အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်။စာချုပ်ချုပ်ဆိုခြင်း။လုပ်ငန်းခွင် တစ်ခုမှာ ဝန်ထမ်းတစ်ဦးအနေနဲ့ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းတွေ၊ လုပ်ငန်းရှင်တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေကို သိရှိနားလည်ပြီဆိုရင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေနဲ့ သိသင့်သိထိုက်တဲ့ နောက်ထပ်အချက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းပါပဲ။
အလုပ်ရှင်ဟာ အလုပ်သမားကို အလုပ်လုပ်ဖို့ ခန့်အပ်ပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုရပါမယ်။ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ ပုဒ်မ(၅)(က)(၁)။ ဒါပေမယ့် အလုပ်ခန့်ထားတဲ့ ပုံစံက အကြိုသင်တန်းကာလ အစမ်းခန့်ဖြစ်မယ် ဆိုရင်တော့ အဆိုပါ ပုဒ်မက အကျုံးမဝင်ပါဘူး။ အဲဒီလို အလုပ်ခန့်ထားမှု သဘောတူညီမှု စာချုပ်ချုပ်ဆိုတဲ့နေရာမှာ အလုပ်အကိုင် အမျိုးအစား၊ အစမ်းခန့်ကာလ၊ လုပ်ခလစာ၊ အလုပ်အကိုင် တည်နေရာ၊ စာချုပ်သက်တမ်း၊ အလုပ်ချိန်၊ နားရက် အလုပ်ပိတ်ရက်နှင့် ခွင့်ရက်၊ အချိန်ပိုလုပ်ကိုင်ခြင်း စတဲ့အချက်တွေ ပါဝင်ရမှာ ဖြစ်တယ်။ တကယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အနေနဲ့ အဲဒီလို စာချုပ်ချုပ်ဆိုမှု ပြုလုပ်တဲ့ နေရာမှာ မရှင်းလင်းတာတွေ ရှိနေမယ်ဆိုရင် ဥပဒေဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကို ဆက်သွယ်ပြီး ဝန်ဆောင်မှုတွေ ရယူနိူင်ပါတယ်။
အနိမ့်ဆုံးလစာနှုန်းထား။စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အနိမ့်ဆုံးလစာနှုန်းထား ကို သိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အနိမ့်ဆုံး လစာနှုန်းထား ဆိုတာ လုပ်ငန်းရှင်အနေနဲ့ ဝန်ထမ်းတစ်ဦးကို တရားဝင်ပေးနိူင်တဲ့ အနိမ့်ဆုံး လုပ်အားခ ဖြစ်သလို ဝန်ထမ်းအနေနဲ့လည်း အနည်းဆုံး ကြမ်းခင်းဈေး အဲဒီလောက်မှ မရရင် လုပ်အားကို မရောင်းနိူင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ နိူင်ငံအလိုက် အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်ချက်တွေ ရှိသလို အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်ချက် ဥပဒေနဲ့ ပတ်သတ်ပြီး အကျိုးနဲ့ အပြစ်ပေါ်မှာ ထောက်ခံသူရော ကန့်ကွက်တဲ့ အမြင်ရှိသူတွေရော ရှိပါတယ်။ ထောက်ခံတဲ့ဘက်က ဆိုရရင် အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်ပေးတာကြောင့် ဝန်ထမ်းရဲ့ ဘဝနေထိုင်မှုပုံစံ မြင့်မားလာမယ်။ ဆင်းရဲမွဲတေမှုကို လျော့ချနိူင်မယ်။ မညီမျှမှုတွေကို လျှော့နည်းစေမှာ ဖြစ်သလို ကိုယ်ကျင့်တရားပိုင်းစံနှုန်းအရလည်း မြင့်တက်လာမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက် အနေနဲ့ ကန့်ကွက်သူတွေ ဘက်ကလည်း အနိမ့်ဆုံးလစာငွေနှုန်းထား