သုတ

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၁)

By HapEye.net

March 20, 2020

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၁) ~~~~ သမ္မတ ဘီလ် ကလင်တန် အရှုပ်တော်ပုံ မတိုင်မီအထိ ၂၀ ရာစု နိုင်ငံရေး အရှုပ်တော်ပုံများထဲတွင် ဝါးတားဂိတ် အရှုပ်တော်ပုံသည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် မဆင်မခြင်အလုပ်ဆုံး အရှုပ်တော်ပုံအဖြစ် သတ်မှတ်ခံခဲ့သည်။ ဝါးတားဂိတ်ဆိုသည်က ဖောက်ထွင်းဝင်ရောက်မှု၊ ထိမ်ချိန်မှု၊ တရားမဝင် ငွေကြေးများ ထားရှိမှု၊ ညစ်ပတ်မှု၊ နာမည်ပျက်စာရင်းဝင်မှု၊ သမ္မတ ဖောက်ပြန်မှု၊ တရားမဝင် အသံခိုးဖမ်းမှုနှင့် ဖျောက်ဖျက်မှုများဖြင့် အဓိပ္ပာယ်သက်ရောက်စေသည်အထိ နာမည်ဆိုး တွင်ခဲ့သည်။ ဝါးတားဂိတ် ရလဒ်မှာ သမ္မတ ရစ်ချပ်နစ်ဆင်သည် အမေရိကန် သမ္မတ ရာထူးမှ ပထမဦးဆုံး နုတ်ထွက်ခိုင်းခြင်း ခံရသည့် သမ္မတ တစ်ဦး ဖြစ်လာသည်။

ဝါးတားဂိတ် အရှုပ်တော်ပုံသည် ရစ်ချပ်နစ်ဆင်၏ အကျင့်စရိုက်နှင့်လည်း များစွာ ပက်သက်နေကြောင်း တွေ့ရသည်။ သူ့ကို ကာလီဖိုးနီးယားရှိ မြို့လေးတစ်မြို့တွင် မွေးဖွားခဲ့သည်။ ကိုယ်တိုင်က အမြဲတမ်း လူ့အသိုင်းအဝိုင်း ပြင်ပရောက်နေသူ တစ်ယောက်ပမာ ခံစားနေရသူလည်း ဖြစ်သည်။ သမ္မတရာထူး ထမ်းဆောင်နေချိန်၌ပင် သတင်းမီဒီယာအပေါ် အတော်လေး အထင်အမြင်သေးသူတစ်ယောက် ဖြစ်သည်။ ငါသာလျှင် အမှန်တရား ဟု ထင်တတ်သူတစ်ယောက် ဖြစ်သဖြင့်လည်း သူ့ကို နိုင်ငံရေးသမားအချို့က မုန်းတီးသည့်အပြင် ကြောက်လည်းကြောက်ကြသည်ဟု ဆိုသည်။

တကယ်တော့ နစ်ဆင်၏ ခြေလှမ်း စချကတည်းက မှားသည်ဟု ဆိုရမည်။ လူငယ်လွှတ်တော်အမတ်ဘဝတွင် လွှတ်တော်၏ အမေရိကန် မဟုတ်သူများ လှုပ်ရှားမှု ကော်မတီကို ကိုင်တွယ်ရပြီး အယ်လ်ဂါဟစ်ကို ကျဆုံးစေရန် အဓိကကျသည့်နေရာတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ အယ်လ်ဂါဟစ်သည် ဆိုဗီယက် စပိုင် အဖြစ် စွပ်စွဲခံလိုက်ရသူလည်း ဖြစ်သည်။

