သုတ

လူတိုင်း နေရာတိုင်း အရည်အသွေးရှိမှ လူတကာ နေရာတကာမှာ အရည်အသွေးရှိမှ

By HapEye.net

May 31, 2020

ကျွန်မအနေနဲ့ ရန်ကုန်ခရီးသွားဂျာနယ်မှာ ပထမဆုံး “အရည်အသွေးဆိုတာ ဘာလဲ” ဆိုတဲ့ ဆောင်းပါးကို တင်ပြခဲ့ပြီး ဒုတိယအနေနဲ့ “အရည်အသွေးကို ဘယ်လိုတိုင်းတာမလဲ” ဆိုတဲ့ ဆောင်းပါးကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့ ဂျပန်နိုင်ငံရဲ့ အရည်အသွေးအနေအထားကို ရှင်းပြလိုပါတယ်။

ဟိုအရင်က ဂျပန်ပစ္စည်းတွေဟာ အခု တရုတ်ပြည်က မြန်မာပြည်ထဲကို ဝင်နေတဲ့ ပစ္စည်းတွေနဲ့ အတူတူပါပဲ။ ဈေးပေါတယ်။ အရည်အသွေး မကောင်းဘူး။ ဒါကြောင့် အနောက်နိုင်ငံတွေက ပြောင်ကြတယ်။ ဘယ်လိုပြောင်ကြလဲဆိုတော့ ‘Made In Japan’ ပစ္စည်းဆိုရင် ကလေးကစားစရာလို ပစ္စည်းကိုတောင် ကုန်တိုက်ကနေဝယ်လာလို့ အိမ်ရောက်တဲ့အခါ ကလေးကစားလို့ရရင် ဒါဟာ တော်တော်ကောင်းတဲ့ပစ္စည်းပဲလို့ ပြောင်ကြတယ်။ ပစ္စည်းက ဝယ်လာရင်းကို ပျက်တတ်တယ်။ ဒါဟာ တကယ့်အဖြစ်အပျက်ပဲ။

ဒါပေမယ့် ကမ္ဘာစစ်ကြီးပြီးတော့ သူတို့ အဲဒီလိုအဝေဖန်ခံရတာကို မကျေနပ်တဲ့စိတ်၊ မခံချင်တဲ့စိတ်တွေကြောင့် အမျိုုးသားရေးလှုပ်ရှားမှု အသွင်နဲ့ သူတို့ရဲ့ ထုတ်ကုန်အရည်အသွေးကို သူတို့မြှင့်တင်ကြိုးစားလိုက်ကြတာ အခုခေတ်ကျတော့ ‘Made In Japan’ ဆို အရည်အသွေး မကောင်းပါဘူးလို့ ပြောနိုင်တဲ့သူ မရှိတော့ဘူး။ ‘Made In Japan’ ကိုယ်တိုင်က အရည်အသွေးဖြစ်လာတယ်။ ဂျပန်ပြည်က ထုတ်လုပ်တဲ့ မော်တော်ကား၊ ကင်မရာ၊ လျှပ်စစ်ပစ္စည်း၊ လက်ကိုင်ဖုန်း အစရှိတဲ့ ပစ္စည်းတွေကို ဘယ်သူကမှ၊ ဘယ်နိုင်ငံကမှ အရည်အသွေးမရှိဘူးလို့ ပြောမယ့်သူမရှိတော့ဘူး။ ဂျပန်ပစ္စည်းဟာ အရည်အသွေးနဲ့ ပက်သက်လာရင် ထိပ်တန်းဖြစ်လာတယ်။ ဒီကိစ္စဟာ အင်မတန် အတုယူစရာကောင်းပါတယ်။ ဂျပန်တစ်နိုင်ငံလုံးက ဂျပန်ပြည်သူတွေဟာ အမျိုးသားစိတ်ဓာတ်နှင့် သူတို့ကို လှောင်ပြောင်ခဲ့တာကို ချေဖျက်ပြီး ထိပ်တန်းကို တက်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ကိစ္စကိုပြောရာမှာ ဂျပန်တွေဟာ သူတို့ရဲ့ အရည်အသွေးကို အားလုံး တစ်နိုင်ငံလုံး ဂျပန်လူမျိုးတစ်ရပ်လုံး ပါဝင်ပြီး သူတို့က အများက သရော်တာကို ရပ်သွားအောင် ဆောင်ရွက်ခဲ့တယ်။

