ခရီးတွေ ထွက်လိုက်တယ်ဆိုရင် လူတိုင်းဟာ စိတ်တွေရှင်းသွားတတ်ကြပါတယ်။ ကမ်းခြေကိုပဲသွားသွား…။ တောင်ပေါ်တွေပဲတက်တက်… မြင်ရတဲ့ရှုခင်းတွေ… ပြောင်းလဲသွားတယ်။ တည်းခိုရတဲ့ နေရာထိုင်ခင်းတွေကလည်းပြောင်းလဲသွားတယ်။ အိမ်နဲ့ဘာမှမတူတော့ဘူး…။
လပေါင်းများစွာ အိမ်ကနေအလုပ်ကိုသွားတယ်။ အလုပ်ကနေအိမ်ကိုပြန်လာတယ်။ ဒီနေရာနှစ်ခုကိုပဲ နေ့စဉ်နဲ့အမျှ အပြန်အလှန် သွားနေရတာဆိုတော့ ရက်ကန်းစင်ပေါ်က လွန်းကလေးနဲ့တောင် တူနေပါတော့တယ်။
နေ့တဓူဝ လုပ်ငန်းဆောင်တာတွေကြားမှာ… လူက Burnout ဖြစ်လာတတ်ပါတယ်…။ ခြေကုန်လက်ပန်းကျလာပါတယ်။ ဒီလမ်းတွေကပဲ နေ့တိုင်းသွားနေရတယ်။ ဒီလူတွေ… ဒီမျက်နှာတွေကိုပဲမြင်နေရတယ်။ ဒီပစ္စည်းတွေကိုပဲ တွေ့နေရတယ်။ ကြာလာတဲ့အခါမှာ အာရုံတွေဟာ ညောင်းညာပြီး ရိုးအီလာပါတယ်။
နေ့စဉ် ဘဝတွေထဲက ခဏလောက် ထွက်ပြေးချင်လာပါတယ်။ ခရီးသွားတယ်ဆိုတာ စိတ်လွတ်မြောက်မှုတစ်ခုဆိုတာကိုတော့ အထွေအထူး ပြောစရာ မလိုပါဘူး။
ကျွန်မကတော့ Hotel တွေမှာ တည်းခိုရတဲ့အခါ ပိုပြီးအိပ်ပျော်သလို ခံစားရပါတယ်…။ အိမ်မှာဆိုရင် လုပ်စရာ အလုပ်တစ်ခုမဟုတ်… တစ်ခုကရှိနေတတ်တာကိုး…။
နောက်တစ်ခု သတိထားမိတာက… အိမ်နဲ့ ဟိုတယ်နဲ့ မတူတဲ့ အဓိကအချက်ဟာ.. ရှင်းလင်းမှုပဲဖြစ်တယ်…။ အိမ်မှာက ရှင်းလင်းနေတယ်ဆိုသည့်တိုင် ပစ္စည်းတွေက လိုတာရော… မလိုတာရော အကုန်ရှိနေတတ်ကြပါတယ်။
ကိုယ်အမြဲနေထိုင်တဲ့အိပ်ခန်း…၊ အိပ်ခန်းနဲ့ ခဏတစ်ဖြုတ်သွားလာ… တည်းခိုတဲ့တည်းခိုခန်းကတော့ အခြေအနေချင်းမတူဘူးပေါ့။ ဒါပေမယ့် ပြောချင်တာက ရှင်းလင်းသပ်ရပ်မှုဟာ လူတွေရဲ့စိတ်ကိုပါ ရှင်းလင်းစေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ကိုယ့်အိမ်ကိုယ့်ရာကိုယ့်အခန်းထဲမှာ ရှုပ်ပွနေတယ်ဆိုပေမဲ့ သားတွေသမီးတွေ… ကစားထားတဲ့ ပစ္စည်းလေးတွေ၊ အမျိုးသားလုပ်သူ ဖတ်လက်စ စာအုပ်တွေနဲ့ မိသားစုဆိုတဲ့ အရိပ်အငွေ့ရနေတာကတော့ အမှန်ပါပဲ။
ဒီအငွေ့အသက်တွေကို တန်ဖိုးထားရမှာဖြစ်ပေမယ့် ရှိသမျှပစ္စည်း အစုတ်အဟောင်းတွေအားလုံးကို ဘယ်တော့မှ မလွှတ်ပစ်ဘဲ… သိမ်းထားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး…။ ဖြစ်လည်းမဖြစ်သင့်ပါဘူး…။
တစ်ခါတစ်လေ ကျွန်မတို့အိမ်တွေမှာက အိပ်ရာခေါင်းရင်းမှာ စာအုပ်တွေပုံနေတတ်တယ်။ သောက်ပြီးသား ရေသန့်ဘူးတွေ မပစ်ဘဲထား… ထားတတ်မိပါတယ်။ ရေချိုးခန်းထဲမှာ သုံးတာရော… မသုံးတာရော…၊