ပါတီအတွင်း ၁၉၅၂ ခုနှစ်လောက်ကတည်းက အိုင်စင်ဟောင်ဝါ နှင့်အတူ ဒု-သမ္မတအဖြစ် အရွေးခံရန် တစ်ပြေးနေခဲ့သည်။ ထိုအချိန်ကတည်းက ကာလီဖိုးနီးယား စီးပွားရေးသမားတစ်ဦးထံမှ တရားမဝင် ငွေကြေးများ လက်ခံမှုနှင့် ပက်သက်ပြီး သံသယ ဖြစ်ခံခဲ့ရသည်။ နစ်ဆင်က ရုပ်သံဌာနတစ်ခုသို့ ချက်ချင်းပြေးပြီး သူ့နာမည်ကျော် ‘Checkers’ ဆိုသည့် မိန့်ခွန်းကို ပြောကြားကာ သူ မည်မျှ အပြစ်ကင်းစင်ကြောင်း ခုခံ ကာကွယ်ခဲ့သည်။ သူက သားမွေးဝတ်စုံကို ဇနီးဖြစ်သူ ပက်အား ဝတ်ခိုင်းခြင်းထက် ချည်ထည် ဝတ်စုံဟောင်းကိုသာ ဝတ်ဆင်စေမည်ဟု ကြွေးကြော်ခဲ့သူ ဖြစ်သည်။ သူ့မိသားစုအနေဖြင့် ဘဝတွင် လက်ဆောင်တစ်ခုသာ ရရှိဖူးကြောင်း၊ ထိုလက်ဆောင်မှာ ချက်ကာ ဟု ခေါ်သည့် ခွေးကလေးဖြစ်ကြောင်း၊ ထိုခွေးလေးကို ပြန်ပေးရမည်ဆိုလျှင်တော့ စိတ်ဆိုးကြောင်း အင်တာဗျူးသူများကို ပြန်ပြောပြခဲ့သည်။ ထိုသို့ ရုပ်သံမှတစ်ဆင့် ပွဲတစ်ပွဲ ထွင်လိုက်ခြင်းသည် အတော်လေး အောင်မြင်သွားသည် ဟု ဆိုရမည်။ ထိုအချိန်မှ စပြီး သူ့ကို ပြိုင်ဘက်များက ‘Tricky-Dicky’ ဟု နောက်ပြောင် ခေါ်ကြတော့သည်။

ဒုတိယသမ္မတအဖြစ် နှစ်ကြိမ် ထမ်းဆောင်ပြီးမှ နစ်ဆင်သည် အိုင်စင်ဟောင်ဝါကို ကျော်ပြီး သမ္မတလောင်းအဖြစ် အရွေးခံရန် စာရင်းတင်သွင်းခြင်း ခံခဲ့ရသည်။ သို့သော် ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဂျွန် အက်ဖ် ကနေဒီကို ပွတ်ကာသီကာ ကပ်ပြီး ရှုံးနိမ့်ခဲ့သည်။ ကနေဒီသည် အိုင်းရစ် ကက်သလစ် တစ်ယောက်ဖြစ်သော်လည်း နစ်ဆင်၏မျက်လုံးထဲတွင် ချမ်းသာကြွယ်ဝသူ ဖြစ်နေသဖြင့် အမုန်းကြီး မုန်းတီးနေခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးအတွက် ဝင်ရောက် အရွေးခံကတည်းက အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။ နောက်တစ်နေ့ သတင်းစာရှင်းလင်းပွဲတွင် သူက သတင်းထောက်များကို “၁၆ နှစ်လောက်ရှိပြီ၊ ခင်ဗျားတို့ ဟာသလုပ်ကြတာ၊ ခုတော့ ခင်ဗျားတို့ နစ်ဆင် ဆိုတဲ့ကောင်ကို ကန်ထုတ်စရာ မလိုတော့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ ကျွန်တော့်ရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲ ဖြစ်လို့ပါပဲ” ဟု ပြောဆိုခဲ့သည်။

