သိုင်းရွိုက်ရောဂါရှိသူတို့ ရှောင်ကြဉ်သင့်သည့် အမူအကျင့်များ
သိုင်းရွိုက်ဆိုတာက လည်ပင်းရဲ့အရှေ့အလယ်နေရာမှာရှိတဲ့ ဟော်မုန်းထုတ်လုပ်နိုင်တဲ့ လိပ်ပြာပုံသဏ္ဌာန် အကျိတ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းချုပ်ပေးကာ ခန္ဓာကိုယ်အတွင်းက ဆဲလ်တစ်သျှူးနဲ့ ကိုယ်တွင်းအင်္ဂါတိုင်းအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ဒီအကျိတ်ဟာ လည်ပင်းရဲ့ အလယ်တည့်တည့်မှာ တည်ရှိပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သိုင်းရွိုက်ပြဿနာ ပိုမို ဖြစ်ပွားတတ်ပါတယ်။ သိုင်းရွိုက်ဂလင်းအလုပ်လုပ်လွန်းတာ၊ အလုပ်မလုပ်နိုင်တာ၊ ရောင်ရမ်းမှုဖြစ်တာနဲ့ သိုင်းရွိုက်အကျိတ်ဖြစ်တာတွေက အဖြစ်များတဲ့ သိုင်းရွိုက်ပြဿနာတွေပါ။ သိုင်းရွိုက်ပြဿနာအများစုက မျိုးရိုးလိုက်လို့ ဖြစ်တာပါ။ သိုင်းရွိုက်ဂလင်းမှာ ပြဿနာရှိသူတွေအနေနဲ့ အိပ်မပျော်တာ၊ စိတ်ခံစားချက်တွေ အတက်အကျဖြစ်လွယ်တာ၊ မှတ်ဉာဏ်ပြဿနာနဲ့ တခြားပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာကို ကုသမှုမခံယူခဲ့ရင် နှလုံးသွေးကြောရောဂါ၊ အရိုးပါးရောဂါနဲ့ မျိုးမပွားနိုင်တာစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သိုင်းရွိုက်ရောဂါအများစုက ဆေးဝါး၊ စားသောက်မှုပုံစံနဲ့ ဘဝနေထိုင်မှုပုံစံပြောင်းလဲရုံနဲ့ ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ အောက်ပါတို့ဟာ သိုင်းရွိုက်ရောဂါရှိသူတွေ မပြုလုပ်သင့်တဲ့ အပြုအမူတွေပါ။
စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ခြင်းစိတ်ဖိစီးမှုနဲ့ သိုင်းရွိုက်ရောဂါဟာ ဒွန်တွဲနေတတ်ပြီး ရေရှည်မှာ မှတ်ဉာဏ်ဆုံးရှုံးတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ သိုင်းရွိုက်ရောဂါရှိသူတွေအနေနဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ အလွန်လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် သိုင်းရွိုက်ရောဂါရဲ့ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ၂၀၀၄ ခုနှစ်က လေ့လာမှုအရ စိတ်ဖိစီးမှုများတာက သိုင်းရွိုက်ရောဂါဖြစ်ဖို့အတွက် လှုံ့ဆော်မှုပေးနိုင်တယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုများစဉ်မှာ ခန္ဓာကိုယ်က ကော်တီစော ဟော်မုန်းတွေ ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်တွင်း ကော်တီစောများနေတာက သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို အနှောက်အယှက်ဖြစ်နိုင်တာကြောင့်ပါ။ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ၊ တရားထိုင်တာ၊ အနှိပ်ခံတာနဲ့ ယောဂကျင့်စဉ်ပြုလုပ်တာတွေက စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေပါ။
ဆေးလိပ်သောက်ခြင်းသိုင်းရွိုက်ရောဂါရှိသူတွေဟာ ဆေးလိပ်သောက်တာနဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူတာတွေကို မပြုလုပ်သင့်ပါဘူး။ ဆေးလိပ်သောက်တာက သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေများတာနဲ့ ဆက်စပ်မှုရှိတယ်လို့ ၂၀၀၀ ပြည့်နှစ်က လေ့လာမှုအရ သိရပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဒြပ်ပေါင်းဆိုင်ယာနိုက်တွေက အန်တီသိုင်းရွိုက်အေးဂျင့်အနေနဲ့ ပြုမူနိုင်တဲ့အတွက် အိုင်အိုဒင်းစုပ်ယူမှုနဲ့ ဟော်မုန်းထုတ်လုပ်မှုကို တိုက်ရိုက်အနှောင့်အယှက်ပေးနိုင်ပါတယ်။
ပုံမှန်စစ်ဆေးမှု မပြုလုပ်ခြင်းသိုင်းရွိုက်ပြဿနာကို ကုသရာမှာ သိုင်းရွိုက်ဆေးဝါးကို ပုံမှန်မှီဝဲရမှာဖြစ်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျ ဆေးကုသမှုခံယူရပါမယ်။ မိမိသဘောနဲ့ မိမိသောက်နေကျဆေးဝါးတွေကို မဖြတ်ပစ်ရသလို မိမိဘာသာလည်း ဆေးပမာဏကို တိုးမသောက်ရပါ။ သွေးဖောက်ပြီး သိုင်းရွိုက်ဟော်မုန်းစစ်ဆေးမှုကိုလည်း ပုံမှန်အနေနဲ့ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