သတ်မှတ် လိုက်တာကြောင့် ဆင်းရဲမွဲတေမှု တိုးပွားစေလိမ့်မယ်။ အလုပ်လက်မဲ့ တိုးပွားလာစေပြီး စီးပွားရေးကို ပျက်စီးစေလိမ့်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အကြောင်းကတော့ အနိမ့်ဆုံးလစာ သတ်မှတ်ချက်က ဆက်တိုက်ကြီး မြင့်တက်လာနေတာကြောင့် စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ တိုးပေးရတာကို ကာမိစေဖို့အတွက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေကို မြှင့်တင်ကြရမှာ မို့လို့ပါပဲ။
နိူင်ငံအများစုက ၂၀ရာစု နှောင်းပိုင်းရောက်မှ အနိမ့်ဆုံး လစာ နှုန်းထား သတ်မှတ်ချက်ကို ဥပဒေ ပြဋ္ဌာန်း ခဲ့ကြတာဖြစ်ပြီး ခေတ်သစ်အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်ချက် ဥပဒေကိုတော့ ၁၈၉၀ ပြည့်နှစ်တွေမှာ နယူးဇီလန်နဲ့ သြစတေးလျနိူင်ငံတို့က စတင် ဥပဒေပြုခဲ့ကြတာ ဖြစ်ပါတယ်။ ခေတ်သစ်အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်ချက် ဥပဒေကို နောက်ကြောင်းပြန်လေ့လာကြည့်ရင် ၁၃၄၉ ခုနစ်၊ အလယ်ခေတ်အင်္ဂလန်မှာ အက်ဒွက် ဘုရင်ကြီးက ထုတ်ပြန်ခဲ့တဲ့ အမိန့်ဒီကရီကို မြင်ရပါလိမ့်မယ်။ ဆိုလိုတာက ခေတ်သစ်အနိမ့်ဆုံး လစာ သတ်မှတ်ချက် ဥပဒေရဲ့အစ အက်ဒွက်ဘုရင်ကြီးပါပဲ။ ၁၃၄၈ ခုနစ် ဆောင်းဦးပေါက်မှာ အင်္ဂလန်နိူင်ငံကို ပုလိပ်ရောဂါကပ်ဆိုးက ဝင်ရောက် မွှေနှောက် ပါတယ်။ ဒါကြောင့်လူတွေ အများကြီး သေကြေကုန်တယ်။ ဒါကြောင့် အလုပ်သမား ပြတ်လပ်မှု ဖြစ်ပြီး လုပ်အားခတွေလည်း အဆမတန် တက်ကုန်တယ်။ ဒါကြောင့် အက်ဒွက်ဘုရင်ကြီးက နှုန်းထားတစ်ခု သတ်မှတ်ပေးလိုက်တယ်။ အဲဒီနှုန်းထားထက် ပိုပေးတဲ့သူကို အပြစ်ချမှတ်ခဲ့တယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာတော့ အနိမ့်ဆုံးလစာ သတ်မှတ်ချက် ဥပဒေဟာ မက်ခရိုဘောကဗေဒနဲ့ မိုက်ခရိုဘောဂဗေဒ နှစ်မျိုးစလုံး အတွက် အင်မတန် အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ရပ်ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ အနိမ့်ဆုံးလစာနှုန်းထား သတ်မှတ်ချက် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းထားသလို မြန်မာနိုင်ငံမှာလည်း အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနစ်မှာ ပြဋ္ဌာန်းပါတယ်။ ဒါဟာ မြန်မာနိူင်ငံရဲ့ ပထမဆုံး ဥပဒေပြဋ္ဌာန်းချက်တော့ မဟုတ်ပါဘူး။ သူ့ရှေ့မှာ ၁၉၄၉ ခုနစ်၊ အနည်းဆုံးအခကြေးငွေ အက်ဥပဒေ (၁၉၄၉ ခုနစ်၊ အက်ဥပဒေအမှတ် ၆၆) နဲ့ လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ (၁၉၄၈ ခုနစ်၊ အက်ဥပဒေမှတ် ၄၄) ဆိုပြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ဥပဒေတွေဟာ ၂၀၁၃ ခုနစ်မှာ စတင်ပြဋ္ဌာန်းပြီး စတင်အသက်ဝင်ချိန်ကစလို့ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာစီးပွားရေး လုပ်ငန်းရှင် တစ်ဦးအနေနဲ့ မြန်မာနိူင်ငံရဲ့ အနည်းဆုံး အခကြေးငွေ ဥပဒေကို မဖြစ်မနေ သိရှိထားဖို့ အရေးကြီးပါတယ်။
၂၀၁၃ မြန်မာနိုင်ငံ အနည်းဆုံးအခကြေးငွေ ဥပဒေမှာတော့ အဲဒီလို အနည်းဆုံး အခကြေးငွေနှုန်းထားတစ်ခု သတ်မှတ်တဲ့နေရာမှာ အောက်ပါအချက်အလက်တွေကို အခြေခံပြီး သတ်မှတ်ရမယ်လို့ ဖော်ပြပါတယ်။ (ပုဒ်မ(၇))။(က) အလုပ်သမားများနှင့် ယင်းတို့၏ မိသားစု လိုအပ်ချက်များ၊(ခ) လက်ရှိလုပ်ခများ(ဂ) လူမှုဖူလုံရေး အကျိုးခံစားခွင့်များ(ဃ) စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ ပြောင်းလဲချက်များ(င) လိုက်လျောညီထွေမှုရှိမည့် လူနေမှုဘဝ အဆင့်အတန်း(စ) နိူင်ငံတော်၏ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ(ဆ) နိူင်ငံတော်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ(ဇ) ကျန်းမာရေးကို ထိခိုက်နိူင်စေသော အသက်အန္တရာယ် ဖြစ်စေနိူင်သော အလုပ်၊ လုပ်ငန်းခွင်၏ သဘောသဘာဝ(ဈ) ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ထားသော အခြားအချက်များဒါ့အပြင် ရထိုက်သော အခကြေးငွေ အားလုံးအတွက် တရားမကြောင်းအရ အလုပ်ရှင်ကို တရားစွဲဆိုင်ပိုင်ခွင့်လည်း ရှိပါသေးတယ် (ပုဒ်မ(၁၅)(ခ))။
အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ရဲ့အကျိုး။အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ရှိတာကြောင့် သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ကောင်းမွန်တဲ့သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အလုပ်အကိုင် ဖွံ့ဖြိုးမှု၊ ကြီးထွားမှု ကိုလည်း ဖန်တီးပေးပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်မရှိဘူးဆိုရင် အလုပ်လုပ်ကိုင်ဖို့အတွက် ဝန်ထမ်းတစ်ဦးအနေနဲ့ မက်လုံးမရှိဖြစ်လာမှာပဲ ဖြစ်ပါတယ်။
ကောင်းကျိုးအနေနဲ့ ဝန်ထမ်းတွေကလည်း ပြည်သူတွေပဲ ဖြစ်နေပြီး ဝင်ငွေနိမ့်ပါးနေသူတွေ လက်ထဲကို ဝင်ငွေပိုမို ရရှိစေတဲ့ အကျိုးကြောင့် စားသုံးမှုကဏ္ဍမှာ ပိုပြီး အားကောင်းလာစေမှာ ဖြစ်ပါတယ်။ ဝင်ငွေနိမ့်ပါးတဲ့ လူတန်းစားဆိုတာ ရရှိတဲ့ ငွေကြေး အကုန်နီးပါးကို ပြန်သုံးစွဲရတဲ့ ပြည်သူတွေပဲ မဟုတ်ပါလား။ ဒါ့အပြင် ဥပဒေဘောင်အတွင်းကနေ အလုပ်လုပ်ကြဖို့ကိုလည်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးတာက အားပေးမှု ဖြစ်စေနိူင် ပါတယ်။ ဘယ်သဘောတရားကမှတော့ ပရမတ္ထသစ္စာတွေ မဟုတ်တာကြောင့် အခြေအနေတိုင်းအတွက် သင့်လျော် ကောင်းမွန်နေမှာ မဟုတ်ပါဘူး။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်နဲ့ ပတ်သတ်ပြီးတော့လည်း ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆဆုံးဖြတ်ရတာတွေ ရှိပါတယ်။ သာမန်အားဖြင့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ကိုယ့်စီးပွားရေးလုပ်ငန်း တည်ရှိတဲ့ နိူင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေကို သိရှိ နားလည်ထားရင် လုံလောက်ပါတယ်။ ဒါပေမယ့် ဘောဂဗေဒ ဘာသာရပ် အရတော့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ဟာ မိုက်ခရိုဘောဂဗေဒ အမြင်နဲ့ကြည့်ရင် အတော်ကြီးကို ကျယ်ပြန့်တဲ့ သဘော ရှိပါတယ်။ လုပ်ငန်းရှင်အနေနဲ့တော့ အနည်းဆုံး အခကြေးငွေ ဥပဒေကို သိရှိထားရင် လုံလောက်ပြီ ဖြစ်ပါတယ်။
