သုတ

သတိဆိုတဲ့ အစောင့်အကြပ်

By Yamone Oo

April 18, 2022

ဘဝမှာ စိတ်ကြည်လင် ကျန်းမာပြီး လုပ်စရာရှိတာ ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်ချင်ပါတယ် ဆိုတဲ့သူတွေဟာ ဥပေက္ခာတရား ထားနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် ခုလိုကာလ စိတ်တွေလည်း ရှုပ်ထွေးနေကြပြီး တစ်ယောက်ကို တစ်ယောက် အပြစ်တင်ဖို့၊ ခနဲ့မိဖို့ သိပ်လွယ်တဲ့ အခြေအနေဆို ပိုအရေးကြီးပါတယ်။ဒီစကားလုံးကို ကျွန်တော်တို့ မကြာခဏ ပြောတတ်ကြပါတယ်။ သားသမီးကို ဆိုဆုံးမလို့ မရတော့ဘူး ဆိုတဲ့အခါ ဖြစ်ချင်ရာ ဖြစ်တော့၊ ငါ ဥပေက္ခာ ပြုလိုက်ပြီ ဆိုပြီး ပြောကြတယ်။ အဲဒါက ဒေါသနဲ့ယှဉ်တဲ့ ဥပေက္ခာပါ။မိဘနေထိုင်မကောင်း ဖြစ်နေတာကို သေချာဆေးမကုပေး၊ မပြုစုပေးဘဲ ကံရှိသလောက်ပေါ့ ဆိုပြီး လက်ပိုက်ကြည့်နေတာကျတော့လည်း တာဝန်မဲ့တဲ့ ဥပေက္ခာမျိုးပါ။ ရာဇဝတ်သားတွေကို သူ့အကုသိုလ်နဲ့သူ သွားလိမ့်မယ် ဆိုပြီး လွှတ်ထားပေးသလိုမျိုးပေါ့။

တကယ်တမ်း ဥပေက္ခာရဲ့ အဓိပ္ပါယ်က နောက်ဆက်တွဲ အကျိုးရလဒ်၊ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၊ လူတွေရဲ့ အထင်အမြင် စတာတွေကို မစဉ်းစားဘဲနဲ့ ကိုယ်လုပ်စရာရှိတာ တစိုက်မတ်မတ် လုပ်နိုင်တဲ့ စွမ်းရည်လို့ နားလည်ထားပါတယ်။ အင်္ဂလိပ်လို ပြောရရင်တော့ Reactive မဖြစ်ဘူးပေါ့။ မိဘကို အကောင်းဆုံး ပြုစုပေးမယ်။ ဥပေက္ခာ မထားနိုင်ရင် မတော်တဆ မိဘဆုံးပါးသွားတဲ့အချိန်ကျ တအား ခံစားနေရလိမ့်မယ်။ အလုပ်ကို ကြိုးစားတယ်။ အကြောင်းကြောင်းကြောင့် မအောင်မြင်တဲ့အခါ ဥပေက္ခာ ထားနိုင်မှ နောက်တစ်ကြိမ် ထပ်လုပ်ဖို့ စိတ်ခွန်အား ရှိလိမ့်မယ်။ မဟုတ်ရင် လုပ်သာလုပ်နေတယ်၊ လူလည်း မသိပါဘူး၊ အားလည်း မပေးကြဘူး ဆိုပြီး လက်လျှော့မိသွားလိမ့်မယ်။သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ မဟုတ်ဘူး။ သင်ကောင်းတာ မကောင်းတာ သင့်ကိစ္စ။ ကိုယ်ကတော့ ကောင်းစရာရှိတာ ကောင်းမယ်၊ ကိုယ့်လမ်းကြောင်း ကိုယ့်ပုံစံနဲ့ကိုယ် နေထိုင်ပြောဆို ဆက်ဆံမယ်။ ဒီလိုဖြစ်ရမှာ။ ဒါကို ဥပေက္ခာလို့ ခေါ်တာ။အခု တော်လှန်ရေးဆိုလည်း ဒီလိုပဲ။ လူတွေက ကိုယ့်ကို ကဲ့ရဲ့လို့ Fundraising ဆက်မလုပ်တော့ဘူးတို့၊ ဖေ့စ်ဘွတ် နိုင်ငံရေး ဖြစ်နေပြီ ပြောလို့ အွန်လိုင်းပေါ်က Digital Strike တွေ မလုပ်ချင်တော့ဘူး ဆိုတာတွေက ဥပေက္ခာ မထားနိုင်လို့ ဖြစ်ရတာတွေပေါ့။ ဒီလိုပြောလို့ မင်းအပြောမခံရသေးလို့ လို့ မထင်ပါနဲ့။ ကျွန်တော်လည်း အခုကာလမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ပြောခံနေရတာပဲ။ အစွန်းလွတ်ဖို့ လိုတာကတော့ ကိုယ့်လုပ်ရပ်က လွဲနေလို့ လူတွေက ဝေဖန်တာကို အတင်းခေါင်းမာပြီး ဆက်လုပ်ရမယ် ဆိုတာမျိုး မဟုတ်ဘူးပေါ့။ ကိုယ်လွဲနေတာတွေ ရှိလည်း ပြုပြင်။ တောင်းပန်။ ပြောသမျှကိုလည်း လိုက်ခံစားမနေနဲ့။ ဒီလို ဆိုလိုတာ။

