ရသ

သင်ရိုးညွှန်းတမ်း ပုံပြင်

By HapEye.net

June 11, 2020

မသိလိုက်ဘဲ မွေးဖွားလာတယ်။ဘာကြောင့်မှန်းမသိ ထမင်းစားတယ်။ရယ်လိုက်၊ ငိုလိုက်၊ အိပ်လိုက် ဆော့လိုက်။ကြီးမားလာတယ်။ကြီးထွားလာတယ်။ပညာသင်တယ်။သူငယ်ချင်း ရတယ်။ပညာ တိုးတယ်။ထမင်းစားရင် ညာလက်နဲ့စားပါ။ဗုဒ္ဓဟူးနေ့ လက်သည်းမညှပ်နဲ့ ခေါင်းမလျှော်နဲ့။စာမေးပွဲ ဖြေခါနီးရင် ဥမစားနဲ့။ငါတို့ ပြောသမျှ မှတ်ထားပါ။လူကြီးတွေကို ပြန်မပြောနဲ့။လိုက်လျောညီထွေ နေထိုင်ပါ။စိတ်ထဲရှိသမျှ အကုန်ထုတ်မပြောနဲ့။စာအုပ်ထဲမှာ အဲ့လိုရေးထားတာပဲ မှန်ပါတယ်။ဒါကိုတော့ ဒီလိုပဲ မှတ်လိုက်ပါ သား။အရမ်းကြီးမတွေးနဲ့။အရေးကြီးတာ အဖြေမှန်ပြီး အမှတ်ကောင်းဖို့။အခြေခံပါအောင် ယူသွား။ဆယ်တန်းမှာ အမှတ်ကောင်းရမယ်။ပြီးရင် တက္ကသိုလ်ကောင်းကောင်းတက်ပါ။ဝါသနာလား သိက္ခာလား။အချိန်တန်ရင် ဘွဲ့ရမယ်။ပြီးရင် အလုပ်တစ်ခုလုပ်။ပိုက်ဆံများများရှာ။မိန်းမချောချောယူပြီးချစ်စရာကလေးတွေမွေး။ဘဝကြီးကို တအိအိ ကုန်ဆုံး။ကလေးတွေကို ကောင်းကောင်းပျိုးထောင်။ပညာသင်ပေးပါ။သူတို့ ပြန်လုပ်ကျွေးတာ ငါတို့ မမျှော်ပါဘူးကွာ။မင်းတို့ဘဝ လမ်းကြောင်းဖြောင့်ဖြူးရင် ပြီးတာပါပဲ။နှစ်တွေရှည်ကြာပြီး လူတွေကို စိတ်ကုန်။အတွေးတွေ ပေါက်။ငါတရားလုပ်မှပဲ။ငါ ဘော်ဒါတစ်ယောက်တောင် ဘဝကူးရှာပြီ။ငါရော မနက်ဖြန်ထိ ခံပါ့မလား။တရားစခန်းဝင်လိုက်။မြေးတွေကို ထိန်းလိုက်။တောတော့ မထွက်။နောက်ဘဝကျချမ်းသာ ရုပ်ချောဥစ္စာပေါအောင်ဒါနသီလ ငါပြုရမည်။ကာလကြာရှည်အိုမင်းမစွမ်းယို့ယွဲ နွမ်းလျကိုယ်လက်ချိနဲ့ကုတင်ပေါ်တက်မျက်ရည်စက်လက်ငါ့ဘဝကားတစ်ခန်းရပ်ချေပြီ။ဘာမှမပါ လက်ဗလာဖြင့်ငါ၏ပစ္စည်း သားသမီးများငါ နှုတ်ဆက်ကာငါ၏ ပုံပြင်ပြီးဆုံးချေပြီ။

ဒူးဒူဒါဒါ ဒူဒါးဒါးဒါ။ဒါဒါဒူးဒူ ဒူဒူဒူး။

Written by Swan Htet (HapEye.Net)