ဒီနေရာမှာ အရည်အသွေးတည်ဆောက်ခြင်း Quality Control ဆိုတဲ့ စကားအဓိပ္ပာယ်ကို သတ်မှတ်တဲ့အခါမှာ ကောင်းအောင်၊ အရည်အသွေးရှိအောင် ဆောင်ရွက်ရာမှာ လူတိုင်းပါဝင်မှ ကောင်းလာမှာ၊ အစိတ်အပိုင်းအားလုံး ပါဝင်မှ ကောင်းခြင်းလက္ခဏာရမှာဆိုတာကို သတိပြုဖို့ လိုပါတယ်။ လူတိုင်းဆိုရာမှာလည်း လူတကာ၊ နေရာတကာ၊ ဘယ်ဌာန၊ ဘယ်အစိတ်အပိုင်း၊ ဘယ်ကဏ္ဍမဆို ပါဝင်မှ တကယ့်အရည်အသွေးဆိုတာ ဖြစ်နိုင်မှာဆိုတာကို သတိထားဖို့လိုပါတယ်။

ဥပမာပြောရရင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(မထသ)ရဲ့ အရည်အသွေးကို မြှင့်တင်မယ်ဆိုပါစို့၊ ယာဉ်မောင်းအချို့၊ စပယ်ယာအချို့ကောင်းရုံနဲ့ မထသလို ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ပိုင်ရှင်ရော၊ ယာဉ်မောင်းရော၊ စပယ်ယာရော၊ မထသဝန်ထမ်း ဟူသမျှ ဥက္ကဋ္ဌကအစ အောက်ခြေအဆင့် ဝန်ထမ်းအားလုံး အကုန်ကောင်းမှ မထသကို အရည်အသွေးရှိတယ်လို့ ပြောလို့ရပါမယ်။

အရည်အသွေးဆိုတာဟာ လူအားလုံး All people၊ နေရာတကာမှာ လူတကာက အရည်အသွေးရှိပါမှ ဒါကို အရည်အသွေးရှိတာလို့ ခေါ်တာပါ။ လူတစ်ယောက်စ နှစ်ယောက်စ၊ လူတစ်ဝက်လောက်ဖြစ်စေ၊ ကားလိုင်းတစ်ဝက်လောက်ဖြစ်စေ အရည်အသွေးရှိရုံနဲ့ အရည်အသွေးရှိပြီလို့ မဆိုနိုင်ပါဘူး။

နေရာတိုင်း၊ လူတိုင်းပါဝင်မှ အရည်အသွေးဖြစ်မှာပါ။

ဥပမာ ကျွန်မတို့ရဲ့ အရည်အသွေးထိန်းချုပ်မှုလုပ်ငန်းကို ကြည့်မယ်ဆိုရင် အရည်အသွေးထိန်းချုပ်မှုဌာနဆိုတာ ရှိတယ်။ ‘Qufality Control Department’ ဆိုတာ ရှိတယ်။ အဲဒီဌာနက လူတွေက ဘာလုပ်လဲဆိုတော့ စက်ရုံကထွက်လာတဲ့ ပစ္စည်းတွေကို နမူနာကောက်ယူတယ်။ နမူနာယူပြီး စံချိန်စံညွှန်းမီလား မမီလားဆိုတာကို စစ်ဆေးတယ်။ အဲဒီအရည်အသွေးထိန်းချုပ်မှုဌာနက အရည်အသွေးရှိတဲ့ပစ္စည်းတွေကို ထုတ်လုပ်ခွင့် Pass ပြုပြီး အရည်အသွေးမမီတဲ့ ပစ္စည်းတွေကို ဘေးဖယ်ထားလိုက်တယ်။ အဲဒီနောက်မှာတော့ သူတို့စစ်ဆေးတဲ့ပစ္စည်းထဲက အရည်အသွေးကောင်းတဲ့ပစ္စည်း ဘယ်နှစ်ခုရတယ်ဆိုတာကို ရာခိုင်နှုန်းနဲ့ တွက်တယ်။ ဒါဟာအရည်အသွေးကို ထိန်းချုပ်တာမဟုတ်ဘဲ အရည်အသွေး စစ်ဆေးတာပဲဖြစ်တယ်။ ဒီဌာနဟာ မိမိတို့စက်ရုံက သတ်မှတ်ထားတဲ့ စံနဲ့ညီမညီ စစ်ဆေးတာပဲဖြစ်တယ်။ အရည်အသွေးရှိအောင် တည်ဆောက်ထိန်းချုပ်တာ မဟုတ်ဘူး။