တစ်ခါတုန်းက (ဦး)သုမောင် Mandalay FM မှာ ပြောတာလေး နားထောင်လိုက်ရတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဒီ ၄ ခုက အစဉ်အတိုင်း လာတာတဲ့။ ဘယ်လိုအစဉ်အတိုင်းလဲဆို လုပ်ရအလွယ်ဆုံးကနေ အခက်ဆုံးကို စဉ်ထားတာတဲ့။ သူ့အမြင်ပေါ့။ ကိုယ်တိုင်လည်း စဉ်းစားမိတော့ ဟုတ်တယ်။ သဘောတူတယ်။မေတ္တာထားဖို့က လွယ်တယ်။ တစ်လောကလုံးကို မထားနိုင်တောင် ကိုယ့်ချစ်သူခင်သူတွေအပေါ်တော့ မေတ္တာ ရှိတာပဲလေ။ ကိုယ့်ထက် နိမ့်ပါးတဲ့သူ၊ ဒုက္ခရောက်နေသူကို ကရုဏာထားဖို့ ဆိုတာလည်း လွယ်သေးတယ်။ ကိုယ့်ထက် သာတဲ့သူ၊ အောင်မြင်နေတဲ့သူကို မုဒိတာ ထားနိုင်ဖို့ကျ နည်းနည်းခက်လာရော။ Congratulations လို့ မန့်သွားကြပေမဲ့ စိတ်ထဲကျ ပျက်စီးစေလိုတဲ့ ဆန္ဒတွေ ရှိချင်ရှိနေတာကိုး။ ကိုယ်တိုင်လည်း စဉ်းစားကြည့်။ မညာစတမ်း ဖြေကြည့်။ ဖြစ်တယ်နော်၊ မနာလိုစိတ်တွေက။ဥပေက္ခာကတော့ အခက်ဆုံးပဲ။ ခက်လို့ပဲ ဘယ်သူကတော့ ငါ့ကို ဘယ်လိုပြောလို့၊ ဘယ်လိုကဲ့ရဲ့လို့၊ ဘယ်လိုခနဲ့လို့ စသဖြင့် ကျွန်တော်တို့ စိတ်တိုနေကြတာပေါ့။ ခွန်းတုံ့ပြန် မပြောမိရင်တောင် စိတ်ထဲ တနုံ့နုံ့နဲ့တော့ ဒေါသတွေ ဖြစ်နေရတာ။ အဲ့ထက် ဆိုးလာရင် အပေါ်မှာ ပြောခဲ့သလို ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေပါ မလုပ်နိုင်၊ မလုပ်ချင်တော့တဲ့အထိ ဖြစ်လာတယ်။