ရက်ကုန်နေတာ… လက်ဆောင်ရတာ…၊ အကုန်လျှောက်ဝယ်…သိမ်းထား။ လွှတ်လည်းမပစ်… သူများလည်းမပေး ဒီအတိုင်းဘဲ တပုံပုံဖြစ်နေတဲ့ Shampoo တွေ…၊ ဆပ်ပြာတွေ၊ စကင်းကဲတွေ…ရှိနေတတ်တယ်…။ မှန်တင်ခုံမှာလည်း ထိုနည်းလည်းကောင်းပဲ။ ဆေးခြောက်နေတဲ့ လက်သည်းနီတွေ ပြုတ်ထွက်နေတဲ့ ဆွဲကြိုးအပြတ်စလေးတွေ တန်းလန်း… တန်းလန်းနဲ့ချိတ်ထားတဲ့ ဘီးကုပ်တွေ ခေါင်းစည်းတွေ…။
စာကြည့်စားပွဲပေါ်မှာ… အံဆွဲထဲမှာ… အဝတ်ဘီဒိုထဲမှာ… စုပြုံကျပ်ပိတ်သိပ်နေတယ်။ တချို့အိမ်တွေမှာဆို… ကြွက်သိုက်တွေလို ဗြုတ်စဗျင်းတောင်း ဖြစ်နေတတ်ကြတယ်…။
သုသေတနပြုချက်အရ Cluttered home can also lead to mental clutter…တဲ့…။ ရှုပ်ပွနေတဲ့…အိမ်ကြီးတစ်လုံးဟာ…ရှုပ်ထွေးနေတဲ့ စိတ်အမျှင်တန်းကြီးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်…တဲ့…။
ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို…မမြင်ရတဲ့အခါမှာ စိတ်ရှုပ်တာတွေကလည်း အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါကြောင့် စိတ်ကို ရှင်းချင်တယ်ဆိုရင် ကိုယ်နေထိုင်ရာ…၊ အိပ်စက်ရာ…၊ အလုပ်လုပ်ရာ…ပတ်ဝန်းကျင်ကိုပါ ရှင်းလင်းသွားအောင် အရင်ဆုံးပြုပြင်ပေးဖို့ လိုအပ်ပါတယ်။
Declutter your physical environment.
လူအမြဲနေထိုင်တဲ့ အိပ်ခန်းတစ်ခုဟာ ဟိုတယ်ခန်းတစ်ခုလို သပ်ရပ်နေဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူ…။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကပစ္စည်းတွေကို တက်နိုင်သလောက် သပ်သပ်ရပ်ရပ် ထားဖို့အတွက်ကိုတော့ ကြိုးစားဖို့လိုပါတယ်။
ကျွန်မဆိုရင် စိတ်တွေ ရှုပ်လာတာနဲ့ အိမ်ကိုထပြီး ရှင်းပစ်လိုက်တယ်။
အဓိကအားဖြင့်တော့ ကိုယ်အမြဲနေတဲ့… အသုံးပြုနေတဲ့ နေရာတွေပေါ့။ စာရေးတဲ့နေရာ…၊ အိပ်ခန်း…၊ အဝတ်ဗီဒို…၊ စာကြည့်ခန်း စသည်ဖြင့်ပေါ့…။ စိတ်ညစ်နေလို့ အမှိုက်ပုံထဲမှာ ထိုင်နေရင် ပိုစိတ်ညစ်လာဖို့ပဲရှိတယ်…။
အိမ်ကျယ်ကျယ်မှာနေပြီး… အခန်းပိုတွေ အများကြီးရှိတဲ့သူအတွက်ကတော့ မလိုချင်တဲ့…၊ မသုံးတော့တဲ့…၊ မကြည့်ချင်တော့တဲ့ ပစ္စည်းတွေကို အခန်းတစ်ခုထဲ ပိတ်ထည့်ထားလိုက်ဖို့လွယ်ပါတယ်။ နေရာ ကျယ်ကျယ်မရှိဘူးဆိုတဲ့ သူတွေကတော့ နောက်ထပ်မလိုတော့တဲ့ ပစ္စည်းတွေကိုနောက်ထပ်ဝယ်ပြီး သိမ်းနေမိတာမျိုးမလုပ်ဖို့ ကြိုးစားနိုင်ပါတယ်။
