ဘဝနေနည်း

သူတစ်ပါးအား ဒုက္ခရောက်စေလိုသော ရည်ရွယ်ချက်ဖြင့် မမှန်သောစကားကို မပြောရ

By HapEye.net

June 11, 2020

ဖွံ့ဖြိုးတိုးတက်လိုသူတစ်ယောက်ဟာ သူတစ်ပါး ဒုက္ခရောက်စေရန် ရည်ရွယ်ပြီး မမှန်သောစကားကို မပြောရပါ။

တချို့ကလည်း မလိမ်ရဆိုပြီးတော့ ပြောပါတယ်။ ဒီတော့ လိမ်တယ်ဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ရန်လိုပါတယ်။ လိမ်တယ်ဆိုတာကို Lie လို့ ခေါ်ပါတယ်။ လိမ်တယ်ဆိုတာက မှားယွင်းတဲ့သတင်း အချက်အလက်ကို အခြားသူသို့ ဆက်သွယ်ပြောဆိုခြင်း ဖြစ်တယ်။ ဆိုလိုတာက မမှန်တာကို အခြားသူကို ပြောတာပဲ။ ရည်ရွယ်ချက် Intention မပါဘူး။ ဒီလိုဆိုရင် အာရုံပြောင်းခြင်း Distration၊ လှည့်ဖျားခြင်း Deception၊ လိမ်လည်မှု Fraud၊ မုသားသက်သေ Perjury နဲ့ တစ်ဝက်မှန် Half Truth တွေ ဖြစ်တယ်။

မလိမ်ရဘူးလို့ပြောရင် မလုံလောက်ပါဘူး။ လူတွေဟာ တစ်ခါတစ်ရံ အာရုံပြောင်းနေလေ့ ရှိတယ်။ ဥပမာ ငိုနေတဲ့ကလေးသူငယ်လေးကို အငိုတိတ်ဖို့ မမှန်သော အကြောင်းအရာတစ်ခု ပြောလိုက်ပြီဆိုပါစို့။ မလိမ်ရဘူးလို့သာဆိုရင် ဒီမိခင် ဘာမှပြောစရာကို မရှိတော့ပါ။ ထို့အတူပဲ လူမှုရေးအရ ပြောကြဆိုကြ စကြနောက်ကြတာတွေ ရှိနိုင်ပါတယ်။ အမှန်တွေ မဟုတ်ပါ။ ဒီလိုလည်း လုပ်လို့မရသလို ဖြစ်နေတယ်။ အမှန်က ခွဲခြားပြီး နားလည်ရန် လိုလာပါတယ်။

လူ့လောကတစ်ခုလုံးသည် လှည့်ဖျားခြင်း Deception နှင့် လည်ပတ်နေခြင်းသာ ဖြစ်သည်။ စစ်တိုက်လျှင်လည်း လှည့်ဖျားရသည်။ စီးပွားရေးလုပ်လျှင်လည်း လှည့်ဖျားရသည်။ သူများလှည့်ဖျားသည်ကိုလည်း ကိုယ်က သိရသည်။ ကိုယ့်ထက် အင်အားကြီးသူတွေကို ရင်ဆိုင်ဖို့ကလည်း လှည့်ဖြားနေရသည်။ ထိုအခြေအနေမျိုးတွင် မည်သူမျှ အမှန်ကို မပြောကြ။ မလိမ်ရဘူးလို့ ပညတ်ထားလိုက်ရင် ဘာမှလုပ်လို့မရ ဖြစ်နေပါတယ်။

ဒီလောကကြီးမှာ အကြီးမားဆုံး လိမ်လည်မှုကတော့ တစ်ဝက်မှန် Half Truth အပေါ်မှာ တည်ဆောက်ထားတဲ့ လိမ်ညာမှုတွေ ဖြစ်တယ်။ မှန်သယောင်ထင်ရပေမယ့် လုံးဝ လိမ်လည်တာ ဖြစ်ပါတယ်။

တရားခွင်တွေမှာ မုသားသက်သေ ထွက်တာကိုတော့ Rerjury လို့ ခေါ်ပါတယ်။ ဒီလိုလိမ်လည်မှုမျိုးကိုတော့ လုံးဝ မလုပ်သင့်ပါ။ ထို့ကြောင့် မလိမ်ရဘူးလို့ ပြော၍ မရပါ။ ပြောရင်လည်း လူ့လောကမှာ နေထိုင်လုပ်ကိုင်လို့ မရပါ။ ဒါကြောင့် မမှန်သောစကားကို သူတစ်ပါးပျက်စီးအောင် ရည်ရွယ်ပြီး မပြောရဆိုတာကိုပဲ ကျင့်သုံးရပါမယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသားစာအုပ်မှ ကူးယူဖော်ပြသည်။