အငြင်းပွားမှု တွေကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်း။
အခန်း(၆)ရဲ့ အရေးကြီးတဲ့ ခေါင်းစဉ်ခွဲအဖြစ် အငြင်းပွားမှု တွေကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်းကို ဖော်ပြရခြင်း ဖြစ်ပါတယ်။ ဆိုလိုချင်တာက အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို နောက်ကြောင်းပြန် လေ့လာကြည့်ရင် ၁၃၄၉ ခုနစ်၊ အလယ်ခေတ် အင်္ဂလန်မှာ အက်ဒွက် ဘုရင်ကြီးက ထုတ်ပြန်ခဲ့တဲ့ အမိန့်ဒီဂရီကို မြင်ရပါလိမ့်မယ်။ ဆိုလိုတာက စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အနေနဲ့ ခေတ်သတ်အနိမ့်ဆုံး လစာသတ်မှတ်ချက် ဥပဒေရဲ့အစ အက်ဒွက်ဘုရင်ကြီးကပါပဲဆိုတဲ့ အချက်ကို မသိလို့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်လုပ်ငန်းထဲမှာ အလုပ်သမားနဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဥပဒေနဲ့အညီ ဘယ်လိုဖြေရှင်းမလဲ၊ စီစဉ်ဆောင်ရွက်ရမလဲ ဆိုတာက လက်တွေ့မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စပါပဲ။ အလုပ်သမားနဲ့ ပတ်သတ်တဲ့ အငြင်းပွားမှုအပေါ် ဖြေရှင်းချက်တွေက တရားမျှတမှု၊ ဥပဒေနဲ့ ညီညွတ်မှုတွေ မဖြစ်ဘူးဆိုရင် လုပ်ငန်းအပေါ်မှာ မျှော်မှန်းမထားနိူင်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေပါတယ်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေရဲ့ ရည်ရွယ်ချက်။
ဒီဥပဒေကို ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်က အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့၊ အလုပ်ရှင် အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့ အငြင်းပွားမှုတွေကို ဥပဒေနဲ့အညီ ဖြေရှင်းနိူင်ဖို့ ဖြစ်တယ်။ ဝန်ထမ်းဆိုတာ လုပ်ငန်းရဲ့ အသည်းနှလုံး၊ အလုပ်ရှင်ဆိုတာ လုပ်ငန်းရဲ့ အသက်သွေးကြော ဖြစ်နေတာကြောင့် အသည်းနှလုံးနဲ့ အသက်သွေးကြောအကြားက ပဋိပက္ခကို ဖြေရှင်းနိူင်ရင် ဟန်ချက်ညီတဲ့ စီးပွားရေးဇီဝကမ္မဖြစ်စဉ်ဆိုတဲ့ အကျိုးဆက်ကို ရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဥပဒေကို သိရှိသင့်ပါတယ်။ လေ့လာထားသင့်ပါတယ်။ လုပ်ငန်းရှင်တစ်ဦး အနေနဲ့ ပုဒ်မတွေ အသေးစိတ် သိရှိဖို့ မလိုအပ်ပေမယ့် လုပ်ငန်းခွင် ဆိုတာ အငြင်းပွားမှုတွေ ဖြစ်တတ်တဲ့ ဓမ္မတာရှိတာကြောင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို သိရှိထားရပါလိမ့်မယ်။
အငြင်းပွားမှု ကို ဘယ်လိုဖြေရှင်းမလဲ။
အလုပ်ရှင် ဒါမှမဟုတ် အလုပ်သမား တစ်ဖက်ဖက်က မိမိတို့ရဲ့ နစ်နာချက်ကို တစ်ဦးချင်း အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို တိုင်ကြားနိူင်ပြီး ကျေနပ်မှု မရှိခဲ့ရင် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင် လွှဲအပ်ထားတဲ့ ကိုယ်စားလှယ်ကတစ်ဆင့်ဖြစ်စေ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးကို လျှောက်ထားနိူင်ပါတယ် (အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ(၂၃))။ ဘယ်လုပ်ငန်းရှင်မဆို တိုင်ကြားမှုကို လာရောက်ညှိနှိုင်းဖြေရှင်းဖို့ ခိုင်မာတဲ့ အကြောင်းပြချက် မရှိဘဲ ပျက်ကွက်လို့ မရပါဘူး (ပုဒ်မ(၃၈))။ ဒါကြောင့် အလုပ်ရှင်ဖြစ်သူတွေအနေနဲ့ တိုင်ကြားမှုကို ညှိနှိုင်းဖြေရှင်းဖို့ အလေးထားရပါမယ်။ ပျက်ကွက်ခဲ့မယ်ဆိုရင် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်း ချမှတ်ခံရပါမယ် (ပုဒ်မ (၄၆))။အငြင်းပွားမှုကို ဖြေရှင်းပေးထားတဲ့ ခုံအဖွဲ့ဟာ အငြင်းပွားမှုကို လက်ခံရရှိတဲ့ နေ့ရက်ကစပြီး တရားဝင်ရုံးပိတ်ရက်မပါ ၁၄ရက် အတွင်း ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ် (ပုဒ်မ ၂၈ ပုဒ်မခွဲ(က))။ ခုံသမာဓိ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်အငြင်းပွားသူတွေက သဘောတူတယ်ဆိုရင် အဲဒီဆုံးဖြတ်ချက် ချမှတ်တဲ့ နေ့ကစပြီး အတည်ဖြစ်တယ် (ပုဒ်မ (၃၄))။ အဲဒီလို အတည်ဖြစ်ပြီးသွားတဲ့ ဆုံးဖြတ်ချက်ကို အငြင်းပွားမှုတွေနဲ့ သက်ဆိုင်သူအားလုံး၊ အငြင်းပွားမှုမှာ ပါဝင်တဲ့ အလုပ်ရှင်ရဲ့ ဥပဒေအရ တရားဝင် ဆက်ခံသူတွေ၊ အငြင်းပွားမှုဖြစ်တဲ့အချိန်မှာ အငြင်းပွားမှု ဖြစ်ပွားပြီး နောက်ပိုင်း အဲဒီလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားအားလုံးက လိုက်နာကြရမှာဖြစ်တယ် (ပုဒ်မ (၃၇)(က)(ခ)(ဂ))။
အလုပ်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်ရမည့် အချက်များ။
၂၀၁၃ ခုနစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်ဆိုင်ရာ သဘောတူစာချုပ်ပုံစံနှင့် အလုပ်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို နိူင်ငံတော်အနေနဲ့ ဘက်ပေါင်းစုံကနေ စဉ်းစားသုံးသပ်ပြီး ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရတဲ့ အကြောင်းကလည်း အစိုးရ တစ်ရပ်မှာ ခိုင်ခိုင်မာမာ ရှိပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်တဲ့ ဥပဒေတွေကို အဓိက သိရှိနားလည်ရမှာ ဖြစ်ပေမယ့်လည်း ဘာကြောင့် အလုပ်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးက နိူင်ငံအတွက် အရေးကြီးသလဲ ဆိုတာကိုလည်း သိရှိထားသင့်ပါတယ်။ ဒါမှသာ နိူင်ငံတော်ရဲ့ မူဝါဒအပြောင်းအလဲတွေ အပေါ်မှာ သဘောပေါက်ပြီး ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ စီးပွားရေးတည်ဆောင်မှုပုံစံ၊ ဥပဒေ စီမံချက်တွေကို အလိုက်သင့် ပြောင်းလဲ ရွေ့လျားနိူင်မှာ ဖြစ်ပါတယ်။ကိုယ့်လုပ်ငန်းထဲမှာရှိတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းရဲ့ အရေးကြီးတဲ့ ပုံသေရပိုင်ခွင့်တွေ ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ အရည်အသွေး မြင့်မားလာတာဟာ လုပ်ငန်းအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်စေသလို ရေရှည်ဖွံ့ဖြိုးရေးကိုလည်း များစွာ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ဦး အနေနဲ့ လုပ်ငန်းခွင်မှာ ရှိတဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ အရည်အသွေး မြင့်မားလာအောင်၊ အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်စုံ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပဒေအရ သိရှိသင့်တာတွေကိုလည်း သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။ မြန်မာနိူင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားအရင်းအမြစ် တိုးတက်ရေး၊ ရိုးရိုးဆိုရရင် လူတွေ တော်ဖို့က အင်မတန်မှကို အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ မြန်ဆန်တဲ့ လူမှုစီးပွားပြောင်းလဲရေးအတွက် လူငယ်ထု တစ်ရပ်လုံးကို တော်ဖို့ ထူးချွန်ဖို့ ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနှင့်လည်း အလုပ်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်ရမယ့် အချက်တွေကို သိရှိထားရမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မိမိလုပ်ငန်းမှာ ခန့်အပ်ဖို့လျာထားတဲ့ အလုပ်သမားနဲ့ လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုအဆင့် မြင့်မားလာဖို့ အတွက် လေ့ကျင့်ရေး အစီအစဉ်တွေကို လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ (၁၄))။ ဒါ့အပြင် အလုပ်ရှင်အနေနဲ့ အလုပ်သမားတွေရဲ့ အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့်မြင့်မားစေဖို့ လေ့ကျင့်ရေး အစီအစဉ်တွေ လုပ်ဆောင်တဲ့ နေရာမှာ လုပ်ငန်းခွင် သင်တန်း ဖွင့်လှစ်ခြင်း၊ လုပ်ငန်းခွင်မှာ စနစ်တကျ သင်ကြားပေးခြင်း၊ လုပ်ငန်းပြင်ပ သင်တန်းတွေကို စေလွှတ်ခြင်း၊ သတင်း အချက်အလက် နည်းပညာအသုံးပြုတဲ့ စနစ်နဲ့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်တဲ့ နေရာမှာ လုပ်ငန်းတစ်ခုချင်း ဖြစ်စေ၊ လုပ်ငန်းတွေ ပေါင်းစပ်ပြီး ဖြစ်စေ၊ ဝန်ထမ်းတစ်ဦးချင်း ဒါမှမဟုတ် အုပ်စုလိုက်ဖြစ်စေ သင်ကြားဖို့ စီစဉ်ဆောင်ရွက် ပေးနိူင်ပါတယ် (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ (၁၅)(က))။ အဆိုပါ ဥပဒေ အပိုဒ်ခွဲ (ခ) အရ အသက် ၁၆ နှစ်ပြည့်ပြီးတဲ့ လူငယ်တွေကို အလုပ်သင်အနေနဲ့ ခန့်ထားနိူင် ပါတယ်။ ဒါ့အပြင် လူငယ်တွေရဲ့ ကျွမ်းကျင်ဖွံ့ဖြိုးမှု တိုးတက်ရေး အဖွဲ့မှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ အတတ်ပညာရပ်တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့ လုပ်ငန်းရှင်အနေနဲ့ လုပ်ဆောင်နိူင် ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်မှုဆိုင်ရာ သက်သေခံလက်မှတ် အတုတွေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းမှာ လိမ်လည်ပြီး အလုပ်လာလျှောက်ထားမှုမျိုးကိုလည်း လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကြုံရနိူင်ပါသေးတယ်။ မည်သူမဆို ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် အတုပြုလုပ်ကြောင်း ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ခုနစ်နှစ်ထက် မပိုသော ပြစ်ဒဏ် ချမှတ်နိူင်သလို ငွေဒဏ်လည်း ချမှတ်နိူင်ပါတယ် (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ(၃၄))။