သို့သော် သူ မှားသွားသည်။ နောက်ထပ် ကန်လောက်စရာ အချက်တွေ ထပ်တွေ့လာရ၍ ဖြစ်သည်။ သူနှင့် သူ့ရွေးကောက်ပွဲ မန်နေဂျာတော့ ဟယ်ဒီမန်းတို့သည် ရွေးကောက်ပွဲတွင် မသမာမှုများဖြင့် စည်းရုံးလှုပ်ရှားခဲ့သည်ဟု သတ်မှတ်ကာ ဒဏ်ငွေရိုက်ခြင်း ခံလိုက်ရပြန်သည်။ သို့သော် အာဏာကို ငမ်းငမ်းတက် လိုချင်သည့် ဆန္ဒတွေက မျိုသိပ်၍ မရနိုင်တော့ပေ။

ရီပတ်ဘလီကန်ပါတီအတွင်း၌ ဘာရီ ဂိုးဝါတာသည် လင်ဒန် ဂျွန်ဆင်ကို ခွက်ခွက်လန် ရှုံးနိမ့်သွားပြီးနောက် နစ်ဆင်သည် ပါတီတွင် ထင်ရှားသည့်နေရာသို့ ရောက်ရှိလာခဲ့ရသည်။ ၁၉၆၈ ခုနှစ်တွင် ရီပတ်ဘလီကန် သမ္မတလောင်း စာရင်းတင်သွင်းမှုတွင် တစ်ကြိမ် ထပ်ပါခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ ကံကောင်းသည်ဟု ဆိုရမည်။ ဂျွန်ဆင်၏ ပြည်တွင်းပေါ်လစီများသည် ဗီယက်နမ်စစ်ပွဲတွင် ပက်သက်မိသဖြင့် မရှူနိုင် မကယ်နိုင် ဖြစ်နေချိန်နှင့် သွားပြီး တိုက်ဆိုင်နေသည်။ ရောဘတ်ကနေဒီ လုပ်ကြံ သတ်ဖြတ်ခြင်းခံလိုက်ရခြင်းကလည်း ဒီမိုကရက်တို့အဖို့ ခေါင်းဆောင်ကောင်းတစ်ယောက် အဆုံးရှုံးခံလိုက်ရသလို ဖြစ်သွားသည်။ ထို့ပြင် မာတင် လူသာကင်းပါ လုပ်ကြံသတ်ဖြတ် ခံလိုက်ရပြန်သဖြင့် လူမျိုးရေး အကြမ်းဖက်မှုတွေက ထိန်းမနိုင် သိမ်းမရ ဖြစ်နေချိန်နှင့် ရင်ဆိုင်နေကြရသည်။

မြို့တော်ဝန် ဒါလေး၏ ကြမ်းတမ်းရက်စက်သည့် ရဲတပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆန္ဒပြသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကြားတွင် တိုက်ပွဲများ ဖြစ်ပွားပြီး နောက် ရှီကာဂိုတွင် ကျင်းပခဲ့သည့် ညီလာခံတွင် ဒီမိုကရက်တို့ အင်အားကျဆင်းခဲ့ရသည်။ နစ်ဆင်က ဆိတ်ဆိတ်နေသည့် လူများစုအရေး (silent majority) ကို ဦးစားပေးမည်၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အားနည်းချက်ကို နင်းပြီး နစ်ဆင် လိုက်တက်လာသည်။ ဒီမိုကရက်တို့၏ သမ္မတအဖြစ် လျာထားခြင်းခံရသည့် ဟူးဘတ် ဟမ်ဖရေသည် အရည်အချင်း ပြည့်ဝပြီး အပြစ်ကင်းစင်သူ တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သမ္မတ ဂျွန်ဆင် လက်ထက်တွင် ဒု-သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် စစ်ပွဲ အကျိုးဆက်က သူ့အပေါ်တွင် စွန်းထင်း သက်ရောက်နေသည်။ နစ်ဆင်သည် စစ်ပွဲကို အဆုံးသတ်ပေးပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ငြိမ်းချမ်းရေးကို အရယူပေးမည်ဟု ကတိတွေ ပေးထားသည်။ ထိုကတိများဖြင့်ပင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ဝါးတားဂိတ် အရှုပ်တော်ပုံ (အပိုင်း – ၁)

တင်ညွှန့် ရေးသားသော ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Open More Online