အဲ့တော့ ဥပေက္ခာ ထားနိုင်ဖို့ဆိုရင် ဘာလုပ်သင့်လဲဆိုတော့ သတိအားကောင်း​အောင် လုပ်သင့်တယ်။ တည့်တည့်ပြောရရင် တရားထိုင်သင့်တယ်။ ဝိပဿနာတရား အားထုတ်ကြည့်သင့်တယ်။ဘယ်လိုသက်ဆိုင်လဲ ဆိုတာ ရှင်းပြမယ်။စိတ်ဆိုတာ သူ့အလိုလို ရှိနေတာ မဟုတ်ဘူး။ ဂစ်တာကြိုးနဲ့ လက်နဲ့ ထိလိုက်မှ ဂစ်တာသံ ဆိုတာ ပေါ်လာသလိုပဲ။ စိတ်ဆိုတာလည်း အပြင်မှာရှိတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ တွေးစရာ ဆိုတဲ့ အာရုံ ၆ ပါးနဲ့၊ ကိုယ့်ခန္ဓာကိုယ်မှာ ရှိတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကူး ဆိုတဲ့ Sense organ ၆ ခုနဲ့ ပေါင်းဆုံတော့မှသာ ဖြစ်လာတာ။ဆိုပါတော့။ ကိုယ့်ကို ခနဲ့ပြီး၊ စောင်းချိတ်ပြီး ပြောဆိုထားတဲ့ ကွန်မန့် သို့မဟုတ် ပို့စ်တစ်ခုကို ဖတ်လိုက်ရတယ်။ ဒီပို့စ်နဲ့ ကိုယ့်မျက်စိနဲ့ ပေါင်းဆုံတဲ့အခါ စိတ်ခံစားချက် ဖြစ်လာတယ်။ ဘာလဲဆိုတော့ ဒေါသ။ စိတ်တိုတယ်။ ခံပြင်းတယ်။ အဲ့ကနေမှ သူ့ကို ပြန်ပြောချင် ပြောမယ်။ မပြောဖြစ်ရင်လည်း ဒီဒေါသက ကိုယ့်စိတ်ထဲမှာ တငွေ့ငွေ့နဲ့ ဖွဲမီးလို တောက်လောင်နေတယ်။ တခြားလူအ​ပေါ် ​ပေါက်ကွဲမိချင်လည်း ​ပေါက်ကွဲမယ်။ နေရတာ အဆင်မပြေဘူး။ အဲ့ကနေ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး ဖြစ်လာမယ်။သတိအားကောင်းလာတဲ့အခါ ကိုယ့်စိတ်ကို အခု ကျွန်တော် ရေးထားသလို Slow motion နဲ့ မြင်တတ်လာတယ်။ မြင်နိုင်လာတယ်။ ဒေါသစိတ်ကလေး ဖြစ်တယ်။ ဖြစ်တာကို သိတယ်။ သိတယ် သိတယ်လို့ ရှုမှတ်နေရင်းနဲ့ကို ပျောက်သွားတယ်။ ဂစ်တာသံကလေးဟာ ဂစ်တာကြိုးနဲ့ လက်နဲ့ ထိလိုက်မှ ပေါ်လာတယ်။ ပြီးရင်လည်း ဘယ်ရောက်သွားတယ်ရယ်လို့ မရှိဘဲ ပျောက်သွားတယ်။ ငါ့စိတ်တွေဟာလည်း အဲ့လိုပါပဲလား။ ဒေါသဖြစ်စရာ မြင်တုန်းသာ ဒေါသဖြစ်လိုက်တာ။ ခဏလေးနေရော ပျောက်သွားရော။ စိတ်က စွဲပြီး ပြန်ပြန်တွေးနေလို့သာ ဒေါသဖြစ်တာ။ အတွေးက တခြားပြောင်းလိုက်တာနဲ့ အဲ့ဒီဒေါသလည်း မရှိတော့ပါလား။ အဲ့လိုတွေ သဘောပေါက်လာတဲ့အခါ ဒီလိုမမြဲတဲ့ စိတ်တွေအတွက် ငါ ဘာလို့ အပင်ပန်းခံနေမလဲ ဆိုပြီး ဖြစ်လာမယ်။သတိကပ်ထားတဲ့အခါ ဒေါသဖြစ်စရာမြင်လည်း ဒေါသ မဖြစ်တော့ဘူး။ လောဘတက်စရာမြင်လည်း လောဘ မတက်တော့ဘူး။ ပြောရရင် Reactive မဖြစ်တော့ဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ တွေးစရာ ဆိုတဲ့ အာရုံတွေကို လိုက်တုံ့ပြန်မနေတော့ဘူး။ အဲ့တော့ စိတ်တွေက တည်ငြိမ်လာတယ်။ ကြည်လင်လာတယ်။ အေးချမ်းလာတယ်။၁၀၀ % မတုံ့ပြန်ဖြစ်တော့ဘူး ဆိုတာကတော့ ကျွန်တော်တို့လို သာမန်လူတွေအတွက် ခက်ပါတယ်။ တပ်မက်စရာ ရှိ၊ တပ်မက်ဦးမှာပဲ။ ဒေါသတွေလည်း ရှိဦးမှာပဲ။ ဒါပေမဲ့ အကျိုးမရှိတဲ့ တုံ့ပြန်မှုတွေတော့ မလုပ်တော့ဘူးပေါ့။ဒါကြောင့် သတိ ဆိုတဲ့ Mindfulness ဟာ လုံခြုံရေးအစောင့်နဲ့ တူတယ်။ ရုံးတစ်ရုံးမှာ Security ဝန်ထမ်းသာ မရှိရင် လူတကာ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်လို့ရတဲ့ ဇရပ်နဲ့ တူသွားမှာပေါ့။ အစောင့်ရှိမှ တကယ်ဝင်သင့်တဲ့သူကိုပဲ ပေးဝင်မယ်။ ဒါမှ ရုံးက လူသန့်မယ်။ အာရုံနောက် သက်သာမယ်။ လုံခြုံမှုလည်း ရှိမယ်။ အဲ့လိုပဲ၊ သတိဆိုတဲ့ အစောင့်အကြပ် မရှိတဲ့ ကိုယ့်စိတ်ဟာလည်း ဇရပ်လိုပဲ။ ဒေါသဖြစ်စရာ အမြင်အာရုံက ဝင်လာလိုက်၊ ဒေါသ ဖြစ်လိုက်၊ စိတ်ဓါတ်ကျစရာ အကြားအာရုံ စကားတစ်ခွန်းက ဝင်လာလိုက်၊ စိတ်ဓါတ်ကျသွားလိုက် ဖြစ်နေတော့မှာပေါ့။