တစ်မျိုး… စဉ်းစားကြည့်မယ်ဆိုရင် အစုလိုက် အပြုံလိုက်ဖြစ်နေတဲ့ အထဲက ယပ်တောင်တစ်ချောင်း၊ ဂျာနယ်အဟောင်းတစ်စောင်၊ Stapler စာရွက်ချုပ်စက် ကလေးတစ်ခုကတောင် ကျွန်မတို့ အလကားရတဲ့တာ မဟုတ်ဘဲ၊ ပိုက်ဆံနဲ့ ပေးဝယ်ရခဲ့တာပါလားဆိုတဲ့ စိတ်မျိုးဝင်လာရင် သုံးခဲ့မိတဲ့ ဒီပိုက်ဆံတွေအတွက် နှမျောတသ ဖြစ်မိမှာပဲဖြစ်ပါတယ်။
ပစ္စည်းတွေက ကျွန်မတို့အနားမှာ စုပုံနေတတ်ကြတယ်။ ဒါတွေအားလုံးဟာ အလကားရခဲ့တယ်ဆိုရင်တောင်မှ ဒါတွေဖြစ်ပေါ်လာတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် အဆင့်ဆင့်တွေ ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မလိုအပ်သေးတဲ့ ပစ္စည်းတွေကို ဝယ်ယူအသုံးပြုခြင်း မလုပ်တာဟာ လူသားအရင်းအမြစ်နဲ့ စွမ်းအင်တွေကို ခြွေတာရာ ရောက်သလို ကျွန်မတို့ နေထိုင်တဲ့ Living Space ကိုလည်းပိုပြီး အသုံးချရာရောက်ပါတယ်။
ကျွန်မရဲ့ မိတ်ဆွေမိသားစုတစ်စုဟာ တိုက်ခန်းကျဉ်းလေးထဲမှာ နေကြပါတယ်။ ဒါပေမယ့်… သူတို့အခန်းထဲရောက်လို့ရှိရင် ရှင်းရှင်းလင်းလင်း၊ သပ်သပ်ရပ်ရပ်၊ လှလှပပ… စည်းကမ်းတကျလေး…။
သူတို့အခန်းလေးထဲ ရောက်သွားတဲ့အခါ အိမ်ရှင်အမျိုးသမီးကို မချီးကျူးဘဲ မနေနိုင်ဘူး…။ ကိုယ်ရဲ့နေထိုင်ရာ အဝိုင်းအဝန်း Living Space ကိုတန်ဖိုးထားတတ်တဲ့ အိမ်ရှင်မဟာ အိမ်နဲ့ မိသားစုအပေါ် စိတ်အာရုံ အပြည့်အဝရှိတယ်ဆိုတာ သူ့အိမ်ခန်းကလေးကို ကြည့်ရုံနဲ့ သိသာနေလို့ပဲဖြစ်ပါတယ်…။
စိတ်ရှင်းချင်တယ်ဆိုရင် ကိုယ်နေ့စဉ်နေထိုင်ရာ ပတ်ဝန်းကျင်ကို အခါအားလျော်စွာ ရှင်းလင်းပေးနေဖို့ လိုအပ်ပါတယ်။
Do your best to keep things tidy.
ဘာသာတရားတိုင်းဟာလည်း သပ်ရပ်သန့်ရှင်းမှုကို လိုလာပါတယ်…။ ဒါဟာ မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ခြင်းလည်း ဖြစ်ပါတယ်…။
စိတ်ကို အပြောင်းအလဲလေးတွေ ဖြစ်ချင်တယ်ဆိုရင်တော့ နေ့စဉ်မြင်နေကျ မြင်ကွင်းကိုပါ ပြောင်းလဲ နေရာချပေးနိုင်ပါတယ်…။
Redecorate and/ or Rearrange your space. အထားအသိုလေး နည်းနည်းလောက်ပြောင်းလဲလိုက်တာဟာလည်း…စိတ်ကိုအသစ်လန်းဆန်းပြီး Refresh ဖြစ်လာစေပါတယ်တဲ့…။
မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။