ကွက်ပေါင်းစုံပါဝင်တဲ့ မြို့နယ်တွေကို အစည်းအဝေးလုပ်ပေးတယ်။ ဒီအစည်းအဝေးတွေမှာ ခက်ခဲတဲ့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း အချင်းချင်းသင်ယူတတ်မြောက်လာအောင်လည်း ဖန်တီးထားသလို ဖြစ်သွားတယ်။ ဒါကြောင့် ၁၉၈၀ ပြည့်လွန် ဆယ်နှစ်တာမျှကာလအတွင်း GE ရဲ့ ကမ္ဘာအရပ်ရပ်ရှိ မန်နေဂျာဝန်ထမ်းအချင်းချင်း ပုန်းလျှိုးဝှက်လျှိုးလုပ်ရတဲ့ နေရာတွေ နည်းနည်းလာတယ်။    အထက်ပါအတိုင်း CEO ရဲ့ အမြဲတမ်းတဖွဖွပြောကြားချက်တွေကို စိတ်ရှည်စွာ နားထောင်ခဲ့ကြသူတွေဟာ အဲဒီ CEO ရဲ့ စကားတွေကိုလည်း တစ်ဆင့်ဖောက်သည်ချလာနိုင်ကြတယ်။ CEO ( Jack Welch ) ဟာ သူ့ရဲ့ ဝန်ထမ်းအချင်းချင်း ကွန်ရက်သဖွယ်ဆက်သွယ်ဆောင်ရွက်တဲ့အလုပ်တွေကို အများအားဖြင့် GE ရဲ့ Crontoville ဆိုတဲ့ နေရာမှာ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်မှာ လက်တွေ့ဆောင်ရွက်ခဲ့တယ်။ အဲဒီတက္ကသိုလ်မှာ သူဟာ သူ့ရဲ့အချိန် ၅၀ ရာခိုင်နှုန်းကို စဉ်ဆက်မပြတ်သင်ကြားပို့ချခြင်းနဲ့ သူများတွေဆီကလည်း သင်ယူဆည်းပူးခြင်းအားဖြင့် ကုန်လွန်စေခဲ့ပါတယ်။

လက်တွေ့ဆောင်ရွက်ရန်    စာအုပ်ကြီးအတိုင်းလုပ်တဲ့ အကျင့်ကိုလျှော့ပါ။ ဒါမှ ကုမ္ပဏီအတွင်း အချင်းချင်းထင်သာမြင်သာရှိပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။    ကုမ္ပဏီရဲ့လုပ်ငန်းအသီးသီးမှာ ဘယ်ဝန်ထမ်းတွေဟာ အဓိကကျ သလဲဆိုတာ သိအောင်လုပ်ပါ။ အယူအဆတွေ အချင်းချင်းဖလှယ်ကြဖို့၊ ပြဿနာတွေ တင်ပြဖို့နဲ့ လုပ်ငန်းအောင်မြင်ရေးနည်းလမ်းတွေ ရှာဖွေနိုင်ဖို့ အတွက် ပုံမှန်အစည်းအဝေးတွေ လုပ်ပေးပါ။    ဆန်းသစ်တီထွင်ရာမှာလည်း ပြဿနာကို ပြဿနာမှန်းသိတတ်တဲ့ အရည်အချင်းမှာ ဘယ်ဝန်ထမ်းက အတော်ဆုံးလဲ၊ ဘယ်ဝန်ထမ်းကအညံ့ဆုံးလဲဆိုတာ အထက်က ကြေညာတဲ့အစည်းအဝေးတွေအရ ခန့်မှန်းသိရှိ နိုင်တယ်။ လုပ်ငန်းတွင်း တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီစဉ်ထားပါ။ သိသင့်တာတွေ မြန်မြန်သိသွားအောင်နဲ့ အယူအဆအကြံ ဉာဏ်တွေကိုလည်း အမြန်အကောင်ထည်ဖော်နိုင်ဖို့ဖြစ်တယ်။ ဒီအတွက် လုပ်ငန်းရှင်အသီးသီးက ကိုယ်စားလှယ်တွေကိုခေါ်ပြီး အစည်းအဝေးတက် ခိုင်းဖို့ ဖိတ်ကြားတာမျိုးလည်း လုပ်ဖို့လိုတတ်တယ်။ ဥပမာအားဖြင့် နည်းပညာဆိုင်ရာဝန်ထမ်းတွေကို အစည်းအဝေးသီးသန့်၊ ဈေးကွက်ရှာတဲ့ တာဝန်နဲ့ဆိုင်တဲ့ဝန်ထမ်းတွေကို အစည်းအဝေးသတ်သတ်လုပ်ကြမယ့်အစား သူတို့တစ်တွေ အားလုံးစုပြီး အယူအဆတွေ၊ အကြံဉာဏ်တွေကို ဆွေးနွေးနိုင်အောင် စီစဉ်ပေးပါ။ ဒီအခါ ကုမ္ပဏီတစ်ခုလုံးအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပိုပြီး ပီပီပြင်ပြင် မြင်လာနိုင်တယ်။    ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ မိမိတို့ရဲ့ မန်နေဂျာတွေကိုလည်း ပုံမှန် အစည်းအဝေးလုပ်ပေးပါ။ စတင်အကောင်ထည်ဖော်ရတော့မယ့်ကိစ္စတွေကို အားလုံးအညီအညွတ်သဘောတူကြကြောင်း၊ ဘာကို အကောင်အထည်ဖော်ရမယ်ဆိုတာကိုလည်း နားလည်ကြောင်း သေသေချာချာသိရဖို့ ဖြစ်တယ်။ ကုမ္ပဏီရဲ့ စတင်အကောင်အထည်ဖော်ရမယ့်ကိစ္စတွေကို သိရှိနားလည်အောင် ကမ္ဘာအနှံရှိ မန်နေဂျာတွေကိုလည်း သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ အစည်းအဝေးတွေ ကျင်းပပေးဖို့ အားပေးပါ။    မိမိတို့တာဝန်ယူရတဲ့ လုပ်ငန်းစုအတွင်းက ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်ရှိအောင် မက်လုံးတွေပေးပါ။ ဥပမာ- သူတို့တစ်တွေ ကုမ္ပဏီရဲ့ စတင်အကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေကို အောင်အောင်မြင်မြင် အကောင်ထည်ဖော်နိုင်တဲ့အခါ အဲ့ဒါကို ဆောင်ရွက်နိုင်တဲ့အချက်ကို အခြေခံပြီး ဆုလဒ်တွေ ပေးခြင်းမျိုးဖြစ်တယ်။

ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက်များ မှ ကူးယူဖော်ပြသည်။