ကျွန်မတို့ အခုတင်ပြတာက အရည်အသွေးတည်ဆောက်တာကို တင်ပြတာပါ။ ဂျပန်နိုင်ငံကစပြီး အရည်အသွေးဆိုတဲ့ အဓိပ္ပာယ်ကို သတ်မှတ်ရာမှာ –All People = လူအားလုံးAll Area = နေရာတကာမှာ လို့ ပြောတာပါ။ အရည်အသွေးစစ်ဆေးနေရာ ဌာနတစ်ခုထဲမှာလို့ မပြောခဲ့ပါဘူး။

အရည်အသွေးတည်ဆောက်ရာမှာ ထိပ်ဆုံးက ဥက္ကဋ္ဌ၊ မန်နေဂျာအပါအဝင် ကြီးကြပ်ရေးမှူးတွေ၊ လက်တွေ့အကောင်အထည်ဖော်သူတွေ အားလုံး ပါဝင်မှ အရည်အသွေးမြင့်တက်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက အရည်အသွေးတည်ဆောက်ရာမှာ “Top Management” မှအစ ‘Supervisor, Manager, Worker’ လူတိုင်း ပါဝင်ရပါမယ်။

ဒါလောက်နဲ့ မလုံလောက်သေးပါဘူး။ All Area နေရာတိုင်း၊ နေရာတကာမှာဆိုတဲ့အတွက် ဈေးကွက်သုတေသနဌာနတွေ၊ ဒီဇိုင်းဌာန၊ ပစ္စည်းထုတ်လုပ်တဲ့ဌာန စသည်ဖြင့် –– Market Research– Design– Production– Manufacturingစတဲ့ ဧရိယာတွေမှာလည်း အရည်အသွေးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ အရည်အသွေးဟာ တစ်နေရာတည်းကောင်းရုံနဲ့ အရည်အသွေးလို့ မခေါ်နိုင်ပါဘူး။ အရည်အသွေးကို တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ တည်ဆောက်လို့မရပါဘူး။ အားလုံးပါဝင်ပြီးမှ တည်ဆောက်နိုင်ပါမယ်။

မထသအဖွဲ့အစည်းအနေနဲ့ အရည်အသွေးကို တည်ဆောက်မယ်ဆိုရင် မထသက ရုံးဝန်ထမ်းတွေ အရည်အသွေးရှိရုံသာမက ပိုင်ရှင်လည်း အရည်အသွေးရှိမှ၊ မော်တော်ကားတွေလဲ အရည်အသွေးရှိမှ၊ ယာဉ်မောင်းနဲ့ စပယ်ယာလည်း အရည်အသွေးရှိမှ၊ ဂိတ်ရင်းက ဂိတ်ဖျားအထိ မှတ်တိုင်တိုင်းမှာလဲ အရည်အသွေးရှိမှ၊ အစ အလယ် အဆုံး အရည်အသွေးရှိမှ၊ လမ်းမှာရှိတဲ့ အမှတ်အသားတွေ၊ လမ်းတွေသာမက ခရီးသည်တွေလည်း အရည်အသွေးရှိမှ၊ လူတကာ၊ နေရာတကာ၊ လူတိုင်း၊ နေရာတိုင်း အရည်အသွေးတည်ဆောက်နိုင်မှ အရည်အသွေးဖြစ်ပေါ်လာမယ်ဆိုတဲ့ ကိစ္စကို ဆွေးနွေးတင်ပြရတာ ဖြစ်ပါတယ်။

ဒေါက်တာနုနုယဉ် ရေးသားသော အရည်အသွေးဆိုတာ ဘာလဲ စာအုပ်မှ ကူးယူဖော်ပြသည်။