ဘဝနေနည်း

အကျယ်ချဲ့ပြီး ဝေးဝေးကြည့်

By HapEye.net

June 11, 2020

ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုတွေက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို အများအားဖြင့် သက်ရောက်မှု ရှိပါတယ်။ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေရတဲ့ သူတစ်ယောက်က မကောင်းမှုတွေ ပြုဘို့ ဖြစ်နိုင်ချေပိုများသလို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန် ကျင်လည်နေရတဲ့ သူတစ်ယောက်ဟာလဲ ကောင်းမှုတွေ ပြုဘို့ ဖြစ်နိုင်ချေ ပိုများပါတယ်။

အဲလိုဘဲ မိမိလုပ်နေရတဲ့ အလုပ်အပေါ်ကို မူတည်ပြီးတော့လဲ အဲဒီသူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အလေ့အကျင့်တွေက ပြောင်းလဲလာတယ်။ နေ့တိုင်း သူ့အသက်ကို သတ်ပြီး အသက်မွေးနေရတဲ့ သူတစ်ယောက်က လောဘတွေ ဒေါသတွေ ပိုမို ကြီးထွားလာနိုင်သလို ဘုရားရိပ် တရားရိပ်မှာ နေရတဲ့ သူတစ်ယောက်ရဲ့ စိတ်ကလဲ ပိုမိုပြီး အေးချမ်းလာနိုင်တယ်။

ဒါတွေနဲ့ ပတ်သက်ပြီး ရုရှားက ပညာတတ် အသိုင်းအဝန်းမှာ ကလေး သူငယ်လေးတွေကို လက်ဆောင်ပေးဘို့ အကြံပေးကြတဲ့ အရာနှစ်ခုကို ပြောပြချင်ပါတယ်။

ပထမ တစ်ခုက မိုက်ခရိုစကုပ် ပါ။ ကလေးငယ်တစ်ယောက်ဟာ မိုက်ခရိုစကုပ်နဲ့ အရာဝတ္ထုတစ်ခုခု၊ ဖြစ်ပျက်နေတာ တစ်ခုခုကို စနစ်တကျ ချဲ့ပြီး ကြည့်တတ်တဲ့ အကျင့်ကို ရစေဘို့ပါ။ နောက်တစ်ဆင့်ကတော့ အပ်ချည်လုံး ရှုပ်နေတဲ့ ပုံစံမျိုးလုပ်ပြီး အဲဒီ အရှုပ်ကို မိုက်ခရိုစကုပ်နဲ့ ကြည့်ပြီး ရှင်းခိုင်းစေခြင်းပါ။ တဖြည်းဖြည်း ပိုပိုရှုပ်တဲ့ အရှုပ်ထုပ်ကို ယုံကြည်မှုရှိရှိ စနစ်တကျ ရှင်းတတ်လာဘို့ ရည်ရွယ်ပါတယ်။ အဲလိုနဲ့ ကလေးတစ်ယောက်ဟာ အခြေနေတစ်ခု ဘယ်လောက်ဘဲ ရှုပ်နေပါစေ ခက်ခဲနေပါစေ စနစ်တကျ ရအောင် ရှင်းလို့ရတယ်ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒုတိယ တစ်ခုကတော့ တယ်လီစကုပ်ပါ။ မျက်စိ တစ်ဆုံးဘဲ မြင်နေကျ လူဟာ မျက်စိတစ်ဆုံးဘဲ တွေးတတ်မှာ ဖြစ်ပါတယ်။ ရောက်ဖူး၊ ပေါက်ဖူးပြီး အဝေးကြီး ကို မြင်ဖူး တွေ့ဖူးမှ အဝေးကြီးကို တွေးတတ်လာမှာပါ။ ကလေးငယ် တစ်ယောက်ဟာ တယ်လီစကုပ်နဲ့ ကြည့်ခြင်းအားဖြင့် သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေကို စနစ်တကျ တွေ့မြင်လာနိုင်မယ်။ အဲဒီနောက်မှာတော့ ဟိုး အဝေးကြီးမှာ ဘာတွေ ဖြစ်နေတယ်၊ ဘယ်လိုတွေ ဖြစ်ပျက်ရွေ့လျားနေတယ် စသည်ဖြင့် တွေ့မြင်ပါ များလာတဲ့အခါ ဟိုးအဝေးကြီးကို ကြိုတွေးတတ်တဲ့ အကျင့်တွေ ရလာနိုင်မယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ဆီမှာတော့ မိုက်ခရိုစကုပ်တွေ၊ တယ်လီစကုပ်တွေ ကလေးကို လက်ဆောင်ပေးဘို့ အခက်အခဲ ရှိမယ်ဆိုရင် မိုက်ခရိုစကုပ်အစား အကျယ်ချဲ့ ကြည့်လို့ရတဲ့ မှန်ဘီလူးခုံးလေး ဖြစ်ဖြစ်၊ တယ်လီစကုပ်အစား အဝေးကြည့် မှန်ပြောင်းလေး တစ်ခုခုဖြစ်ဖြစ် လက်ဆောင်ပေးစေလိုပါတယ်။

ဒီလိုနဲ့ ကလေးတွေ တခုခုကို စနစ်တကျ အကျယ်ချဲ့ ကြည့်တတ်တဲ့ အကျင့်တွေနဲ့ ဝေးဝေးကို စနစ်တကျ ကြည့်တတ်တဲ့ အကျင့်တွေအပြင် ဝေးဝေးကို မျှော်တွေးခန့်မှန်းတတ်တဲ့ အကျင့်တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။

စာရေးသူ – Dr. Min Thein Oo