ဝိပဿနာတရား အားထုတ်တယ် ဆိုတာ တကယ်တော့ အာရုံတွေအပေါ် လိုက်မခံစားဘဲ (ဒေါသသော်လည်းကောင်း၊ တပ်မက်မှုသော်လည်းကောင်း မဖြစ်စေဘဲ) တည်တည်ငြိမ်ငြိမ် နေနိုင်အောင် ကြိုးစားခြင်းပါပဲ။ ရလဒ်အနေနဲ့ ဥပေက္ခာ ပြုသင့်တာတွေကို ပြုနိုင်လာတယ်။ လူတွေရဲ့ ကဲ့ရဲ့သံ၊ ခနိုးခနဲ့သံတွေကို လျစ်လျူရှုနိုင်ပြီး ကိုယ်လုပ်စရာ ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်လာမယ်။ စိတ်တွေ ပင်ပန်းတာ နည်းလာမယ်။ တပ်မက်မှုတွေ၊ အဲ့ကနေတစ်ဆင့် ဖြစ်လာတဲ့ ပူလောင်မှုတွေလည်း တဖြည်းဖြည်း လျော့ကျလာပါလိမ့်မယ်။

သတိဆိုတဲ့ အစောင့်အကြပ် အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

 သုတ 

open moreonline