သိုင်းရွိုက်ဆေးဝါးကို နံနက်ပိုင်းတွင် ကော်ဖီနှင့်အတူ တွဲသောက်ခြင်းသင်ဟာ သိုင်းရွိုက်ပြဿနာအတွက် သိုင်းရွိုက်ဆေးဝါးကို မှီဝဲနေရသူဖြစ်ရင် ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာ သောက်သုံးတာက အကောင်းဆုံးပါ။ မနက်ပိုင်းအိပ်ရာထခါစ မနက်စာ မစားခင် မိနစ် ၃၀-တစ်နာရီ အလိုမှာ သိုင်းရွိုက်ဆေးဝါးကို မှီဝဲပါ။ ညပိုင်းသောက်ချင်တယ်ဆိုရင်လည်း အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ သောက်သင့်ပါတယ်။ သိုင်းရွိုက်ဆေးဝါးကို အမျှင်ဓါတ်ပါတဲ့အစားအစာ၊ နို့နဲ့ပြုလုပ်ထားတဲ့ အစားအစာ၊ ကယ်လ်စီယမ်အားဖြည့် သစ်သီးဖျော်ရည်၊ ကယ်လ်စီယမ် သံဓာတ် ဒါမှမဟုတ် သတ္တုဓာတ်အားဖြည့်ဆေးတွေနဲ့ ကော်ဖီလိုဖျော်ရည်တွေနဲ့အတူ တွဲမသောက်သင့်ပါ။ ရေနဲ့သောက်တာက အကောင်းဆုံးပါ။
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီကဲ့သို့ ဟင်းသီးဟင်းရွက်များများစားခြင်းဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်၊ အာလူး၊ မုန်ညင်းလုံးလိုမျိုး Cruciferous အမျိုးအစား အစားအစာတွေကို သိုင်းရွိုက်ရောဂါရှိသူတွေအနေနဲ့ မစားသင့်ပါဘူး။ အထူးသဖြင့် အိုင်အိုဒင်းချို့တဲ့သူ ဒါမှမဟုတ် အိုင်အိုဒင်းဓာတ်လုံလုံလောက်လောက်မရရှိသူတွေပါ။ ဒီအစားအစာတွေမှာ ပါဝင်တဲ့ ဂလူကိုဆီနိုလိတ်တွေက သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်တာကြောင့်ပါ။
ပဲပိစပ်ထုတ်ကုန်(ပဲငံပြာရည်အပျစ်) အစားများခြင်းသိုင်းရွိုက်ရောဂါရှိသူတွေအနေနဲ့ ပဲပိစပ်ထုတ်ကုန်ကိုလည်း အများအပြား မစားသင့်ပါဘူး။ ပဲပိစပ်မှာ ပါဝင်တဲ့ ဖိုက်တိုအီစထရိုဂျင်နဲ့ ဂွိုက်ထရိုဂျင်းနစ်ဒြပ်ပေါင်းတွေက သိုင်းရွိုက်လုပ်ငန်းဆောင်တာကို ထိခိုက်စေပြီး သိုင်းရွိုက်ဂလင်းမှ ထုတ်လုပ်တဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်မှ စုပ်ယူမှုကို အနှောင့်အယှက်ပေးတာကြောင့်ပါ။
မတည့်သည့်အစားအစာများကို စားသုံးခြင်းသိုင်းရွိုက်ဂလင်း အလုပ်လွန်တာဖြစ်ဖြစ် ဒါမှမဟုတ် ဂလင်းက အလုပ်နည်းတာပဲဖြစ်ဖြစ် သင်စားသုံးတဲ့အစားအစာအမျိုးအစားကို ဂရုစိုက်ရပါမယ်။ အောက်ပါအစားအစာတွေက သိုင်းရွိုက်ဂလင်း အလုပ်နည်းတဲ့သူတွေ ရှောင်ရှားရမယ့် အစားအစာတွေပါ။၁) အဖြူရောင်ဂျုံ ဒါမှမဟုတ် ဂလူတင်ဂလူတင်ပါဝင်တဲ့ အစားအစာတွေက သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်ကို ချိုးနှိမ်နိုင်တယ်လို့ သုတေသီတွေက သက်သေပြထားကြတာကြောင့် ရှောင်ရှားသင့်ပါတယ်။ အဖြူရောင်ဂျုံအစား အညိုရောင်ပေါင်မုန့်၊ ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ ဆန်လုံးညိုတွေ စားသုံးသင့်ပါတယ်။၂) နို့နဲ့ နို့ထွက်ပစ္စည်းဒီအစားအစာတွေက ချွဲထုတ်လုပ်မှုကို ကူညီပေးပြီး ဟော်မုန်းညီညွတ်မျှတမှုမရှိအောင်လည်း ပြုလုပ်ပေးနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။၃) သကြားသကြားစားသုံးမှုကို ရှောင်ကြဉ်နိုင်ရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကောင်းမွန်နိုင်ပါတယ်။ သကြားဟာ သိုင်းရွိုက်ဂလင်းအပါအဝင် ကိုယ်တွင်းအင်္ဂါအများစုပေါ်မှာ အကျိုးသက်ရောက်မှုရှိပြီး ဆီးချိုရောဂါဖြစ်အောင်လည်း လှုံ့ဆော်နိုင်ပါတယ်။ သကြားအပြင် သကြားပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။
အိုင်အိုဒင်းပါဝင်မှုများတဲ့အစားအစာ၊ အရောင်စုံဟင်းသီးဟင်းရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာက သိုင်းရွိုက်လုပ်ငန်းဆောင်တာ မကောင်းသူတွေအတွက် အကူအညီများစွာ ရရှိနိုင်ပါတယ်။
ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။