တကယ်တော့ အနိမ့်ဆုံး လုပ်ခလစာနှုန်းထား သတ်မှတ်ချက်ဟာ သက်ဆိုင်ရာ ပညာရှင်တွေက မက်ခရိုအဆင့် သုံးသပ်ချက်၊ မိုက်ခရိုအဆင့် သုံးသပ်ချက်တွေထုတ်ပြီး ညှိနှိုင်းဆုံးဖြတ်ရတဲ့ ကိစ္စပဲ ဖြစ်တယ်။ ဘောဂဗေဒပညာရှင် မဟုတ်သူအတွက်တော့ အလုပ်သမားအနေနဲ့ မလောက်ငရင် လောက်ငနိုင်လောက်တဲ့ ပမာဏကို တိုးမြှင့်ပေးလိုက်ပေါ့လို့ ရိုးရိုးရှင်းရှင်း တွေးလိုက်တာ ပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက် ဆိုတာ မိုက်ခရိုအဆင့်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်း တွေမှာ ဘယ်လိုသက်ရောက်မလဲ။ နိူင်ငံအဆင့် အတိုင်းအတာနဲ့ မက်ခရိုအဆင့်မှာ ဘယ်လိုသက်ရောက်မလဲ ဆိုတာတွေကို ချိန်ဆရပါတယ်။ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးလိုက်တဲ့ အချက်တစ်ခုတည်းက ဆင်းရဲမွဲတေမှုကို လျော့ချပေးမယ့် အခြေအနမျိုး ဖြစ်နိူင်သလို ဆင်းရဲမွဲတေမှုကို တိုးပွားလာစေမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ ဆိုလိုတာက အနည်းဆုံး လုပ်ခ လစာကို ဥပဒေနဲ့ တိုးမြှင့်ပေးလိုက်တဲ့အခါ စီးပွားရေး လုပ်ငန်းရှင် ဘက်က လုပ်ငန်းဆက်လည်ပတ်နိုင်ရေးအတွက် လုပ်သားအင်အား လျှော့ချဖို့ အဆင့်ကနေ တွက်ခြေမကိုက်လို့ လုပ်ငန်းကို ရပ်ဆိုင်း လိုက်ရတာမျိုးအထိ ဖြစ်သွားနိူင်တဲ့ အတွက်ပါပဲ။
သေချာတဲ့ အချက်ကတော့ အနိမ့်ဆုံးလစာ သတ်မှတ်ချက် ဥပဒေ ရှိတာက မိုက်ခရိုဘောဂဗေဒအမြင်နဲ့ ကြည့်မယ်ဆိုရင် စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပထမဆုံး ပြောရမယ့်အချက်က စီးပွားရေးလုပ်ငန်း တည်ဆောက်မှုပုံစံ ခိုင်မာစေတဲ့ အချက်ပါပဲ။ ဥပမာ ပြောရရင် လုပ်ငန်းတစ်ခုရဲ့ အောက်ခြေအဆင့် ဝန်ထမ်းအတွက် အနိမ့်ဆုံး လုပ်ခလစာငွေကို ဥပဒေအရ သတ်မှတ်ပေးလိုက်တာကြောင့် လုပ်ငန်းတည်ဆောက်ပုံမှာ ကျန်တဲ့ ဝန်ထမ်းအဆင့်ဆင့်ရဲ့ လစာခံစားခွင့်ကို ခိုင်ခိုင်မာမာ ရေးဆွဲလို့ ရသွားပါတယ်။ ဒါ့အပြင် သတ်မှတ်ကြေးတစ်ခုကို ဥပဒေအရ ပြဋ္ဌာန်းပေးထားတာကြောင့် လုပ်ငန်းရှင်နဲ့ ဝန်ထမ်းအကြားမှာ သတ်မှတ်စံနှုန်းမရှိတဲ့အပေါ် မူတည်ပြီး အပြန်အလှန် ညစ်ကပ်ကပ် လုပ်စရာလည်း မလိုအပ်တော့ပါဘူး။ နိူင်ငံအဆင့် မက်ခရိုဘောဂ သုံးသပ်ချက် မှာတော့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ဟာ အလုပ်လက်မဲ့ ပြဿနာတွေကို ထိန်းချုပ်နိူင်မယ့် လုပ်ဆောင်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။