တီဗွီဖန်သားပြင်ပေါ်ထင်ဟပ်တဲ့ အဲဒီပုံရိပ်က ကျွန်တော့်ကို ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူလိုပဲ။ ဒါဟာ ကျွန်တော့်ကို ပထမဆုံးအကြိမ် ရင်နင့်မျက်ရည်ကျစေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီမြင်ကွင်းက CCTV အသံလွှင့်ဌာနက ထုတ်လွှင့်တဲ့ “Our Earth” ဆိုတဲ့ အစီအစဉ်ထဲမှာ ကြည့်ခဲ့ရတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ဟိမဝန္တာတောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်လို့ လူတွေ တင်စားကြပါတယ်။ “ငှက်တောင်မှ ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်”လို့လည်း ဆိုကြပါတယ်။ ဟိမဝန္တာတောင်ရဲ့ အမြင့်ဆုံးတောင်ထိပ်… ဧဝရတ်တောင်ကို တက်ကြတဲ့လူ ၁၀ ယောက်လောက်မှာ တစ်ယောက်လောက်က သေဆုံးရပါတယ်။ တောင်ထိပ်အရောက် တက်နိုင်ခဲ့ရင်တောင် ကြာရှည်မနေနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း Demoiselle ကြိုးကြာငှက် ၅၀၀၀ ခန့်ဟာ အိန္ဒိယဘက်ဆီ ဆောင်းခိုဖို့ ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းကြပါတယ်။ဒါဟာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံးရွှေ့ပြောင်းမှုတစ်ခုပါ။ မနက်ပိုင်းဆိုရင် တောင်ထိပ်မှာ လေကြမ်းတိုက်ခိုက်ပါတယ်။ Demoiselle ကြိုးကြာငှက်တွေက လုံလောက်တဲ့ အမြင့်ဆီ ပျံသန်းနိုင်မှသာလျှင် လေကြမ်းကို ရှောင်နိုင်မှာ ဖြစ်တယ်။ ဒါပေမယ့် ပြင်းထန်တဲ့ လေထုနဲ့ ကြုံရင်သူတို့ လမ်းကြောင်းပြန်လှည့်ရပါတယ်။ ပြန်မလှည့်ရင် သူတို့သေဆုံးရတယ်။ နေ့သစ်မှာ မျှော်လင့်ချက်အသစ်နဲ့ သူတို့ပျံသန်းကြပြန်ပါတယ်။ အချင်းချင်း နီးနီးကပ်ကပ်နဲ့ ညာသံပေးပြီး ပျံသန်းကြပြန်ပါတယ်။ အစာရေစာချို့တဲ့လို့ သူတို့ဟာ အင်အားချည့်နဲ့နေကြပါပြီ။ အပေါ်ဘက်ဆီထိုးတက်တဲ့ လေနွေးငွေ့ကို အားပြုပြီး ကိုယ့်ကိုယ်ကို အမြင့်ကိုရောက်ဖို့ သူတို့ပျံသန်းကြပါတယ်။Demoiselle ကြိုးကြာငှက်တွေအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဟိမဝန္တာတောင်ကို ဖြတ်ကျော်ကြတာပါ။ တချို့ Demoiselle ကြိုးကြာငှက်အတွက်တော့ ဒါဟာ နောက်ဆုံးတစ်ကြိမ်လည်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောင်ကို ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ရင်တောင် တောင်ရဲ့ ဟိုးဘက်ခြမ်းမှာ သားရိုင်းတစ်မျိုးဖြစ်တဲ့ Golden Eagle ရွှေလင်းယုန်ငှက်တွေက သူတို့ကို ဖမ်းစားဖို့ စောင့်နေကြလို့ပါပဲ။ ရွှေလင်းယုန်မတွေဟာ အတွဲလိုက် ဆီးစောင့်နေပြီး ငယ်ရွယ်တဲ့ Demoiselle ကြိုးကြာငှက်တွေကို အုပ်စုထဲကနေ ခွဲထုတ်ပစ်ပြီး သူတို့ရဲ့ ချွန်ထက်တဲ့ လက်သည်းနဲ့ ဖမ်းကုတ်စားသောက်ပါတယ်။ အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ်ဆုံးရှုံးသွားတာနဲ့ ကြုံရတဲ့ Demoiselle ကြိုးကြာငှက်တွေဟာ ဘာမှ မတတ်နိုင်ဘဲ ဆက်လက်ပျံသန်းကြပါတယ်။ဆိုးဝါးတဲ့ ရာသီဥတု၊ ရက်စက်တဲ့ ဝိုင်းအုံမှုတွေက ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းမယ့် Demoiselle ကြိုးကြာငှက်ရဲ့ ဆုံးဖြတ်ချက်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ အမြင့်ဆုံးတောင်ထိပ်ဆီ သူတို့တစ်ဟုန်ထိုးပျံတက်ကြတယ်။ အထူးသဖြင့် နောက်ဆုံး အမြင့်နေရာရောက်ချိန်မှာ တောင်ပံတစ်ချက်ခတ်တာတောင် သူတို့အရမ်းအားယူကြရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဟိမဝန္တာတောင်ကို သူတို့ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ကြပါတယ်။ Demoiselle ကြိုးကြာငှက်က ကြိုးကြာငှက်မျိုးနွယ်ထဲမှာ ခန္ဓာကိုယ်အသေးဆုံး ငှက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ ကြီးမားတဲ့ အင်အားတစ်ခုက ခိုအောင်းနေခဲ့ပါတယ်။ အဲဒီအင်အားက ကျွန်တော်တို့ကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ဟိမဝန္တာတောင်က “ငှက်တွေတောင် ဖြတ်ကျော်ပျံသန်းလို့ မရတဲ့တောင်” မဟုတ်ဘူးဆိုတာကို Demoiselle ကြိုးကြာငှက်က ကျွန်တော်တို့ကို သက်သေပြခဲ့ပါတယ်။ဟုတ်ပါတယ်…..စိတ်မြင့်သလောက် မိုးကောင်းကင်ကြီး လိုက်မြင့်ပါတယ်။စိတ်ကျယ်ပြောသလောက် လောကကြီး လိုက်ကျယ်ပြောပါတယ်။နပိုလီယံပြောခဲ့သလိုပါပဲ… “လူတစ်ယောက်ဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မယ်ဆိုတာကို တခြားအကြောင်းအရင်းတွေနဲ့ ဆုံးဖြတ်တာမဟုတ်ပါဘူး… သူ့ရဲ့ စိတ်နဲ့ပဲ ဆုံးဖြတ်ပါတယ်” တဲ့။ဒီလောကမှာ လူအများကင်းမဲ့နေတာက စိတ်ကူးအတွေးတွေ မဟုတ်ပါဘူး။ သူတို့ကင်းမဲ့နေတာက လက်တွေ့လုပ်ဆောင်တဲ့ ကြိုးစားမှုနဲ့ လုံ့လပါ။ လူတိုင်းရဲ့ ရှေ့မှာ ကန့်လန့်ခံနေတဲ့ “ဟိမဝန္တာတောင်” တွေ အများကြီး ရှိကောင်းရှိပါလိမ့်မယ်။ လူအများက ဒီလိုတောင်မျိုးတွေကို ဖြတ်ကျော်ပျံသန်းဖို့ ခက်ခဲနေတာဟာ သူတို့မှာ ကြံ့ခိုင်သန်မာမှုတစ်မျိုး၊ ဇွဲ၊ လုံ့လတစ်ခုနဲ့ တောင့်ခံမှုတစ်ခုလေးပဲ ကင်းမဲ့နေခဲ့တဲ့အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
စာရေးဆရာမ ⇒ Nine Nine Sanay @ နိုင်းနိုင်းစနေ