ကုမ္ပဏီ ဝန်ထမ်းတွေ ဟာ ကိုယ့်ကုမ္ပဏီကို အကောင်းမြင်ပြီး ဂုဏ် လည်း ယူတတ်ရင် ဒီကုမ္ပဏီဟာ ပိုမိုစည်းလုံးပြီး ပိုမိုလုပ်ငန်းကျွမ်းကျင်လာမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်လည်း ပိုမိုနာမည်ကောင်းခိုင်မာလာမှာဖြစ်တယ်။ ဝန်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား၊ လုပ်ထားတဲ့အလုပ်ရဲ့ အရည်အသွေးနဲ့ လုပ်ငန်းခွင် စိတ်ကျေနပ်မှုတွေလည်း တိုးလာမှာဖြစ်တယ်။
အယူအဆ ဝန်ထမ်းတွေ ဟာ ကိုယ့်ဆီမှာလုပ်ရတာ ပျော်ရဲ့လား၊ ကိုယ့်လုပ်ငန်းမှာ လာလုပ်ကြသူတွေ လုပ်ငန်းကို ဂုဏ်ယူတယ်ဆိုတာ အကြောင်းအမျိုးမျိုး ရှိတယ်။ ကိုယ့်ကုမ္ပဏီရဲ့ ရည်ရွယ်ချက်၊ အောင်မြင်မှု၊ အချင်းချင်းတရားသဖြင့် ပြုမှုဆက်ဆံမှု၊ ခေါင်းဆောင်ပိုင်းရဲ့ အရည်အသွေး၊ ထုတ်လုပ်တဲ့ပစ္စည်းတွေရဲ့ အရည်အသွေး၊ ဒီပစ္စည်းတွေကို လူတွေကြိုက်၊ မကြိုက်စတဲ့ အကြောင်းတွေဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး Taylor Nelson Sofres ( TNS ) ကို နမူနာအဖြစ် ပြနိုင်တယ်။ ဒီကုမ္ပဏီဟာ ဈေးကွက်သတင်း အချက် အလက်ဆိုင်ရာ ကုမ္ပဏီဖြစ်ပြီး ကမ္ဘာအနှံ အချိန်ပြည့်ဝန်ထမ်းပေါင်း ၁၄,၀၀၀ ကျော်ရှိတယ်။ သူ့လုပ်ငန်းက ဈေးကွက်သတင်းအချက်အလက်တွေကို စုဆောင်းခြင်း၊ ဆန်းစစ်ခြင်း၊ အဓိပ္ပာယ်ကောက်ယူခြင်း စတာတွေကို ဆောင်ရွက်ပြီး ထုတ်ဝေဖြန့်ချိတာဖြစ်တယ်။ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ သဘောထား စစ်တမ်းတွေကိုလည်း ကောက်ယူတယ်။ ဒီကုမ္ပဏီရဲ့လုပ်ငန်းတွေကို နိုင်ငံပေါင်း ၇၀ မှာ ဖြန့်ကြက်ထားပြီး အများအားဖြင့် တခြားကုမ္ပဏီတွေကို ဝယ်ယူလုပ်ကိုင်တာဖြစ်တယ်။ ဒါကြောင့် အဲဒီကုမ္ပဏီတွေက ပါလာတဲ့ ဝန်ထမ်းတွေဟာ ဒေသခံမူလ ကုမ္ပဏီကိုပဲ ပိုပြီး သံယောဇဉ်ရှိကြတယ်။ TNS ကုမ္ပဏီအုပ်စုကြီးအနေနဲ့က တော့ သူတို့နဲ့ ဝေးနေသလို ‘ နိုင်ငံခြားကပါ ’ ဆိုတဲ့ အသိကရှိနေတယ်။ ဒါပေမဲ့ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အရှေ့တောင်အာရှမှာ ဆူနာမီ ဘေးသင့်သွားတဲ့ အဲဒီဒေသက TNS အမှုဆောင်အရာရှိတစ်ဦးအတွက် အပါအဝင် ဒုက္ခသည်တွေအတွက် UNICEF က တစ်ဆင့် ကယ်ဆယ်ရေး အလှူငွေ ဒေါ်လာ ၂၅၀,၀၀၀ ကို ပေးအပ်လိုက်တယ်။ အခုလို ပရဟိတစေတနာ လုပ်ရပ်ကြောင့် ဝန်ထမ်းတွေ စည်းလုံးညီညွတ်လာကြတယ်။ ကုမ္ပဏီမှာ လုပ်ရတာ ဂုဏ်ယူတတ်လာတယ်။ အထက်ပါ TNS နမူနာမှာ တင်ပြခဲ့တဲ့အတိုင်း ရိုးရိုးစင်းစင်းလေးနဲ့ ကောင်းတာတွေကိုလုပ်ရင် ဝန်ထမ်းတွေဟာ အလုပ်လုပ်ရတာပျော်ပြီး ဂုဏ်လည်းယူတတ်ကာ အလုပ်ကြိုးစားချင်စိတ်တွေလည်း တိုးပွားလာနိုင်တယ်။
လက်တွေ့ဆောင်ရွက်ရန်– ကုမ္ပဏီအနေနဲ့ လူမှုရေးအရ ကူညီသင့်တာတွေ ကူညီပေးပါ။ ငွေလှူဒါန်းတာ ကူညီဖို့အတွက် ငွေကောက်ခံပေးတာ ဒါမှမဟုတ် ပိုပြီး ဂရုဏာသဘောသက်ဝင်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်ပေးတာတွေ ဖြစ်တယ်။– ဝန်ထမ်းတွေကို အများအကျိုးအတွက် အခမဲ့ဆောင်ရွက် လုပ်ကိုင်ပေးတာ၊ ငွေကောက်ခံပေးတာ စတဲ့အလုပ်တွေမှာ ပါဝင်လာနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးပါ။– အနုတ်လက္ခဏာဆောင်တဲ့ လုပ်ငန်းလုပ်ကိုင်ပုံတွေကို ရှောင်ပါ။ လူတွေက အမြင်စောင်းနေတဲ့ ကုမ္ပဏီတွေ၊ ဝန်ထမ်းတွေ သိပ်လုပ်ချင်ကြမှာ မဟုတ်ဘူး။– ဝန်ထမ်းတွေကိုလည်း သူတို့ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ အလုပ်တွေကြောင့် အများပြည်သူတွေ အကျိုးရှိသွားကြတယ်ဆိုတာ ပြောပြပေးပါ။
ဆရာညွန့်သောင်းရေးသားထားသော စီးပွားရေးဆိုင်ရာ အယူအဆချက်များမှာ ကူးယူးဖော်ပြသည်။